(ခ)-မောင်တောမြို့နယ်၊ အလယ် သံကျော်ဒေသနှင့် အခြားမြို့နယ်များတွင် စက်မှုလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်နိုင်ရေး စီစဉ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၁.၂.၂၀၁၃)

ကျွန်မတို့ရဲ့ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားပင်လယ်ရေပြင်နဲ့ ဆက်စပ်တည်ရှိပြီးတော့ မြစ်ကြီးများ၊ ချောင်းများပေါများပြီး ပင်လယ်ထွက်ပေါက်များတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။ အနောက်ဘက်ရှိ လူဦးရေအလွန်သိပ်သည်းများပြားသော အိမ်နီးချင်းနိုင်ငံနဲ့ နိုင်ငံ၏ အနောက်ဘက်တစ်လျှောက်မိုင်၂၅၀ ခန့် တစ်ဆက်တည်းတည်ရှိနေပါတယ်။ ရခိုင်ပြည်နယ်၏ လက်ရှိလူဦးရေကိုကြည်‌့ခြင်းအားဖြင့် တိုင်းရင်းသားမဟုတ်တဲ့ တိုင်းတစ်ပါးသားလူဦးရေမှာ အထူး သဖြင့် မောင်တော၊ ဘူးသီးတောင်မြို့နယ်များမှာ တိုင်းရင်းသားလူဦးရေထက်ပိုမိုလွှမ်းမိုးနေတာကို တွေ့ရှိရပါတယ်။ ရသေ့တောင်နှင့် စစ်တွေ၊ ပေါက်တောမြို့နယ်များတွင် တိုင်းရင်းသားများ၏ လူဦးရေ ကိုလွှမ်းမိုးဖွယ်ရာအခြေအနေများလည်းရောက်ရှိနေပါတယ်ရှင်။ တိုင်းတစ်ပါးသားလူဦးရေများပြား တိုးပွားလာတဲ့အတွက် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့တည်ငြိမ်အေးချမ်းမှုကင်းမဲ့တဲ့အခြေအနေ  များလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားများ အပါအဝင် အခြားတိုင်းရင်းသားလူမျိုးများမှာ စုစုပေါင်းကြည့်မယ်ဆိုရင် မြို့နေလူဦးရေ၏ ၅ ရာခိုင်နှုန်းသာရှိနေတာကိုတွေ့ရှိရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းများမရှိခြင်း၊ ဒေသဖွံ့ဖြိုးမှုများ မရှိသလောက်နည်းပါးနေခြင်းတို့ကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ လူဦးရေအင်အားဟာ တဖြည်းဖြည်းလျော့နည်းကျဆင်းလာတာဖြစ်ပါတယ်ရှင်။ မောင်တောမြို့နယ်၊ အလယ်သံကျော်ဒေသ မှာ ကမ်းခြေတစ်လျှောက်သင်္ဘောပြင်ဆင်ခြင်းလုပ်ငန်း၊ သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်း၊ ပင်လယ် ကမ်းနားအပန်းဖြေစခန်းလုပ်ငန်းများနှင့် အခြားသောမြို့နယ်ဒေသများမှာ အထည်ချုပ်လုပ်ငန်း၊ လုပ်သားအင်အားအများအပြားလိုအပ်သော စက်မှုလုပ်ငန်းများကို ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ပေးရန်လိုအပ်လျက်ရှိနေပါတယ်။ ဒီလိုလုပ်ငန်းတွေထူထောင်လာပါမှ အခြားသော မြို့နယ်မှ တိုင်းရင်းသားများကလည်း အလုပ်အကိုင်အတွက် လာရောက်လုပ်ကိုင်အခြေချနေထိုင် လာကြမှာဖြစ်တဲ့အတွက် မောင်တောမြို့နယ်မှာတိုင်းရင်းသားလူဦးရေအချိုးလည်း ပြန်လည်မြင့်တက် လာနိုင်မှာလည်းဖြစ်ပါတယ်။ ပြည်ထောင်စုအနောက်ဘက်တံခါးကို လုံခြုံခိုင်မာစွာကာကွယ်စောင့် ရှောက်ပြီးသားလည်း ဖြစ်သွားပါလိမ့်မယ်ရှင်။ သို့ဖြစ်ပါ၍ မောင်တောမြို့နယ်၊ အလယ်သံကျော်ဒေသ နှင့် အခြားသောမြို့နယ်များတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများလာရောက်လုပ်ကိုင်နိုင်ရေး အတွက် နိုင်ငံတော်မှစီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိကိုသိလိုသည့်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေရဲ့ မောင်တောမြို့နယ်၊ အလယ်သံကျော်ဒေသမှာ ကမ်းခြေတစ်လျှောက် သင်္ဘောပြင်ဆင်ခြင်းလုပ်ငန်း၊ သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်း၊ ပင်လယ်ကမ်းနားအပန်းဖြေ လုပ်ငန်းများနှင့် အခြားသောမြို့နယ်များတွင် အထည်ချုပ်လုပ်ငန်းများ၊ လုပ်သားအင်အား အများအပြားလိုအပ်သော စက်မှုလုပ်ငန်းများကို ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများလာရောက် လုပ်ကိုင်နိုင်ရေး စီစဉ်ပေးရန်အစီအစဉ်ရှိ၊ မရှိသိလိုကြောင်းမေးခွန်းနှင့် ပတ်သက်ပြီးတော့ ရှင်းလင်း ဖြေကြားသွားမှာဖြစ်ပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ပင်လယ်ကူးနိုင်ငံတကာ သင်္ဘောကြီးများဝင်/ထွက်ဆိုက်ကပ်ရာဆိပ်ကမ်းမြို့များတွင် ဆိပ်ကမ်းနယ်နိမိတ်များသတ်မှတ်ပြီးတော့ ဆိပ်ကမ်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာမှာ ရခိုင်ပြည်နယ်မှာဆောင်ရွက်လျက်ရှိတဲ့ဆိပ်ကမ်းတွေကတော့ စစ်တွေဆိပ်ကမ်း၊ ကျောက်ဖြူဆိပ်ကမ်း နှင့် သံတွဲဆိပ်ကမ်းတို့ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် စက်ရှိ၊ စက်မဲ့ရေယာဉ်များပြင်ဆင်ခြင်း၊ ရေယာဉ်တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကြီးကြပ်မှုအောက်မှာ စစ်တွေသင်္ဘောကျင်းတွင်ဆောင်ရွက်လျက်ရှိကြောင်း ကိုလည်းသိရပါတယ်။ မောင်တောဒေသ၊ အလယ်သံကျော်ဒေသမှာ ကမ်းခြေတစ်လျှောက် သင်္ဘော‌ပြင်ဆင်ခြင်းလုပ်ငန်းများ၊ သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်းများ၊ အထည်အချုပ်လုပ်ငန်းများ၊  လုပ်သားအင်အားအများအပြားလိုအပ်သော စက်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် အထူးစီးပွားရေးဇုန် သို့မဟုတ် စက်မှုဇုန်အသွင်တည်ဆောက်ရန် လိုအပ်သောမူဝါဒများချမှတ်ပြီး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားရန်လိုအပ်ပါကြောင်းတင်ပြလာပါတယ်။ ဒီကိစ္စ နှင်ပတ်သက်ပြီး ပြည်တွင်းပြည်ပမှရင်းနှီးမြှုပ်နှံမှုများပြုလုပ်လိုသူများကို ဖိတ်ခေါ်တဲ့နေရာမှာ လုပ်ငန်းဆောင်ရွက်မည့်ဒေသရဲ့ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မည့်ကုန်ချော ပစ္စည်းများအား ပြည်တွင်းပြည်ပသို့ပြန်လည်တင်ပို့ရောင်းချနိုင်မှု၊ စီးပွားရေးအရတွက်ချေကိုက်မှု အလားအလာရှိ၊ မရှိတို့ကို သိရှိနိုင်ရေးအတွက်လိုအပ်သော Feasibility Study အားပြုလုပ် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လည်း စီးပွားရေးတွက်ချေကိုက်မှုရှိမှသာလျှင် လာရောက်ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ရခိုင်ပြည်နယ်တွင် ရေယာဉ်များပြင်ဆင်ရေးအတွက်လည်း စစ်တွေသင်္ဘောကျင်း တစ်ခုတည်းနဲ့လုံလောက်မှုရှိကြောင်းကိုလည်း လေ့လာတွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ဒေသမှာ ပင်လယ်ကမ်းခြေမှာသာယာလှပသော်လည်း လက်ရှိ အခြေအနေမှာသွားလာလည်ပတ်ရန် လမ်းပန်းဆက်သွယ်ရေးမှအစ အခြေခံအဆောက်အဦများ ပြည့်စုံရန်လိုအပ်နေသေးသဖြင့် အပန်းဖြေစခန်းအပြင် စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်နိုင်မည့်အခြေအနေ လောလောဆယ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။