(စ)-ဥတိုစိုက်ကွင်းကြီးတစ်ခုလုံးကို ဆက်လက်လုပ်ကိုင်ရန်အစီအစဉ်များနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၂၇.၂.၂၀၁၃)

 

တိုက်ကြီးမြို့နယ်၊ ဥတိုကျေးရွာမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးပိုင် ဥတိုစိုက်ကွင်းကြီး ရှိပါတယ်။ အဲ့ဒီ စိုက်ကွင်းတည်နေရာဟာ ယခင်က ကိုင်းတောကြီးဖြစ်ပြီးတော့ မြေနိမ့်ကွင်းတွေလည်း ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်ကစပြီးတော့ ဒီ ကိုင်းတောကြီးကိုရှင်းလင်းပြီးတော့ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးတော့ စိုက်ပျိုး မြေဧက ၈၁၆၅ ဧကကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၎င်းအပြင် စိုက်ပျိုးရေးစခန်းများအဖြစ် ဥတိုစိုက်ပျိုး ရေးစခန်း၊ ကြာအင်းစိုက်ပျိုးရေးစခန်း၊ အင်းတွင်းကြီးစိုက်ပျိုးရေးစခန်း၊ ဇီးကုန်းစိုက်ပျိုးရေးစခန်း ဆိုပြီးတော့ စခန်းကြီး ၄ ခုကိုလည်း အခိုင်အမာတည်ဆောက်ခဲ့ပြီးတော့ ၇၉၁၀ ဧကပေါ်မှာ စပါးများ ကို စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ၎င်းအပြင် စခန်းများတစ်ခုနှင့် တစ်ခုဆက်သွယ်ရေး၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရေး တိုက်ကြီးမှ ဥတို၊ ဥတိုမှ ကြာအင်း၊ ကြာအင်းမှ တိုက်ကြီးဆိုပြီးတော့ ကုန်ထုတ်လမ်းမကြီးတွေကိုလည်း ဖောက်လုပ်ခဲ့ရပါတယ်။ မိုးရာသီမှာ ရေကြီးနစ်မြုပ်ခြင်းမှ ကာကွယ် ရန်အတွက် ဖော်ထုတ်ပြီးတဲ့လယ်မြေတွေကို တာတွေပတ်ရပါတယ်။ ရေကြီးတဲ့အခါမှာ စိုက်ပျိုး လယ်တွေ၊ စိုက်ပျိုးတဲ့လယ်မြေများအတွင်းသို့ရေများမဝင်ရောက်အောင်ဆိုပြီးတော့ တာတွေပတ်ရပါ တယ်။ မိုးတွင်းအခါမှာ ရေများဝင်ရင် ရေများကိုထုတ်နိုင်ဖို့၊ နွေအခါမှာ လိုအပ်သောရေများ တဘူးလှ ဆည်မြောင်းကနေပြီးတော့ ရေသွင်းနိုင်ဖို့ဆိုပြီးတော့ ဒီတာတွေမှာ ရေသွင်းရေထုတ်ပြွန်တွေကိုလည်း စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရပါတယ်။ ဒါ့အပြင် မျိုးကောင်းမျိူးသန့်များပေါ်ထွက်နိုင်ရန်နှင့် တွက်ချေကိုက်တဲ့စပါးမျိုးတွေကို သုတေသနပြုပြီးတော့ဆောင်ရွက်နိုင်ဖို့ဆိုပြီး Research Centre ကိုလည်းတည်ဆောက်ခဲ့ပါတယ်။ ယခုအချိန်မှာ Research Centre ကြီးဟာ တံခါးတွေပိတ်ပြီးတော့ တော်တော်လေးတောင်ပျက်စီးနေပြီဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးပြီးတဲ့စပါးတွေကို ကြိတ်ခွဲနိုင်ဖို့ အတွက်ကိုလည်း အဲ့ဒီမှာ ခေတ်မီတဲ့ဆန်စက်တစ်ခုကိုလည်းတည်ဆောက်ခဲ့ပါတယ်။ ဒါတွေကတော့ ခုနက ကျွန်တော်ပြောသလို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေပြီးတော့ ငွေတွေကို မြောက်မြားစွာအကုန်အကျခံပြီးတော့ တည်ဆောက်ခဲ့တဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်။ ဒီလိုအကုန်အကျခံပြီးတော့ တည်ဆောက်ခဲ့တဲ့နေရာမှာ ၂၀၀၃ ခုနှစ်ကစပြီးတော့ လုပ်ငန်းတွေဟာ ရပ်ဆိုင်းခဲ့တာ ယခုအချိန်အထိပါပဲ။ အချို့နေရာတော်တော် များများတွေမှာ ကိုင်းတောတွေလည်းပြန်ပေါက်နေပါပြီ။ စိုက်ပျိုးလို့ရတဲ့ဧက ၁၀၀၀ လောက်မှာတော့ နီးစပ်ရာကျေးရွာတွေက လယ်ယာစိုက်ပျိုးလုပ်ကိုင်လိုသော လယ်သမားတွေက  စပါးပေးပေးပြီးတော့ စိုက်ပျိုးနေကြတယ်။ စပါးပေးဆိုတာ တစ်ဧကကို စပါးတင်းရေ ၅ တင်းပေးရပါတယ်။ ဒါတွေက ဧက ၁၀၀၀ ကျော်လောက်တော့ရှိပါတယ်။ ဒါကြောင့်မို့လို့ အခုလိုငွေကြေးတွေမြောက်မြားစွာအကုန်အကျ ခံပြီးတော့ စနစ်တကျဖော်ထုတ်ထားတဲ့စိုက်ကွင်းကြီးမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနဲ့ အသိပညာရှင်အတတ်ပညာရှင်များ၊ ငွေကြေးတတ်နိုင်၍ စိတ်ဝင်စားသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ဝန်ကြီးဌာနများပူးပေါင်းပြီးတော့ လယ်ယာမြေတွေကို အမြန်ဆုံး ပြန်လည်ဖော်ထုတ်ပြုပြင်ပြီး တွက်ချေကိုက်သောစပါးမျိုးများကို  သုတေသနပြု၍စိုက်ပျိုးလုပ်ကိုင် မည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ပါသောကြောင့် ကျွန်တော့်အနေနဲ့ အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါသည်-

          (၁)     ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဥတိုစိုက်ကွင်းကြီးတစ်ခုလုံးကို ဆက်လက်လုပ်ကိုင်ရန် အစီအစဉ်ရှိ/မရှိ၊ 

          (၂)     ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အစီအစဉ်ရှိ၊ မရှိ။

          (၃)     လယ်ယာစိုက်ပျိုးရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် လွှဲပြောင်းဆောင်ရွက်ခြင်းများလုပ်ကိုင်ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိတို့ကို နိုင်ငံတော်၏ အကျိုးငှာ သိရှိလိုပါ၍ မေးမြန်းပါသည်။


ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည်ဥတို၊ ကြာအင်းဒေသများရှိ ရေနက်ကွင်း ဧရိယာများအား နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ စိုက်ပျိုးရေးလုပ်ငန်းမဖြစ်ထွန်းသည့် မြေလွတ်၊ မြေရိုင်းများအား နိုင်ငံတော်၏ အကျိုးဖြစ်ထွန်းစေမည့် လယ်ယာမြေများ၊ ငါးကန်များပြန်လည်ဖော်ထုတ် ဆောင်ရွက်သွားရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဥတို၊ ကြာအင်းဒေသရှိ မြေလွတ်၊ မြေရိုင်းများ အား လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စက်ရုံနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဥတိုစိုက်ပျိုးမွေးမြူရေးစခန်းအား ၁၉၉၈ ခုနှစ်တွင် ဧရိယာ ၄၁၁၆.၃၆ ဧကဖြင့်လည်းကောင်း၊ ကြာအင်းစိုက်ပျိုးမွေးမြူရေးစခန်းအား ၁၉၉၉ ခုနှစ်တွင် ဧရိယာ ၂၂၉၆.၈၃ ဧကဖြင့်လည်းကောင်း၊ ဇီးကုန်းစိုက်ပျိုးမွေးမြူရေးစခန်းအား ၂၀၀၀ ခုနှစ်တွင် ဧရိယာ ၁၁၇၅.၄၁ ဧကဖြင့်လည်းကောင်း၊ အင်းတွင်းကြီးစိုက်ပျိုးမွေးမြူရေးစခန်းအား ၂၀၀၁ ခုနှစ်တွင် ဧရိယာ ၁၀၄၉.၉၄ ဧကဖြင့်လည်းကောင်း စုစုပေါင်းဧရိယာ ၈၆၃၈.၅၄ ဧကအား ရင်းနှီးမြှုပ်နှံ ဖော်ထုတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

စခန်းများအလိုက် စတင်အကောင်အထည်ဖော်ခဲ့သည့်နှစ်မှစတင်၍ ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေး နှစ်အထိ ဥတိုစိုက်ပျိုးမွေးမြူရေးစခန်းမှ ဝင်ငွေကျပ်သိန်း ၁၃၂၉၅.၁၈သိန်း၊ ကြာအင်းစိုက်ပျိုး မွေးမြူရေးစခန်းမှဝင်ငွေကျပ်သိန်း ၁၂၇၃.၀၈ သိန်း၊ အင်းတွင်းကြီးစိုက်ပျိုးမွေးမြူရေးစခန်းမှ ဝင်ငွေကျပ်သိန်း ၅၁၃.၂၈ သိန်း၊ ဇီးကုန်းစိုက်ပျိုးမွေးမြူရေးစခန်းမှဝင်ငွေကျပ်သိန်း ၁၅၈၂၆.၈၂ သိန်း ရရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်တွင် လုပ်ငန်းများရပ်ဆိုင်းသွားခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ်မှ ယနေ့အထိ ၉ နှစ်အတွင်း ဥတိုစိုက်ပျိုးမွေးမြူရေးစခန်းမှ ဝင်ငွေ ကျပ်သိန်း ၂၇၅၈၈.၄၃ သိန်း၊ ကြာအင်းစိုက်ပျိုးမွေးမြူရေးစခန်းမှဝင်ငွေကျပ်သိန်း ၃၁၆၅.၆၉ သိန်း၊ အင်းတွင်းကြီးစိုက်ပျိုးမွေးမြူရေးစခန်းမှဝင်ငွေကျပ်သိန်း ၅၅၂.၈၂ သိန်း၊ ဇီးကုန်းစိုက်ပျိုး မွေးမြူရေး စခန်းမှ ဝင်ငွေကျပ်သိန်း ၇၉၈.၄၉ သိန်း၊ စုစုပေါင်းဝင်ငွေကျပ်သိန်း ၃၂၁၀၅.၄၂ သိန်းရရှိခဲ့ပါတယ်။ ဥတို၊ ကြာအင်းဒေသရှိစိုက်ပျိုးရေးစခန်း ၄ ခုသည် စတင်အကောင်အထည်ဖော်ခဲ့သည့် နှစ် ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်အထိ ဝင်ငွေကျပ်သိန်း ၁၅၈၂၆.၈၂ နှင့် ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေး နှစ်မှ ယနေ့အထိဝင်ငွေကျပ်သိန်း ၃၂၁၀၅.၄၂ သိန်းဖြစ်ပါ၍ စခန်းများစတင်တည်ဆောက်စဉ်မှ ယနေ့အထိ စုစုပေါင်းဝင်ငွေမှာကျပ်သိန်း ၄၇၉၃၂.၂၄ သိန်းဖြစ်ပါသဖြင့် ထိုက်သင့်သော အကျိုးကျေးဇူးများရရှိခဲ့ပြီးဖြစ်ပါ၍ ဥတိုကြာအင်းဒေသရှိ စိုက်ပျိုးရေးစခန်း ၄ ခုအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါ တယ်။

ဆက်လက်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင်‌့ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အစီအစဉ် ရှိ/မရှိဆိုတဲ့မေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ဥတို၊ ကြာအင်း၊ အင်းတွင်းကြီး၊ ဇီးကုန်းစိုက်ပျိုးမွေးမြူရေးစခန်းများစတင်တည်ဆောက်စဉ်မှ ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်အထိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကော်မတီမှဝန်ထမ်းများဖြင့်စိုက်ပျိုးမွေးမြူ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ်မှစ၍ စိုက်ပျိုးရေးလုပ်ငန်းများအား စခန်း ၄ ခုမှ မိုးစပါး ၁၉၁၆.၅ ဧက၊ နွေစပါး ၄၆၀ ဧက၊ ဆောင်းသီးနှံမတ်ပဲ ၂၈၆ ဧကတို့အား ဒေသခံတောင်သူ လယ်သမားများနဲ့အကျိုးတူပူးပေါင်းစိုက်ပျိုးလုပ်ကိုင်လျက်ရှိပါတယ်။ အလားတူ ငါးမွေးမြူရေး လုပ်ငန်းအား စခန်း ၄ ခုမှ ငါးကန် ၉၃ ကန်၊ ဧရိယာ ၁၁၉၆.၅၆ ဧကအား ပုဂ္ဂလိကငါးလုပ်ငန်းရှင် ၁၅ ဦးဖြင့် အကျိုးတူပူးပေါင်းမွေးမြူလုပ်ကိုင်လျက်ရှိပါကြောင်းနှင့် ဥတိုစိုက်ပျိုးမွေးမြူရေးစခန်းရှိ အပန်းဖြေလုပ်ငန်း၊ ဟိုတယ်နှင့် ဂေါက်ကွင်းအား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး ဆက်လက်၍လည်း လုပ်ကိုင်လိုသူပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် ဒေသခံတောင်သူလယ်သမားများနဲ့လည်း ဆက်လက်အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။ လက်ရှိအခြေအနေတွင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒေသဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိပြီး ဥတို၊ ကြာအင်းဒေသရှိပြီး ဖော်ပြပါစခန်း ၄ ခုစတင်တည်ထောင်သည်မှ ယနေ့အထိမတည်ရင်းနှီးငွေ ကျပ်စုစုပေါင်းကျပ်သိန်း ၈၂၅၈၁.၀၅ ရှိပြီး ပေးသွင်းပြီးစုစုပေါင်းကျပ်သိန်း ၄၃၈၆၄.၂၃ ရှိ၍ ပေးသွင်းရန်ကျန်ငွေစုစုပေါင်းကျပ်သိန်း ၃၈၇၁၆.၈၂ ဖြစ်ပါတယ်။ မတည်ရင်းနှီးထားသည့်ငွေများ အရင်းကျေပြီးသည်‌့နောက်တွင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆက်လက် လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များမှစိတ်ဝင်စားပါကလည်း ဒေသ ဖွံ့ဖြိုးရေး၊ စီးပွားရေးအရတွက်ချေကိုက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေဖော်ထုတ်ပေးနိုင်မှု များနဲ့ကိုက်ညီပါက ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းများဖြင့် စဉ်းစားဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှင်းလင်းဖြေကြားတာကို တင်ပြခြင်းဖြစ်ပါတယ်။

ဆက်လက်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် လွှဲပြောင်းဆောင်ရွက်ခြင်းများလုပ်ကိုင်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားပါမယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နည်းပညာအကူအညီများကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဝန်ထမ်းများဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ လွှဲပြောင်းလုပ်ကိုင် ဆောင်ရွက်ခြင်းများ ဆောင်ရွက်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။