မြေပုံမြို့နယ်မှာရှိတဲ့ ငမန်းရဲကျွန်းအစိုးရတာဟာ ပတ်လည် အားဖြင့် ၃၆ မိုင်ရှည်လျားပြီးတော့ လယ်မြေအကျိုးပြုဧကအနေနဲ့ ၁၂၀၃၆ ဧက ရှိပါတယ်။ လယ်သမားမိသားစု ၈၀၀ ကျော်ဘဝရပ်တည်ရေးအတွက် အားကိုးအားထားပြုနေရတဲ့ ကျွန်းကြီး တစ်ကျွန်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြေပုံမြို့နယ်ရဲ့ အဓိကစပါးစိုက်တဲ့ ကျွန်းကြီးတစ်ကျွန်း ဖြစ်ပါတယ်။ အဲ့ဒီကျွန်းကြီးဟာ ၂၀၀၄၊ ၂၀၁၀ မုန်တိုင်းတွေမှာ မုန်တိုင်းဒဏ်တွေကြောင့် ပျက်စီးသွား ပြီးတော့ တစ်ဖက်က နိုင်ငံတော် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဆည်ဖို့ပါတယ်။ တစ်ဖက်က ပြည်သူတွေကလည်း မိမိတတ်နိုင်သလောက် လုပ်အားနဲ့ဆည်ဖို့ကြပါတယ်။ အဲဒီအချိန်မှာ မနိုင်နင်းတဲ့နေရာတွေမှာ အထူးသဖြင့် ဒီအစိုးရတာ တာပေါင်ရိုးနှင့် ကပ်ပြီးတော့နေတဲ့ နေရာတွေမှာ ပုစွန်ကွင်းလုပ်ငန်းရှင်တွေက အဲဒီနေရာတွေကို နည်းအမျိုးမျိုးနဲ့ရယူပြီးတော့ ပုစွန်ကွင်းတွေ တည်ဆောက်ကြပါတယ်။ ပုစွန်ကွင်းရဲ့သဘောသဘာဝက အပြင်က ဒီရေထလာတဲ့အခါမှာ ဒီရေတွေကိုသွင်းပါတယ်။ ပြီးတော့ ပြန်ထုတ်ပါတယ်။ အဲ့ဒီလိုနဲ့ပုစွန်မွေးရပါတယ်။ သဘာဝသား ပေါက်သွင်းတဲ့စနစ်ဖြစ်ပါတယ်။ အဲဒီလို ရေသွင်းရေထုတ်လိုက်ခြင်းအားဖြင့် တံခါးတွေအများကြီး တပ်ရပါတယ်။ ပြီးတော့ ရေသွင်းတဲ့ရေထုတ်တဲ့အလုပ်ကို နေ့စဉ်လုပ်နေရလို့ ရေတံခါးတစ်ခု၊ ချောင်းတစ်ချောင်း အဲ့ဒီလိုကြာလာရင် ကွင်းတစ်ခုလုံးလည်း ပျက်စီးသွားတတ်ပါတယ်။ အဲဒီလို ပျက်စီးသွားတဲ့ ကွင်းပေါင်းလည်း မနည်းတော့ပါဘူး။ အခုပြောနေရတာက နိုင်ငံတော်က အကုန် အကျခံတည်ဆောက်ပေးထားတဲ့ ကွင်းမို့လို့ ပြောနေရတာပါ။ ပုဂ္ဂလိကကွင်းပေါင်း မြောက်မြားစွာ လည်း အဲဒီလို ပြဿနာမျိုး ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရှိနေပါတယ်။ ၂၀၀၄ ခုနှစ် မုန်တိုင်း နောက်ပိုင်းမှာ အဲဒီလိုဖြစ်တဲ့အချိန်အခါကို အခွင့်ကောင်းယူပြီးတော့ ရေတံခါးတွေတပ်ပြီးတော့ တာပေါင်ရိုးနှင့်ကပ်နေတဲ့ကွင်းတွေမှာ ပုစွန်မွေးကြပါတယ်။ အဲ့ဒီလို ပုစွန်မွေးခြင်းကြောင့် ရေငန်သွင်း တဲ့အခါမှာ ဆည်ထဲမှာရှိတဲ့ ကွင်းရဲ့တစ်ဖက်လယ်ကွင်းတွေက ရေငန်ဝင်ပြီးတော့ အကုန်လုံး ပျက်စီးရပါတယ်။ ရေအောက်ကို ရောက်သွားပါတယ်။ စပါးခင်းတွေ ပျက်စီးပါတယ်။ အတွင်းမှာ ရေငန်တွေဝင်လာတဲ့အတွက် အဲဒီရေကိုမှီခိုနေရတဲ့ ကျွဲ၊ နွား တိရစ္ဆာန်တွေအဖို့ သောက်ရေ မရဖြစ်ပါ တယ်။ တချို့ရွာတွေဆိုရင် လမ်းတွေအထိ ရေမြုပ်ပါတယ်။ ကန်တွေမှာ ရေငန်ဝင်နေတဲ့အတွက် ရေငန်တက်ပြီးတော့ သောက်ရေကန်တွေပျက်စီးပါတယ်။ အဲဒီလို အမျိုးမျိုးအဘက်ဘက်က ပြဿနာ တွေအများကြီးရှိပါတယ်။ လယ်သမားတွေလည်း နှစ်စဉ်နှစ်တိုင်းပဲ အဲဒီလို ဒုက္ခမျိုးခံနေရပါတယ်။ ရွာတစ်ရွာက ရွာလူကြီးတစ်ယောက်ပြောတာက သူတို့ရွာမှာ အဲဒီလို ပုစွန်ကွင်းက ရေသွင်းထားလို့ သင်္ချိုင်းမှာ အသုဘသြင်္ဂိုလ်တာကို ရပ်တန့်ထားရတယ်ဆိုတဲ့အထိပြောပြပါတယ်။ အဲဒီလို ဆိုးကျိုးမျိုး နဲ့ဖြစ်ပါတယ်။ အဲဒီတာတွေဟာ တစ်ကျွန်းလုံးကိုပတ်ပြီးတော့ တည်ဆောက်ထားရတဲ့တာ ဖြစ်ပါတယ်။ အဲဒီတာမရှိရင် အဲဒီရွာတွေလည်း မရှိပါဘူး။ အကုန်လုံးရေအောက်ကို ရောက်သွားတဲ့ အတိုင်းအတာ ရှိပါတယ်။ ဒါကြောင့် ဒီတာဟာ လယ်သမားတွေအဖို့ အသက်တမျှ လောက်အရေးကြီးပါတယ်။ အဲ့ဒီလို အခြေအနေမှာ လုပ်ငန်းရှင်တွေက ကျွန်တော်တို့ နိုင်ငံတော်က အပြီးအပြတ် တစ်နှစ်တည်းနဲ့ ဆည်မဖို့ နိုင်တာကို အခွင့်ကောင်းယူပြီးတော့ လုပ်ကြတယ်။ အဲဒီတော့ ကွင်းတွေမှာ ပုစွန်ကွင်း ၁၀ ကျော် လောက်ရှိတယ်။ အဲဒီအပိုင်းမှာ ရေတံခါးက ၆၀ လောက်ရှိတယ်။ အဲဒီနေရာကို ဒီနေ့ နိုင်ငံတော်က အပိုင်းလိုက်ဆည်ဖို့ပေးပါတယ်။ ၁၉၇၇-၁၉၇၈ ခုနှစ်ကတည်းက နိုင်ငံတော်က အဲဒီတာတမံကို ထိန်းသိမ်းတာ၊ စောင့်ရှောက်တာ၊ ပြုပြင်တာ၊ မွမ်းမံတာတွေလုပ်ပေးလာပါတယ်။ မနှစ်ကလည်း လုပ်ပေးတယ်။ ဒီနှစ်လျာထားချက်အပိုင်း ဝါးကောက်ကြီးကျေးရွာနှင့် အတွင်းငခူချောင်းကျေးရွာ ကြားမှာရှိတဲ့ အပိုင်းကိုဆည်ဖို့တဲ့အခါမှာ အဲ့ဒီအပိုင်းကြားမှာ လယ်ကွင်းနဲ့ ကပ်လျက် ပုစွန်ကွင်း တွေရှိပါတယ်။ အဲဒီပုစွန်ကွင်းက ရေတံခါးက အလုံး ၆၀ လောက်ရှိပါတယ်။ အဲဒီနေရာကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်ကသွားပြီးတော့ ပိတ်တဲ့အခါမှာ သူတို့က အပိတ်မခံဘူး။ အနှောင့်အယှက်အမျိုးမျိုးပေးတယ်။ လူအင်အားပြပြီးတော့ ခြိမ်းခြောက်တယ်။ ပြည်နယ်မှာ ခွင့်ပြုချက်ရထားပြီးပြီ။ အဲဒီခွင့်ပြုချက်ရထားပြီးတာမို့လို့ မပိတ်နဲ့ အဲ့ဒါမျိုးတားပါတယ်။ အဲ့ဒါ ၂ လကျော် အခုဆိုရင် ဒီမေးခွန်းမေးတဲ့အချိန်မှာဆိုရင် ၃ လကျော်လာပါပြီ။ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အဲဒီအပိုင်း ဆည်ဖို့ခြင်းကို ရပ်တန့်ထားရပါတယ်။ အဲဒီလို ရပ်တန့်ထားတဲ့အတွက် ကျွန်တော်တို့ လယ်သမားတွေမှာ အချိန်နှင့်တစ်ပြေးညီ အဲဒီ တာတမံတွေ မပြီးပြတ်ရင် ဒုက္ခအများကြီး ရောက်မှာဖြစ်ပါတယ်။ အဲဒီတာတမံရဲ့ ကြံ့ခိုင်မှုဟာလည်း မိုးကျလာရင် အကုန်လုံးပျက်စီးသွားနိုင်ပါတယ်။ ဒီလယ်သမားတွေ မိသားစု ၈၀၀ ကျော်လောက် စီးပွားရေး လုပ်ငန်းရှင် ၁၀ ဦးကြောင့် ဒီလူတွေဒုက္ခရောက်တယ်ဆိုတာ မဖြစ်သင့်ဘူး။ တစ်ဖက်က ဆည်ွမောင်း ဌာနရဲ့ ဥပဒေကိုလည်း ချိုးဖောက်နေတယ်။ ဆည်မြောင်းဌာနရဲ့ ဒီတာတမံကို ဆည်ပေးတာဟာ ရေငန်မဝင်အောင်တားပေးခြင်းဖြစ်တယ်။ လယ်သမားအတွက် ဖြစ်ပါတယ်။ အခုဟာက လယ်ယာမြေ ဥပဒေကိုလည်း ချိုးဖောက်နေပါတယ်။ လယ်ယာမြေကို အခြားနည်းနဲ့ အသုံးမပြုရဆိုတဲ့ဥပဒေလည်း ရှိပြီးသားဖြစ်တယ်။ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဝန်ထမ်းတွေကိုလည်း နှောင့်ယှက်တယ်။ ဒါပေမယ့် တရားစွဲတော့ အဲ့ဒီလို တရားစွဲဖို့အွခေအနေကို ရောက်မလာဘူး။ ပြည်နယ်က တာဝန်ရှိတဲ့ပုဂ္ဂိုလ် တစ်ယောက်ကတားထားတယ်။ ဒါတွေကို ဆည်မဖို့ပါနဲ့ နောက်ပိုင်း မှာတော့ ဆယ်ပါ။ ဒါပေမယ့် ရေတံခါးတွေကိုတော့ မပိတ်ပါနဲ့ဆိုပြီးတော့ စာထုတ်ပါတယ်။ အဲ့ဒီလို အခြေအနေမျိုးဖြစ်နေရင်တော့ ကျွန်တော်တို့ မြေပုံမြို့နယ်တစ်မြို့ရဲ့ ဒီငမန်းရဲကျွန်းတာကို စံပြနမူနာ အဖြစ်တင်ပြတာပါ။ ကျွန်တော်တို့ ရခိုင်ပြည်နယ်တစ်ခုလုံးမှာဖြစ်နေတဲ့ ပြဿနာ။ ပေါက်တော၊ မင်းပြားမြို့နယ်ကလည်း ကျွန်တော့်ကို ဖုန်းဆက်ပြီး အကြောင်းကြားပါတယ်။ အစိုးရတာတမံတွေ ဆည်ဖို့ရာမှာ လုပ်ငန်းရှင်တွေက နှောင့်ယှက်နေလို့ ကျွန်တော်တို့ ဒုက္ခရောက်နေပါတယ်ဆိုတဲ့ အကြောင်း အမြဲတမ်းအကြောင်းကြားတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာက ဒီလို ရေငန်တား တာတမံတွေကို အားကိုးပြီးတော့ စိုက်ပျိုးနေရတဲ့အခြေအနေကြောင့် စီးပွားရေးလုပ်ငန်းရှင်နဲ့ လယ်သမားတွေနဲ့ ဝိရောဓိဖြစ်လာတယ်။ ဒါကို ဖြေရှင်းပေးမယ့်လူမရှိဘူး။ ဖြေရှင်းပေးမယ့်လူက ဥပဒေကိုဖောက်ဖျက်ပြီးတော့ လုပ်ငန်းရှင်ဘက်က ဝင်ပြီးကာတယ်။ အဲ့ဒီအပြင် ပုဂ္ဂလိကကွင်းတွေမှာ ဒီလယ်ကွင်းနဲ့ ပုစွန်ကွင်းပြဿနာတွေ အများကြီးရှိသေးတယ်။ တစ်ဖက်ကပုစွန်ကွင်းလုပ်တယ်။ တစ်ဖက်က လယ်ယာမြေတွေ ပျက်စီးတယ်။ တိုင်တယ်။ အဖြေမရဘူး။ ဌာနဆိုင်ရာကတော့ ဒါတွေ မဖြေရှင်းပေးနိုင်ဘူး။ ကျွန်တော်တို့ ဥပဒေတွေကို တစ်ဖက်ကနစ်နာအောင်၊ တစ်ဖက်ကအကျိုးရှိရင် တစ်ဖက်ကနစ်နာမယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့က ဖြေရှင်းလို့ရတာမဟုတ်ဘူး။ ပြည်နယ်အတွက် ဘယ်လောက်ဝင်ငွေရှိမယ်။ ပုစွန်ကတော့ ဝင်ငွေရှိတယ်။ စပါးကတော့ သုံးစားမယ့်သူတောင် မရှိဘူး။ ဆင်းရဲတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖြေရှင်းလို့လည်းမရဘူး။ ကျွန်တော်တို့ ဖြေရှင်းရမှာက တည်ဆဲဥပဒေကို လိုက်နာပြီးဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ကိုယ့်ပြည်သူကိုယ့်မဲဆန္ဒနယ်ရှင် ပြည်သူ အတွက် တစ်ဖက်ကိုမှ မနစ်နာစေချင်ပါဘူး။ ဒါပေမယ့် ဖြေရှင်းရမယ့် ပြဿနာတွေက သေးရာက အကြီးကြီးဖြစ်လာမှာစိုးလို့ ကျွန်တော်တို့က ဒါကိုဝင်ပြီးတော့ လွှတ်တော်ဆီမေးခွန်းမေးရခြင်း ဖြစ်ပါ တယ်။ ဒီတော့ ကျွန်တော် အများကြီးကြိုးစားကြည့်ပါတယ်။ မရပါဘူး။ ညှိနှိုင်းဖို့လည်း ကြိုးစားဖူး ပါတယ်။ မရပါဘူး။ တစ်ဖက်ကလည်း ကျွန်တော့်ကို ဒေါသနှင့် တုံ့ပြန်လာတာတွေရှိပါတယ်။ ဒီတော့ ကျွန်တော်က လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို လွှတ်တော်မှာတင်ပြီးတော့ မေးခွန်းမေးခြင်းအားဖြင့် ဒါအဖြေရတန်ကောင်းရဲ့ ဆိုပြီးတော့ ကျွန်တော်လွှတ်တော်အထိ ဒီမေးခွန်းရောက်လာခြင်း ဖြစ်ပါ တယ်။ ဒီမေးခွန်းဟာ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ လယ်သမားတွေအတွက် အတော့်ကိုအရေးကြီး ပါတယ်။ အခုလည်းပဲ ကျွန်တော်တို့ လွှတ်တော်က ဝန်ကြီးဖြေမယ့်အဖြေကို လယ်သမားတွေက စောင့်မျှော်နားထောင်ဖို့ အများကြီး စိတ်ဝင်စားအားသန်နေကြပါတယ်။ သူတို့အတွက် ကယ်တင်မယ့် လွှတ်မိန့်ဖြစ်မလား။ သူတို့ဘဝတစ်ခုလုံးကို သေအောင်သတ်မယ့် သတ်မိန့်ဖြစ်ပါမလားဆိုတာကို ပြည်သူတွေအများကြီး စိတ်ဝင်စားနားထောင်နေကြပါတယ်။ ဒီအဖြေမှာ ကျွန်တော်တို့ လယ်သမား တွေဘက်က အားနည်းချက်ရှိသွားမယ်ဆိုရင်တော့ ဒီငမန်းရဲကျွန်းတာတမံကို နမူနာလုပ်ပြီးတော့ တခြားကျွန်းတွေလည်း အများကြီးပျက်စီးသွားဖို့အလားအလာရှိပါတယ်။ ဒီတော့ ပြည်နယ်အစိုးရက အဲ့ဒီလို တည်ဆဲဥပဒေတစ်ရပ်ကို လျစ်လျူရှုပြီးတော့ အဲဒီလိုလုပ်မယ်ဆိုရင်လည်း ပြည်နယ်အစိုးရမှာ ဥပဒေပြုလို့ရပါတယ်။ ဒါကတော့ ပြည်ထောင်စုအစိုးရရဲ့ ဥပဒေတွေဖြစ်ပါတယ်။ အဲ့ဒီလို လုပ်ချင်ရင် ဥပဒေပြုပါ။ ဒါပေမယ့် ဥပဒေဆိုတာ နိုင်ငံတော်က ပြဋ္ဌာန်းတဲ့ဥပဒေတွေကိုတော့ ပြည်နယ်အစိုးရက ပြုပြင်နိုင်မယ်လို့ ကျွန်တော်က မထင်ပါဘူး။ ဒါကြောင့် လက်ရှိအခြေအနေအရပဲ ကျွန်တော်တို့က ပြည်ထောင်စုက ပြဋ္ဌာန်းထားတဲ့ဥပဒေ ဝန်ကြီးဌာနကပြဋ္ဌာန်းထားတဲ့ဥပဒေကို ချိုးဖောက်ပြီး ဒီလိုဖြစ်နေတဲ့အတွက်နဲ့ ဒီလိုပြဿနာတွေကို ဝန်ကြီးဌာနမှာွဖေရှင်းဖို့ တာဝန်ရှိပါတယ်။
(၁) ငမန်းရဲကျွန်းအစိုးရတာတမံအား နိုင်ငံတော်က ဆည်ဖို့ပေးခြင်း ရည်ရွယ်ချက်မှာ စပါးစိုက်ပျိုးရန်အတွက် ဖြစ်သည်ဆိုလျှင်မှန်ပါသလား။ (၂) နိုင်ငံတော်က တည်ဆောက်ပေးသော အစိုးရတာအတွင်းတာကို ချိုးဖောက်လျက် ရေငန်သွင်းပြီး ပုစွန်ကွင်းများ တည်ဆောက်မွေးမြူခွင့်ရှိပါသလား။ (၃) ပြည်ထောင်စုအစိုးရဌာနတစ်ခုခု၏ ဆောင်ရွက်နေသော လုပ်ငန်းများကို ဥပဒေကိုမျက်ကွယ်ပြုလျက် ပြည်နယ်အစိုးရဝန်ကြီး တာဝန်ရှိသူ တစ်ဦးဦးက ပိတ်ပင်ခွင့်ရှိပါသလား။ (၄) ငမန်းရဲကျွန်း အစိုးရတာအချိန်မီပြီးမြောက်ရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်၊ ွမေပုံမြို့နယ် ငမန်းရဲကျွန်းတာ၏ မူလတည်ဆောက်ခဲ့ပုံနှင့် လက်ရှိပြုပြင် ဆောင်ရွက်ဆဲကာလအခြေအနေကို ရှင်းလင်းတင်ပြလိုပါတယ်။ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ငမန်းရဲကျွန်းတာကို လယ်မြေများအတွင်းသို့ ပင်လယ်ဆားငန်ရေဝင်ရောက်ခြင်းမှ ကာကွယ်ရန် ရည်ရွယ်၍ ၁၉၈၇-၁၉၈၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်။ တာတမံအလျားမှာ ၃၆ မိုင်ဖြစ်ပြီး လယ်ယာမြေဧရိယာ ၁၂၃၀၀ ဧကခန့်ကို ပင်လယ်ဆားငန်ရေဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ပြီး နှစ်စဉ်မိုးစပါးစိုက်ဧရိယာ ပျမ်းမျှ ၈၅၀၀ ဧကခန့်ကို အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါတယ်။ ငမန်းရဲကျွန်းတာ၏ မြောက်ဘက်ခြမ်း မြေနိမ့်ပိုင်းတွင် ယခင်အစိုးရကာလကတည်းက ပုစွန်ကန်များ ရှိနေကြောင်း သိရှိရပါတယ်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ လယ်သမားတာ(ကာရီ) များအား တာပေါင်ဆည်ဖို့ပြုပြင်ရာတွင် ငမန်းရဲကျွန်းတာလည်း အပါအဝင်ဖြစ်ပါတယ်။ ငမန်းရဲကျွန်း တာတမံ (ကာရီ) များအား တာပေါင်ဆည်ဖို့ရာတွင် ပုစွန်ကန်ဧရိယာများ၌ လုပ်ငန်းဆောင်ရွက်ရန် အခက်အခဲပေါ်ပေါက်သဖြင့် ပြည်နယ်ဆည်မြောင်းဦးစီးဌာနမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ အကျိုး အကြောင်းတင်ပြခဲ့ရာ အစိုးရအဖွဲ့၏ တာဝန်ပေးချက်အရ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနမှ ကွင်းဆင်းစိစစ်ခဲ့ပါတယ်။ စိစစ်တွေ့ရှိချက်များကို တင်ပြတဲ့အခါမှာ တင်ပြချက်အပေါ် ရည်ညွှန်း၍ ပြည်နယ်အစိုးရအဖွဲ့၏ ၂၁-၁-၂၀၁၃ ရက်စွဲပါစာအမှတ် ၀၃/၅-၁/အစိုးရအဖွဲ့(ရခိုင်) ဖြင့် ပြည်နယ်ဆည်မြောင်းဦးစီးဌာန စစ်တွေမြို့သို့ လိပ်မူအကြောင်းကြားခဲ့ပါတယ်။ အကြောင်းအချက် အပြည့်အစုံကို အောက်ပါအတိုင်းဖော်ပြအပ်ပါတယ်။ (၁) မြေပုံမြို့နယ် ငမန်းရဲကျွန်းဒေသ မဟိုင်းမြစ် နှင့် ကမ်းထောင်းကြီးချောင်း ၂ ခုကြားရှိ နေရာများတွင် ရေငန်ဝင်ရောက်မှုမရှိစေရန် ဆည်မြောင်း ဦးစီးဌာနမှ တာတမံ(ကာရီ)များအား တာပေါင်ဆည်ဖို့ရာတွင် ၎င်းဒေသရှိ ပုစွန်တစ်သား၊ စပါးတစ်သီး စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များမှ ရေတံခါးများအား ဖယ်ရှား နေခြင်းကိစ္စနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ မဟိုင်းမြစ်နှင့် ကမ်းထောင်းကြီးချောင်းတွင် ငမန်းရွှေမြေ ပုစွန်တစ်သား၊ စပါးတစ်သီးစိုက်ပျိုးရေးအစုအဖွဲ့ အဖွဲ့ဝင် ၂၅ ဦး ပိုင်ဆိုင်သည့်ဧက ၁၇၇၇ ဧက ရှိကြောင်း၊ မဟိုင်းမြစ်ကမ်းဘက်ခြမ်း (အရှေ့ခြမ်း)ရှိ စိုက်ပျိုးမြေ ၁၂၀၀ ဧကတွင် မိုးစပါးစိုက်ပျိုးပြီး ရေသွင်းရေထုတ်ပြုလုပ်ရန် ရေတံခါး ၄၀ ခုကိုလည်းကောင်း၊ ကမ်းထောင်းကြီးချောင်း အထက်ဘက် ခြမ်း (အနောက်ဘက်ခြမ်း) ဖြစ်ပါတယ်ခင်ဗျား။ စပါးစိုက်ပျိုးမြေဧရိယာ ၅၇၇ ဧကတွင် ရေတံခါး ၂၀ ကိုလည်းကောင်း တပ်ဆင်ထားရှိကြောင်း၊ ငမန်းရွှေမြေအစုပိုင်ဆိုင်သည့်မြေ၏ တောင်ဘက်တွင် တခြားလယ်မြေများနှင့် ခြားထားသည့် ဂျပန်လမ်းမကြီးတည်ရှိပြီး မြောက်ဘက်တွင် လယ်သမားများ၊ ပုစွန်သမားများ ကိုယ်ထူကိုယ်ထဆည်ဖို့ထားသည့်တမံ (ကာရီ) ရှိသဖြင့် ရေတံခါး ၆၀ ခုမှ ဝင်ရောက် သည့်ရေငန်များမှာ ၎င်းတို့ပိုင်ဆိုင်သည့်မြေ ၁၇၇၇ ဧကကိုသာဝင်ရောက်နိုင်ပြီး အခြားလယ်သမား များ၏ လယ်မြေများသို့ ရေငန်များဝင်ရောက်မှုမရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ငမန်းရွှေမြေအစု အဖွဲ့ပိုင် ရေတံခါး ၆၀ ခုမှ ဝင်ရောက်သည့် ရေငန်များသည် ၎င်းအသင်း၏ လယ်မြေများကိုသာ အကျိုးသက်ရောက်မှုဖြစ်ပေါ်စေပြီး အခြားလယ်သမားများ၏ လယ်မြေများအား ထိခိုက်မှုမရှိသဖြင့် စပါးတစ်သီး၊ ပုစွန်တစ်သားအစုအဖွဲ့၏ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ ရေတံခါး ၆၀ ခုအား ချန်လှပ်၍ တမံ(ကာရီ)ပေါင်ဆည်ဖို့ခြင်းကို ဆည်ဖို့သင့်ပါကြောင်း တင်ပြ လာပါတယ်။ (၂) အဆိုပါကိစ္စနှင့်ပတ်သက်၍ ငမန်းရဲကျွန်းဒေသရှိ ဆည်မြောင်းကာရီအတွင်း ဆားငန် ရေဝင်ရောက်မှုမရှိစေရန် တာတမံ(ကာရီ)ပေါင်ဆည်ဖို့ရာတွင် စပါးစိုက်လယ်သမားများအား ထိခိုက် နိုင်မှုမရှိသည့် ငမန်းရွှေမြေအစုအဖွဲ့ပိုင် ရေတံခါး ၆၀ အားချန်လှပ်၍ တာပေါင်ဆည်ဖို့သွားရန်နှင့် ဆောင်ရွက်ထားရှိမှုအခြေအနေအား ပြန်လည်တင်ပြရန်ဆိုပြီးတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆည်မြောင်းဌာနကို အကြောင်းကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အကြောင်းကြားစာအရ ငမန်းရဲကျွန်းဒေသတွင် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသလို ကျွန်း၏မြောက်ဘက်တွင် ပုစွန်တစ်သား၊ စပါးတစ်သီး စိုက်ပျိုးရေးလုပ်ငန်း ၁၇၇၇ ဧက ဆောင်ရွက်ခြင်းကိုလည်း ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပေါ်လွင်ထင်ရှားပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ နောက်ဆက်တွဲဇယား(၂)အရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာန၏ လက်ရှိတည်ဆောက်ပြီးဖြစ်သော ဆည်၊ တာတမံ များနှင့် ရေသောက်စနစ်မြောင်းများအား ပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ဆက်လက်၍ တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းများအပါအဝင် ဘဏ္ဍာငွေလိုအပ်ချက်ကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရမှ တာဝန်ယူဆောင်ရွက်သွားနိုင်ရေးနှင့် ဘဏ္ဍာငွေအသုံးစရိတ် လိုအပ်ချက်ကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ္ဍာရေး ရန်ပုံငွေခေါင်းစဉ်မှ တင်ပြတောင်းခံအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်အရ ၄-၁၂-၂၀၁၂ ရက်နေ့တွင် စတင်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့အသီးသီးသို့ တာဝန်များ ခွဲဝေလွှဲပြောင်းပေးအပ်ခြင်း ဆောင်ရွက်ပြီးဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ ငမန်းရဲကျွန်းတာ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတော်အစိုးရသို့ ရန်ပုံငွေတင်ပြတောင်းခံပြီး ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်အားဖြင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် လိုအပ်သောအကူအညီများ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဦးဖေသန်း၏ မေးမြန်းချက်များကို တစ်ချက်ချင်း လိုရင်းပြန်လည်ဖြေကြားလိုပါတယ်။ မေးခွန်း(၁) အနေနဲ့ ွဖေကြားရမယ်ဆိုရင်တော့ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ငမန်းရဲကျွန်း အစိုးရတာအား လယ်ယာစိုက်ပျိုးရေးအတွက် နိုင်ငံတော်က ဆည်ဖို့ ပေးခြင်းဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ မေးခွန်း(၂)နှင့်ပတ်သက်ပြီးတော့ စိုက်ပျိုးရေးကို မထိ ခိုက်သောဒေသ၏ စီးပွားတိုးတက်ရေးအတွက် ဒေသအာဏာပိုင်အဖွဲ့အစည်း၏ စီမံဆောင်ရွက်သည့် အပေါ်တွင် တစ်စုံတစ်ရာ ဝေဖန်ရန်မရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ မေးခွန်း(၃) အနေနဲ့ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနတစ်ခုခု၏ ဆောင်ရွက်နေသော လုပ်ငန်းများအား ပြည်နယ်အစိုးရ ဝန်ကြီးက ပိတ်ပင်ခွင့်မရှိပါ။ ညှိနှိုင်းခွင့်သာရှိပါကြောင်းဖြေကြားအပ်ပါတယ်။ မေးခွန်း(၄) အနေနဲ့ ပတ်သက်ပြီး ဖြေကြားရမယ်ဆိုရင် ငမန်းရဲကျွန်းတာတမံ၏စုစုပေါင်းအလျား ၃၆ မိုင်အနက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကုန်တွင် အလျား ၁၇.၅ မိုင်ပြီးစီးပါမည်။ ပြုပြင်ရန်ကျန်ရှိသော တာတမံအလျား ၁၈.၅ မိုင်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား လိုအပ်သလို ပံံ့ပိုးကူညီသွားမည်ဖြစ်ပါ ကြောင်းဖြေကြားပါသည်။
ဦးဖေသန်း (မြေပုံမဲဆန္ဒနယ်) ကဆက်စပ် မေးခွန်းမေးမြန်းပါသည်။
ပြည်ထောင်စုဝန်ကြီးဌာနကနေပြီးတော့ ပြည်နယ်ဝန်ကြီး တွေကို လက်ပြောင်းလက်လွှဲပေးတယ်ဆိုတာဟာ လုပ်ငန်းစီမံချက်တွေကို အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ဥပဒေတစ်ခုလုံးကို မင်းတို့ကြိုက်သလိုလုပ်ကြ။ သွန်ချင်သွန်မှောက်ချင်မှောက် တည်ဆဲဥပဒေကို ဂရုစိုက်စရာမလိုဘူး။ လုပ်ချင်တာလုပ်လို့ရတယ်။ ရုံးတစ်ရုံး ဓားတစ်စင်းအပ်နှင်း ထားတဲ့ပုံစံမျိုးတော့ ဟုတ်မယ်မထင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လယ်ယာမြေဥပဒေတွေ၊ ဆည်မြောင်းဥပဒေတွေ၊ မြေလွတ်မြေရိုင်းဥပဒေတွေဆိုပါတော့ ဥပမာ အဲဒီလို ဥပဒေမျိုးဟာ နိုင်ငံတော်က၊ ပြည်ထောင်စုအစိုးရက၊ ပြည်သူ့လွှတ်တော်က၊ ပြည်ထောင်စုလွှတ်တော်က တည်ဆဲ ဥပဒေတွေဖြစ်ပါတယ်။ ညှိနှိုင်းပြီးတော့ လုပ်ချင်တာကို လုပ်လို့မရဘူးထင်ပါတယ်။ ဥပဒေဟာ ဥပဒေ ပဲဖြစ်ပါလိမ့်မယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ဒါကို ဘယ်သူပဲချိုးဖောက်ဖောက်၊ ပြည်နယ်ဝန်ကြီးကပဲ ချိုးဖောက်ဖောက်၊ သမ္မတကြီးကပဲချိုးဖောက်ဖောက် ဒါတော့ ကျွန်တော်တို့က ဥပဒေရဲ့အထက် မှာတော့ ဘယ်သူမှမရှိပါဘူး။ ခုနက ဝန်ကြီးပြောပါတယ်။ ဒါဟာ ပြည်နယ်အစိုးရက တားထားလို့ဖြစ် ပါတယ်ဆိုတာကို ဝန်ကြီးက ဝန်ခံပြောသွားပါတယ်။ ဒီတော့ ဥပဒေတစ်ခုကို ချိုးဖောက်လာမယ်ဆိုရင် ဘယ်သူကအရေးယူမလဲ။ လယ်သမားတွေအတွက် ဆည်ပေးတဲ့တာတမံဖြစ်ပါတယ်။ ရေငန်မဝင် ရအောင် ရည်ရွယ်ချက်နဲ့ ဆည်ပေးပါတယ်။ ဆည်မြောင်းဌာနဥပဒေအရလည်း တာတမံကို ချိုးဖောက် ခွင့်မရှိပါဘူး။ ပုစွန်ကွင်းမွေးဖို့ထား၊ ရိုးရိုးတစ်ခုခုလိုအပ်ချက်နဲ့ တာတမံကို ချိုးဖောက်ခွင့်မရှိပါဘူး။ လယ်ယာမြေဥပဒေမှာလည်း ဒီလယ်ယာမြေကို အခြားနည်းနဲ့ အသုံးမပြုရ။ ခွင့်ပြုချက်မရှိရင် ဥပဒေ ကြီးလည်းအထင်အရှားရှိတယ်။ အဲ့ဒီ ဥပဒေကို အခုချိုးဖောက်နေပါတယ်။ ကာယကံရှင်တွေ ချိုးဖောက်နေပါတယ်။ ဘယ်သူကအရေးယူမှာလဲ။ ညှိနှိုင်းလို့ရမလားခင်ဗျား။ နစ်နာသူတွေအတွက် ဘယ်သူကကုစားပေးမှာလဲ။ ဒီအထဲမှာရှိတဲ့ လယ်သမားတွေအတွက် မနစ်နာဘူးဆိုတာ လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်ွမောင်းဝန်ကြီးဌာနက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို စေလွှတ်ပြီးတော့ လေ့လာခဲ့ပါ သလား။ ပြည်နယ်အစိုးရအဖွှဲ့ရဲ့ ပြောကြားချက်ကို အတည်ကိုင်ခဲ့တာဖြစ်ပါသလား။ ရေငန်ကိုတား တယ်ဆိုတာ အပြင်က တာတမံက ၆ ပေရှိရင် အတွင်းတာတမံလည်း ၆ ပေရှိမှ အဲဒီရေငန် ဟိုဘက်ကို မကျော်မှာဖြစ်ပါတယ်။ ပုစွန်ကွင်းသမားတွေ ရေသွင်းတယ်ဆိုတာ ရေကိုအပြင်နှင့် အရင်နီးပါး လောက်သွင်းတာ။ သူတို့တာတမံခိုင်မာစေလို့ ရေငန်မှာ ပုစွန်တွေ၊ သားပေါက်တွေ ဝင်ပါစေလို့ ဒီတော့ ဟိုဘက်မှာ လယ်သမားတွေနဲ့ ခွဲထားတဲ့တာက ၂ ပေလောက်ပဲကျယ်တယ်။ ၃ ပေလောက်ပဲ ကျယ်တယ်။ အမြဲတမ်းရေငန်ကျော်တယ်။ ရေငန်တက်တယ်။ ဒီရေထရက်တွေမှာရေသွင်းတယ်။ ဒီရေ သေတဲ့ရက်တွေမှာ ရေငန်ကို အပြည့်လောင်ထားတယ်။ ဟိုဘက်ကို တစိမ့်စိမ့်ရေတွေက ဝင်နေတယ်။ ဟိုဘက်ကစပါးကွင်းတွေ အကုန်လုံးပျက်တယ်။ အခုဆိုရင် တစ်ကျွန်းလုံးရှိတဲ့လယ်သမားတွေက ဝန်ကြီးချုပ်ဆီ လက်မှတ်ထိုးပြီးစာတင်ထားတယ်။ ဒါဟာ လယ်သမားတွေက နစ်နာလို့ ပြောနေ ကြတာပါ။ မနစ်နာပါဘူးဆိုတာ ပုစွန်ကွင်းသမားတွေပဲဖြစ်ပါလိမ့်မယ်။ သူတို့နဲ့ပူးပေါင်းတဲ့သူတွေပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလို ဆင်ခြေဆင်လက်မျိုးနဲ့ ကျွန်တော်တို့က အတည်မပြုသင့်ပါဘူး။ ဒါကြောင့် ဝန်ကြီးဌာနတွေက တာဝန်ရှိသူက သွားစစ်ဆေးပြီးတော့ ဒါဟုတ်၊ မဟုတ် အတည်ပြုသင့်ပါတယ်။ အဓိကပြောလိုတာကတော့ ဒါဥပဒေကို ချိုးဖောက်နေတယ်။ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်က တာတမံတွေကို ဆည်ပေးထားတဲ့ ဘဏ္ဍာငွေတွေ အလဟဿမဖြစ်အောင် တစ်ဖက်ပြည်သူတွေ ကိုလည်း ကာကွယ်လို့ရနိုင်အောင် နိုင်ငံတော်က ဆည်ထားတဲ့ ကွင်းထဲမှာ ဘာမှစရိတ်အကုန်အကျ မခံဘဲ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းတွေကို ရပ်တန့်အောင် အရေးယူပေးမယ့်တာဝန်ဟာ ဝန်ကြီးဌာန တာဝန်ပါ။ ဝန်ကြီးဌာနမှာတာဝန်ရှိပါတယ်။ ဒါကြောင့် ဒီဥပဒေချိုးဖောက်ခြင်းဟာ ဝန်ကြီးဌာနနဲ့ ဆိုင်၊ မဆိုင်ကိုသိလိုပါတယ်။ အရေးယူတာ ဘယ်သူက အရေးယူပေးမလဲဆိုတာကို သိလိုပါတယ်။ ဥပဒေ ချိုးဖောက်ခြင်းရှိ၊ မရှိကိုလည်း သိလိုပါတယ် ဝန်ကြီးခင်ဗျား။ လေးစားသောအားဖြင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တစ်ဆက်တစ်စပ်တည်း မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကွင်းဆင်းစစ်ဆေးပြီးတော့ တွေ့ရှိချက် ပေါ်မှာဖော်ပြထားတဲ့ထဲမှာ ငမန်းရဲကျွန်းတာထဲမှာ မူလကတည်ဆောက်တာကတော့ ရေငန်ကာကွယ် မှုဆိုတဲ့ကျွန်းကို ပတ်တာမှန်ပါတယ်။ ဒါပေမယ့် မြောက်ဘက်ပိုင်းမှာ အနိမ့်ပိုင်းဖြစ်နေတဲ့အပိုင်းတွေမှာ ပုစွန်နဲ့ စိုက်ပျိုးရေး အဲဒီကန်တွေ သူတို့ အရင်ကတည်းကလည်း ရှိခဲ့တယ်။ အခုလည်း ရှိနေတဲ့ သဘောရှိတာ။ ဒါကြောင့်မို့လို့ ဒီကိစ္စမှာ ကျွန်တော်တို့ အနိမ့်ပိုင်းကျတဲ့နေရာမှာ ပျိုးနေတဲ့လုပ်ငန်း ကလည်း ကျွန်တော်သိသလောက် ဒီအထဲမှာ လုပ်နေတဲ့ စိုက်ပျိုးရေးနဲ့ ဆက်နွယ်ပြီးတော့ မွေးမြူရေး ရော၊ စိုက်ပျိုးရေးရောလုပ်နေတဲ့ လူတွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနက ကိုယ်စားလှယ်တော်ကြီး ဦးဖေသန်း မေးတဲ့မေးခွန်းနှင့်ပတ်သက်ပြီးတော့ မှန်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာနအနေနဲ့ ဆောင်ရွက်ပေးနိုင်တာကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေကို ကျွန်တော်တို့ ပြန်ပြီးတော့ စိစစ်ပေးပါမယ်။ စိစစ်ပြီးလို့ရှိရင် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာ တောင်သူလယ်သမားတွေအပါအဝင် ညှိနှိုင်းပြီးတော့မှ ဒီအပေါ်မှာ အားလုံးကျေကျေနပ်နပ်သဘောတူတဲ့ အနေအထားပေါ်မှာ ဆောင်ရွက်ပေးသွားမယ်လို့ ကျွန်တော် ကတိပြုပါတယ်။ အကယ်၍ သူတို့ညှိနှိုင်းပြီးလို့ ွမောက်ပိုင်းအနိမ့်ပိုင်းသည် သူတို့ဆိုထားတဲ့ ပုစွန် တစ်သား၊ စပါးတစ်သီး ဧရိယာလို့သာ လယ်သမားအများစုက သူတို့နဲ့ပတ်သက်တဲ့ လယ်သမားတွေ က သဘောတူတယ်ဆိုရင် ကျွန်တော်တို့က အတွင်းမှာရှိတဲ့ လယ်မြေဧက ၈၀၀၀ ကျော် သူတို့လည်း စိုက်ပျိုးအောင်မြင်နေပါတယ်။ ဒီအတွင်းပိုင်းကနေပြီးတော့ ပုစွန်ကန်ကြောင့် အထဲကိုရေမဝင်အောင် တစ်နည်းနည်းနဲ့ကာပြီးတော့ လယ်ယာစိုက်ပျိုးမှုကို ထိန်းသိမ်းသွားရမယ်ဆိုတဲ့ အကြောင်း တာဝန်ရှိ ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်စိစစ်ပါမယ်။ စိစစ်ပြီးတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နဲ့ ကျွန်တော်တို့ အားလုံးညှိနှိုင်းပြီးတော့ တောင်သူလယ်သမားတွေအပါအဝင် အားလုံးသဘောတူချက် ပေါ်မှာမူတည်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
