(ခ)-နိုင်ငံတစ်ဝန်း ရပ်ကွက်ကျေးရွာအဆင့်အထိ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ရန် လျာထားသည့် အစီအမံများနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၂၇.၂.၂၀၁၃)

 

နိုင်ငံတော်မှာ ယခင်တာဝန်ယူခဲ့တဲ့ နိုင်ငံတော်အစိုးရအဆက်ဆက်ဟာလည်း နိုင်ငံတော်အတွက် လိုအပ်တဲ့ Infrastructure ဖြစ်တဲ့ အခြေခံအဆောက်အဦတွေကို ဆောင်ရွက်ခဲ့တာကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။ အဓိကဒီနေရာမှာ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်စွမ်းအင်ရရှိရေး လုပ်ခဲ့တာကိုတွေ့ရပါတယ်။ ဒီနေရာမှာထုတ်နုတ်ပြီးတော့ တင်ပြရရင် လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်လို့ ကျွန်တော်တို့ ပြည်နယ်တစ်ခုဖြစ်တဲ့ ကချင်ပြည်နယ်၊  ဒီပြည်နယ်ဆိုရင် ယနေ့ယခင် ခေတ်အဆက်ဆက်ကလုပ်ခဲ့တဲ့ ရွှေဘို-မြစ်ကြီးနားသွားလမ်းမပေါ်သွားလို့ရှိရင်၊ မြစ်ကမ်းဘေးက နေသွားလို့ရှိရင် ကျွန်တော်တို့ ဝိုင်းမော်-ငရှောင်အပေါ်က ကျွန်တော်တို့ ချီဖွေ၊ ဒီကနေ ပန်းဝါသွားတဲ့ လမ်းမကြီးတွေ အလားတူဒီလမ်းမှာပဲ မိုင်ဝေးကနေခွဲထွက်သွားရင်  စိုင်နော်၊ ဆထုံးစမ၊ ထိန်ချုံး သွားတဲ့လမ်းတွေ မလိခမြစ်ရဲ့ဘေးမှာ ကျွန်တော်တို့သွားမယ်ဆိုရင် တန်ဖဲကနေ အင်စွတ်တို့၊ အင်ဂျွတ်တို့ ဒီကနေ ဆွန်ပရာဘွမ်- အင်ဂျန်းယန်၊ ဆွန်ပရာဘွမ်- ပူတာအိုစတဲ့ လမ်းမကြီးတွေရှိပြီး ဖြစ်ပါတယ်။ ဒီဆွန်ပရာဘွမ်လမ်းဆိုရင် လွန်ခဲ့တဲ့ အနှစ်၂၀ကျော်လောက်ကတည်းက သောကြာနေ့ ရုံးပိတ်ရင် မြစ်ကြီးနားမှာ ဝန်ထမ်းတွေ ရုပ်ရှင်လာကြည့်တဲ့အဆင့်အထိ လမ်းတွေကောင်းခဲ့တာ ဖြစ်ပါတယ်။ ယနေ့လည်းအလားတူ ကချင်ပြည်နယ် တစ်ခုတည်းမှာပဲ နမ္မတီးကနေသွားရင် ဒွန်ဘန် တို့၊ လက်ဝါးတို့၊ လောင်းတီတိမ်ကောက်အထိ အနောက်ဘက်ကို ပေါက်တဲ့လမ်းတွေအများကြီး ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကနေသွားရင် ဒေါဖုန်းယန်၊ လွယ်ဂျယ်၊ စိန်လုံစသဖြင့် ကျွန်တော်တင်ပြ လိုတာက အရင်အစိုးရအဆက်ဆက်မှာ လမ်းပန်းဆက်သွယ်မှု ကွန်ရက်တွေ ရှိပြီးသားဖြစ်ပါတယ်။ ယနေ့ကျွန်တော်တို့ နိုင်ငံတော်အစိုးရလက်ထက်မှာလည်း အတတ်နိုင်ဆုံးကြိုးစားပြီးတော့ လုပ်နေ တာကို တွေ့ရပါတယ်။ ယနေ့ကျွန်တော် တင်ပြမယ့် လျှပ်စစ်စွမ်းအင်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ဒီ   ၂ နှစ်အတွင်းမှာလည်းအများကြီး တိုးတက်ပါတယ်။ ကျွန်တော်တို့ မြို့နယ်မှာလည်း များစွာတိုးတက် လာတာကို တွေ့ရပါတယ်။ သို့သော် ကျွန်တော်တို့ နိုင်ငံရဲ့အခက်အခဲက နည်းပညာနဲ့ ငွေကြေး အရင်းအနှီးဖြစ်ပါတယ်။ ဒါမလုံလောက်တဲ့ အတွက်ကြောင့် အခက်အခဲရှိတဲ့အတွက်ကြောင့် ကန့်သတ်မှုတွေရှိတဲ့အတွက်ကြောင့် တိုးတက်မှုနှေးကွေးနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့်လို့ မကြာခင် ရောက်ရှိလာမယ့် ကျွန်တော်တို့ AFTA တို့ AEC တို့ FDI တို့ ဒီအတွက် လိုအပ်တဲ့အခြေခံ အဆောက်အဦတွေဟာ တိုးတက်ပြီးတော့လုပ်ဖို့လိုပြီလို့ ကျွန်တော်တို့ကထင်ပါတယ်။ ဒါကြောင့်ဒီနေ့ ကနေပြီးတော့ နိုင်ငံတော်တိုးတက်ရေးအတွက်မရှိမဖြစ် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်နဲ့ပတ်သက်လို့ လေ့လာတဲ့အခါမှာ ကျွန်တော်တို့ တင်ပြတဲ့ စီမံကိန်းထဲမှာ ၂၀၁၀-၂၀၁၁မှာ လူတစ်ဦးသုံးရမယ့် ယူနစ်သည် ၁၃၀ ကီလိုဝပ်နာရီဖြစ်ပါတယ်။ လာမယ့် ၂၀၁၅-၂၀၁၆ ကျရင် စုစုပေါင်း ၁၈၁ ကီလိုဝပ် နာရီအထိ တိုးမယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတော်မှာ မြို့ပေါင်း ၄၈၅ မြို့ ယနေ့မီးပေးပြီး ဖြစ်ပါ တယ်။ ကျေးရွာပေါင်း ၆၀၀၀၀ ကျော်မှာ ယနေ့မီးပေးပြီးတာ ၂၀၁၀-၂၀၁၁ မှာ ၂၈၇၈ ရွာပေးပါ တယ်။ လာမယ်‌့ ၂၀၁၅-၂၀၁၆ ကျလို့ရှိရင် ၄၁၇၅ ဆိုတော့ ၆.၅ ရာခိုင်နှုန်းတိုးတက်လာမယ်လို့လည်း ဖော်ွပထားတာတွေ့ရပါတယ်။  ယနေ့ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံတည်း မကြည့်ဘဲနဲ့ တစ်ကမ္ဘာလုံးနဲ့ ချိန်ထိုးပြီးကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံးရဲ့ တစ်နေ့သုံးနေတဲ့ လျှပ်စစ်စွမ်းအင်သည် ၁၆ ကီလိုဝပ် ရှိပါတယ်။ လူတစ်ယောက်ကို ၂၄၀၀ နှုန်း ပေးသုံးထားကြောင်းလည်းတွေ့ရမှာဖြစ်ပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ်အနေနဲ့ ၁၉၇၇ ခုနှစ်တုန်းက ယနေ့သုံးနေတဲ့ဆိုလာကို တစ်ယူနစ်ထုတ်ရင် ၇၆.၇၆ ဒေါ်လာကျပါတယ်။ ယနေ့ ၂၀၁၃ ခုနှစ်မှာ ဆိုလာ တစ်ယူနစ်ရဲ့တန်ဖိုးသည် တစ်ဒေါ်လာပဲရှိပါတယ်။ အလားတူပဲ သဘာဝဓာတ်ငွေ့က ထုတ်မယ်ဆိုလို့ ရှိရင်လည်း တစ်ဒေါ်လာပဲ ဖြစ်ပါတယ်။ ကျောက်မီးသွေးက ထုတ်ရင်တော့ ၃ ဒေါ်လာလောက်ပေးရတယ်လို့ လေ့လာတွေ့ရှိရ ပါတယ်။ စွမ်းအင်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ ယနေ့ ရေနွေးငွေ့ကထုတ် တယ်။ ဒီဇယ်ကထုတ်တယ်။ သို့သော် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြောင်းလဲတိုးတက်ပြီးတော့ ထုတ်လုပ် နေပြီဖြစ်ပါတယ်။ ဒီနေရာမှာသဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ ကျောက်မီးသွေးကထုတ်တာ၊ သဘာဝဓာတ်ငွေ့က ထုတ်တာရှိသလို သဘာဝပတ်ဝန်းကျင်မထိခိုက်ဘဲနဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်တဲ့ ဆိုလာပါဝါ။ ဒါနဲ့ပတ်သက်လို့ တစ်ကမ္ဘာလုံးအတွက် စတုရန်းမိုင် ၅၀၀ ထုတ်ရင် တောင် တစ်ကမ္ဘာလုံးလုံလောက်တယ်လို့ သိရပါတယ်။ ဆာဟာရသဲကန္တာရမှာရှိတဲ့  ဆိုလာကိုထုတ်ရင် တစ်ကမ္ဘာလုံးလိုအပ်ချက်ရဲ့ ၈၀ ရာခိုင်နှုန်း လုံလောက်တယ်လို့လည်းသိရပါတယ်။ သို့သော် ဆိုလာ ပါဝါထုတ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းသော်ငြားလည်း ငွေကုန်ကြေးကျအများဆုံး ဖြစ်ပါတယ်။ ဒုတိယကျွန်တော်တို့ပြောနေတဲ့ Wind Power လေကနေထုတ်တာ ဖြစ်ပါတယ်။ ဒါဟာ သဘာဝအနေအထားကနေရသော်ငြားလည်း လေစီးကြောင်းတွေ ပြောင်းလဲပါတယ်။ လေတိုက်နှုန်း တွေ လျော့ကျပါတယ်။ ပြီးရင်ကျွန်တော်တို့ အီကွေတာကနေ ကျန်တဲ့နိုင်ငံတွေကို အပူဓာတ်တွေ သယ်ဆောင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ပိုဆိုးတာက လတ္တီကျုနိမ့်တဲ့ နေရာတွေမှာ အပူတွေ များပြီးတော့ မြင့်တဲ့နေရာတွေမှာ အအေးဓာတ်တွေလွန်ကဲတဲ့အတွက်ကြောင့် Wind Power ထုတ် ခြင်းသည် ငွေကုန်ကြေးကျနည်းသော်လည်း ရာသီဥတုပြောင်းလဲမှု အများကြီး ဖြစ်စေပါတယ်။ နောက်တစ်ခုက Hydro Power ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ အားလုံးသိတဲ့အတိုင်း ဆည်နဲ့လုပ်တဲ့အတွက်ကြောင့် Pressure များပါတယ်။ အောက်မြေတွေပျက်စီးပြီးတော့ ငလျင်လှုပ်မှု တွေကို ဖြစ်စေပါတယ်။ သို့သော်ကမ္ဘာမှာ အိန္ဒိယနိုင်ငံမှာ ယနေ့ဆည်ပေါင်း ၃၃ ခုကနေထုတ်နေ ပါတယ်။ နောင်လာမယ့်အနာဂတ်မှာ ဆည်ပေါင်း ၃၀၀ လောက်ထပ်လုပ်ဖို့လည်းပြင်ဆင်ထား ကြောင်း တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာ တိဗက်ကုန်းပြင်မြင့် တစ်ခုတည်းကနေ ဆည် ၇၅၀ လုပ်ဖို့ လျာထားပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာကြည့်လိုက်ရင် ကျွန်တော်တို့ ပေ ၅၀ အထက်ရှိတဲ့ Hydro Power ထုတ်တဲ့ ဆည်ပေါင်း ၁ သန်းလောက်ရှိပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ ဒီရေက ထုတ်တာတွေ ရေစီးနှုန်းကထုတ်တာတွေ အဏုမြူကထုတ်တာတွေ။ ဒီလိုပြောင်းလဲနေတဲ့ခေတ်မှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကျွန်တော်ခုနကတင်ပြသလို ငွေကြေးအခက်အခဲ၊ နည်းပညာအခက်အခဲ ရှိသော်ငြားလည်း ပြောင်းလဲဖို့လိုပါပြီ။ ယခုအခြေအနေမှာ ပြည်သူတစ်ရပ်လုံးက လျှပ်စစ်စွမ်းအားကို အပြည့်အဝလိုချင်ပါတယ်။ တင်ပြထားတဲ့ အမျိုးသားစီမံကိန်းမှာလည်း ဘယ်နေ့မှာဘယ်လောက်ထိ ပြီးမယ်။ နှစ်ရှည်စီမံကိန်းအရ ၂၀၁၅ မှာရမှာလား။ ၂၀၃၀ မှာရမှာလားစသည်ဖြင့် ဒါကိုပြည်သူက သိချင်ပါတယ်။ ဒါကြောင့် ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ နိုင်ငံတော်ကနေဆောင်ရွက်မယ့် ဖော်ဆောင်မယ့်လုပ်ငန်းတွေမှာ မြို့နယ်အလိုက်၊ ကျေးရွာအလိုက် လျှပ်စစ်မီးရရှိဖို့အတွက် ဝန်ကြီး ဌာနအနေနဲ့ ဆောင်ရွက်ထားတဲ့စီမံကိန်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်
အဖြေ

နှစ်စဉ်ဖွှံ့ဖြိုးတိုးတက်လာသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်အရ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဓာတ်အားအပြည့်အဝ ဖြန့်ဖြူးနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မဟာဓာတ်အား လိုင်းကြီးများ၊ ပင်မဓာတ်အားခွဲရုံကြီးများ၊ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ၊ ဓာတ်အားဖြန့်ဖြူးရေး ခွဲရုံများကို နှစ်စဉ်တိုးချဲ့အကောင်အထည် ဖော်တည်ဆောက်ခြင်းများကို နိုင်ငံတော်မှ ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုပေးသော ငွေလုံးငွေရင်း အသုံးစရိတ်များဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက် လျက်ရှိပါတယ်။

အဆိုပါ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ရာမှာ ဓာတ်အားစနစ်ရောက်ရှိ မည့် မြို့များနည်းတူ ပတ်ဝန်းကျင်ကျေးရွာများကိုပါ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် နိုင်ငံတော် ရဲ့ အစီအစဉ်ဖြင့် တည်ဆောက်လျက်ရှိရာမှာ တစ်နိုင်ငံလုံး မြို့ပေါင်း ၃၇၅ မြို့ရှိသည့်အနက် ဓာတ်အားစနစ်မှ မီးလင်းပြီးမြို့ ၂၀၂ မြို့၊ အခြားနည်းလမ်းဖြင့် မီးလင်းပြီးမြို့ ၁၇၁ မြို့၊ စုစုပေါင်း မီးလင်းပြီးမြို့ပေါင်း ၃၇၃ မြို့ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အခြားနည်းလမ်းမှ  ဓာတ်အားစနစ်သို့ ပြောင်းလဲနိုင်မည့်မြို့ ၆၀ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ်အထိ ဓာတ်အားစနစ် မှ မီးလင်းပြီးမြို့ ၂၆၂ မြို့နှင့် အခြားနည်းလမ်းဖြင့် မြို့ ၁၁၃ မြို့ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ မြို့အားလုံး မီးလင်းနိုင်ရန် စီမံလျာထားပြီးဖြစ်၍ ယင်းလုပ်ငန်းများအတွက် နှစ်စဉ်ရန်ပုံငွေလျာထားတောင်းခံ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဓာတ်အားစနစ်အပါအဝင် အခြားသောနည်းလမ်းများဖြင့် ကျေးရွာများမီးလင်းမှုမှာ နိုင်ငံတော် ရဲ့ အစီအစဉ်ဖြင့်လည်းကောင်း၊ ကိုယ့်အားကိုယ်ကိုးမီးလင်းရေးအစီအစဉ်ဖြင့် ပြည်သူပါဝင်သော လျှပ်စစ်ဖြန့်ဖြူးရေး အစီအစဉ်ဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိရာမှာ တစ်နိုင်ငံလုံး ကျေးရွာ ပေါင်း ၆၂၂၁၈ ရွာ ရှိတဲ့အနက်  ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ ဓာတ်အားစနစ်မှ မီးလင်းပြီး ကျေးရွာ ၃၈၀၆ ရွာနှင့် အခြားနည်းလမ်းဖြင့် မီးလင်းပြီးကျေးရွာ ၁၆၀၁၈ ရွာဖြစ်တဲ့အတွက် စုစုပေါင်းကျေးရွာ ၁၉၈၂၄ ရွာမီးလင်းပြီး ဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဓာတ်အားစနစ်မှ မီးလင်းနိုင်ရန် ၆၆/၃၃ ကေဗွီ၊ ၆၆/၁၁ ကေဗွီ၊ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများနှင့် ၆၆ ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်းများကို ရန်ပုံငွေရရှိမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ချေးငွေတို့အပေါ်မှာ မူတည်ပြီး လျာထားချက်အတိုင်း ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများမှှာ လျာထားချက်အတိုင်း တည်ဆောက်ပြီးစီးမှာဖြစ်ပါတယ်။

လက်ရှိ ဓာတ်အားထုတ်လုပ်မှုမှာ ၁၈၅၀ မဂ္ဂါဝပ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ဓာတ်အားထုတ်လုပ်မှု မှာ ၃၂၃၆ မဂ္ဂါဝပ် အထိ တိုးတက်လာရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် မဟာဓာတ်အား လိုင်းများ၊ ပင်မဓာတ်အားခွဲရုံကြီးများ၊ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားွဖန့်ဖြူးမည့်ခွဲရုံ များ တည်ဆောက်ခြင်းတို့ကို တည်ဆောက်ပြီးစီးပါက ၎င်းဓာတ်အားခွဲရုံများမှတစ်ဆင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းသို့ ကျေးရွာများမှ ကိုယ့်အားကိုယ်ကိုး လာရောက်ဆက်သွယ်လာပါက ဓာတ်အား စနစ်မှ ကျေးရွာများ လျှပ်စစ်မီးရရှိလာမှာ ွဖစ်ပါတယ်။ ထို့အတူပဲ အခြားနည်းလမ်းများဖြစ်သော ပြည်နယ်/တိုင်းဒေသကြီး ဒေသဆိုင်ရာအာဏာပိုင်များ အစီအစဉ်ဖြင့်လည်းကောင်း၊ NGO များ၊ အလှူရှင်များ အကူအညီရယူ၍လည်းကောင်း၊ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးအဖွဲ့များ ဖွဲ့စည်း၍ လည်းကောင်း ဆောင်ရွက်ရန်လည်း လိုအပ်ပါတယ်။  လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် လျှပ်စစ်ဓာတ်အားဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်တစ်ဝန်း ကျေးရွာအဆင့်အထိ လျှပ်စစ်မီးရရှိရေး အတွက်  နှစ်အလိုက်လုပ်ငန်းအလိုက် အဆင့်ဆင့် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။