မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူလူထုသည် တစ်နိုင်ငံ လုံးလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိပြီး ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝမြှင့်တင်ရေးသည် အဓိကကျသော လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ ကျေးလက်နေအခြေခံလူတန်းစား ၂ ရပ်ဖြစ်တဲ့ တောင်သူလယ်သမားလူတန်းစားနှင့် အလုပ်သမားလူတန်းစားနှစ်ရပ်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ပါတယ်။ ယနေ့ မြန်မာနိုင်ငံသည် နိုင်ငံရေး အရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း တည်တည်ငြိမ်ငြိမ်ဖြစ်အောင် စွမ်းဆောင်နေသော နိုင်ငံ့ခေါင်းဆောင်အချို့သည် ကျေးလက်ဒေသတွင် နေထိုင်ခဲ့ဖူးသော ပညာတတ်လူငယ်များဖြစ်ကြပါတယ်။ အနာဂတ်တွင်လည်း နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည့် မျိုးဆက်သစ်လူငယ်များသည် ကျေးလက်နေ ပြည်သူထဲက မဖြစ်လာဘူးလို့ မပြောနိုင်ပါ။ ယနေ့ နိုင်ငံ့ခေါင်းဆောင်များတွင်လည်း အများအားဖြင့် ကျေးလက်နေပြည်သူလူထုထဲကဖြစ်နေကြောင်း သမိုင်းကြောင်းအရတွေ့ရှိရပါတယ်။ မိမိနေထိုင်ရာ ဒေသမှ ကျေးလက်နေပညာတတ်သူများသည် မိမိဒေသ ဌာနဆိုင်ရာအသီးသီးမှာပဲ နိုင်ငံ့ဝန်ထမ်း အဖြစ် ပြန်လည်ထမ်းဆောင်ခွင့်ရရှိပါက ဖြစ်ပေါ်လာမယ့် အကျိုးကျေးဇူးများသည် နိုင်ငံတော်အတွက် သော်လည်းကောင်း၊ ပြည်သူအတွက်သော်လည်းကောင်း ပိုမိုပြီးထိရောက်မယ်လို့ တင်ပြလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မူလတန်းကျောင်းတွင် လာမယ့်ပညာသင်နှစ်မှ စတင်ပြီး မူလတန်းပြ ဆရာ ဆရာမအသစ်များကို မိမိနေထိုင်ရာမြို့နယ်အတွင်းသာ ဦးစားပေးတာဝန်ပေး ခန့်အပ်ရန်အတွက် စီမံကိန်းချဆောင်ရွက်နေသည်ကို တွေ့ရှိရပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုတဲ့ စကားပါအတိုင်း အစစအရာရာပိုမိုအဆင်ပြေပြီး ဒေသခံပြည်သူများအတွက် ဝမ်းသာစရာ သတင်းကောင်း ဖြစ်ပါတယ်။ အဓိကအားသာချက်ကတော့ ခွင့်ယူပြီးပြန်စရာမလိုတော့ဘဲ မိမိလုပ်ငန်း ကိုဖိဖိစီးစီးနှင့် အချိန်ပြည့်ဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုပြီးအကျိုးကျေးဇူးများများစွာ ပေါ်ပေါက်လာ နိုင်ပါတယ်။ အလားတူပင် အခြားသောဌာနဆိုင်ရာများမှာလည်း မိမိဒေသမှပညာတတ်လူငယ် များအား မိမိဒေသတွင် အလုပ်ခန့်ထားပါက အင်မတန်သင့်မြတ်ပြီးကောင်းမွန်တဲ့ အစီအစဉ်ဖြစ် ပါကြောင်း၊ နိုင်ငံတော်ျ၏ အကျိုးစီးပွားပိုမိုပြီးဖြစ်ထွန်းမည်ဖြစ်ပါကြောင်း တင်ပြပြောကြားလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးဌာန ဆေးသိပ္ပံ ဦးစီးဌာနသည် ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှ ဒေသခံလူငယ်များအတွက် အထူးကိစ္စရပ်အဖြစ် ကျိုင်းတုံမြို့ သားဖွားသင်တန်း ကျောင်းအပတ်စဉ် (၁၀) သို့ တက်ရောက်ရန်စီစဉ်ပေးခဲ့ပါတယ်။ ထိုကျိုင်းတုံမြို့သားဖွားသင်တန်း ကျောင်းသို့ ရှမ်းပြည်အရှေ့ပိုင်းဒေသမှ ဒေသခံလူငယ် ၄ ဦးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံလူငယ် နောင်ချိုမြို့တစ်ဦး၊ သီပေါမြို့ တစ်ဦး၊ နမ္မတူမြို့ တစ်ဦး၊ တန့်ယန်းမြို့ တစ်ဦး၊ လားရှိုးမြို့ တစ်ဦး၊ သိန္နီမြို့ သုံးဦးစသည့် သင်တန်းသူ ၁၂ ဦးတို့ကို အပတ်စဉ်(၁၀) သားဖွားသင်တန်း တက်ရောက်ခဲ့၍ ၂၀၀၉ ခုနှစ်မှာ အောင်မြင်စွာ သင်တန်းတက်ရောက်နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ သင်တန်းသူလေးဦးသည် ဝန်ထမ်းအလုပ်လျှောက်ထားရာတွင် အလုပ်ခန့်ထားပြီး နိုင်ငံတော်ျ၏တာဝန်ကိုထမ်းဆောင်နေပါတယ်။ သို့ရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ သင်တန်းသူ ရှစ်ဦးသည် နိုင်ငံ့တာဝန်များကို ထမ်းဆောင်လိုပါသဖြင့် အလုပ်လျှောက်ထားပါသော်လည်း နိုင်ငံ့ဝန်ထမ်းခန့်အပ်ထားနိုင်ခြင်းမရှိခဲ့ပါ။ နိုင်ငံတော်အတွက် ပညာတတ်လူသားအရင်းအမြစ် ဆုံးရှုံးမှုဖြစ်နေရပါတယ်။ ဒေသခံတိုင်းရင်းသူများဖြစ်တဲ့ သူနာပြုသားဖွားသင်တန်းဆင်း ရှစ်ဦးသည် သားဖွားဆရာမအဖြစ်နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခွင့်ရရှိရေးအတွက် မျှော်လင့်နေပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်မေးမြန်းလိုသည့် မေးခွန်းမှာ (၁) အထူးကိစ္စရပ်အဖြစ် ၂၀၀၈ ခုနှစ် ကျိုင်းတုံ သူနာပြု သားဖွားသင်တန်းအပတ်စဉ် (၁၀) သို့ တက်ရောက်အောင်မြင်ခဲ့သော သားဖွားဆရာမများ သည် အစိုးရဝန်ထမ်းခန့်ထား အသိအမှတ်ပြုရန် အစီအစဉ်ရှိ၊ မရှိသိလိုပါတယ်။ (၂) ဒေသခံ တိုင်းရင်းသားဝန်ထမ်းများအား မိမိဒေသတွင်တာဝန်ထမ်းဆောင်ခွင့်ရရှိရေးအတွက် ဦးစားပေးမည့် အစီအစဉ်ရှိ၊/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျိုင်းတုံမြို့ သားဖွားသင်တန်းကျောင်း အပတ်စဉ် (၁၀)က ၂၀၀၈ ခုနှစ်မှာ တက်ပြီးတော့ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလမှာ အောင်မြင်သွားတဲ့ သားဖွားဆရာမများကို ကျွန်တော်တို့အနေနဲ့ ကျိုင်းတုံက သင်တန်းဆင်းများကို နေရာလစ်လပ်မှုရှိတဲ့အတွက် ကျွန်တော်တို့ခန့်ထားပေးပြီးဖြစ်ပါတယ်။ အခု ရှမ်းပြည်နယ်မြောက်ပိုင်း မှာ အဲဒီအချိန်တုန်းက နေရာလပ်မရှိတဲ့အတွက် ကျွန်တော်တို့ ခန့်ထားနိုင်ခြင်းမရှိပါဘူး။ အခု ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း နေရာလပ်ပေါ်ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒီ ၈ ဦးစလုံးကို လာမယ့် ၁ လအတွင်းမှာ ကျွန်တော်တို့ ခန့်ထားပေးဖို့ စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။ နောက် ဒုတိယမေးခွန်းနဲ့ ပတ်သက်လို့ကတော့ ခုနက ကိုယ်စားလှယ်တော်ကြီး အမိန့်ရှိသွားတဲ့အတိုင်းပဲ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာဒေသကပဲ အောင်မြင်တဲ့ကလေးတွေကိုပဲ သူနာပြုသင်တန်းတက်ခွင့်ပြုတာဖြစ်ပါတယ်။ သားဖွားသင်တန်း တက်ခွင့်ပြုတာဖြစ်ပါတယ်။ ပြီးရင်လည်းပဲ သူတို့ရဲ့ဒေသမှာ လစ်လပ်မှုပေါ်မှာမူတည်ပြီးတော့ ဒီဒေသ က ကလေးတွေကိုပဲ ကျွန်တော်တို့ခန့်ထားပေးနေတဲ့အတွက် ခုနက ကိုယ်စားလှယ်တော်ကြီး ဆွေးနွေးသွားတဲ့မူနဲ့ပဲ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
