ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ နှစ်ပေါင်းရှည်ကြာ တည်ဆောက် ဖြတ်သန်းခဲ့ရသော သမိုင်းဆိုင်ရာရှေးဟောင်းစေတီပုထိုးလက်ရာများဖြင့် ယနေ့ထက်တိုင်ပြည့်စုံ ကြွယ်ဝတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။ ရခိုင်ဒေသဟာ ၁၈၂၄ ခုနှစ် ရခိုင်ပိုင် ရှင်မဖြူမကျွန်းကို အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့များက လက်နက်အားကိုးဖြင့် အဓမ္မလုယူခြင်းမှစပြီးတော့ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပေါ်ခဲ့ပါတယ်။ အင်္ဂလိပ် လက်အောက် ကျရောက်ခဲ့ရခြင်းနှင့်အတူ အင်္ဂလိပ်တို့သိမ်းပိုက်ပြီးဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလား၊ စစ်တကောင်းအနေနဲ့ တစ်ဆက် တစ်စပ်တည်းလည်း ဖြစ်ခဲ့ပါတယ်။ ဒီလိုကိုလိုနီစနစ်လက်အောက်မှ ကျရောက်ရခြင်းဆိုးမွေအဖြစ် လည်းကောင်း၊ လွတ်လပ်ရေးရပြီးစ နိုင်ငံမတည်ငြိမ်တဲ့ အခြေအနေများကြောင့်လည်းကောင်း၊ ယခင်ခေတ် အဆက်ဆက်က နိုင်ငံရေးပါတီများ၏ တာဝန်မဲ့လုပ်ရပ်များကြောင့်လည်းကောင်း၊ ဒေသဝန်ထမ်းတချို့၏ နိုင်ငံရေး၊ အမျိုးသားရေးခံယူချက်အားနည်းမှုကြောင့်လည်းကောင်း ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားတိုင်း တစ်ပါးသားများ တရားမဝင်လာရောက်မှုစဉ်ဆက်မပြတ်ရှိနေခဲ့ပါတယ်ရှင့်။ တိုင်းရင်းသားမဟုတ်တဲ့ တိုင်းတစ်ပါး သားတို့ရဲ့ လူဦးရေပြန့်ပွားမှုများ၊ တရားမဝင်ဝင်ရောက်လာသူများ တိုးပွားများပြားလာတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ တည်ငြိမ်အေးချမ်းမှုကင်းမဲ့တဲ့ ပဋိပက္ခများကို ပြင်းထန်စွာရင်ဆိုင်ကြုံ တွေ့ခဲ့ရပါတယ်ရှင့်။ ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် (၄) အဖြစ် ပြဋ္ဌာန်းတဲ့ မြန်မာနိုင်ငံသားဥပဒေ အခန်း(၂) ပုဒ်မ ၃ တွင် နိုင်ငံတော်တွင်ပါဝင်သောနယ်မြေတစ်ခုခု၌ ၁၈၂၃ ခုနှစ်မတိုင်မီကစ၍ ပင်ရင်းနိုင်ငံ အဖြစ် အမြဲနေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားများနဲ့ မျိုးနွယ်စုများဟာ မြန်မာနိုင်ငံသားများဖြစ်တယ်လို့ တိကျစွာပြဋ္ဌာန်းထားတာကိုလည်း တွေ့ရှိရပါတယ်ရှင်။ ရခိုင်ပြည်နယ်မှာဖြစ်ပေါ် ခဲ့တဲ့ ပြဿနာအပေါ်မူတည်ပြီးတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို ပြောဆိုသုံးနှုန်းခြင်း၊ သူတို့က ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းပြောဆိုကြခြင်းများ ပြုနေကြကြောင်းကိုလည်း တွေ့မြင်သိရှိနေရပါတယ်ရှင်။ အဲ့ဒီအခေါ် အဝေါ်ပေါ်မူတည်ပြီးတော့ မလိုလားအပ်တဲ့ ပြဿနာများနှင့်ပဋိပက္ခများ ဖြစ်ပေါ်လျက် ရှိနေတာကိုလည်း ကြားသိနေရပါတယ်ရှင်။ အဲ့ဒီအတွက်ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်သောဝန်ကြီး ဌာနကို အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်ရှင်။ (က) မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးရှိပါ သလားရှင်။ (ခ) ရှိသည်ဆိုပါက မည်သူများဖြစ်ကြပါသလဲ။ (ဂ) မရှိဘူးဆိုပါက အထောက်အထားနဲ့ ညွှန်းဆို ပြောပြနိုင်ပါသလား ဟု မေးမြန်းပါသည်။
လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးမြန်းချက်ဖြစ်သည့် ဤအမေးမျိုးအား ပြင်ပမီဒီယာများကမေးမြန်း၍ ကြိမ်ဖန်များစွာဖြေကြားခဲ့ဖူးပြီးလည်း ဖြစ်ပါတယ် ခင်ဗျား။ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံနှင့်နယ်မြေဆက်စပ်လျက်ရှိသောကြောင့် ရှေးပဝေသဏီကာလမှပင် တစ်နိုင်ငံနှင့်တစ်နိုင်ငံကူးလူးသွားလာဆက်ဆံမှုများ ရှိခဲ့ကြပါတယ်။ သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်မယ်ဆိုလျှင် ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာပထမစစ်ပွဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ ပိုင်နက်ဖြစ်သော ရခိုင်ပြည်နယ်နှင့် တနင်္သာရီ ဒေသတို့အား အင်္ဂလိပ်ကိုလိုနီလက်အောက်ကျရောက်ခဲ့သည်ကစကာ ရခိုင်နှင့် တနင်္သာရီဒေသများ ကို အင်္ဂလိပ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းအုပ်ချုပ်ခြင်းခံခဲ့ရပြီး ဆက်လက်၍ ရခိုင် ဒေသအား အနောက်ဘင်္ဂလားသို့ သွတ်သွင်းခဲ့သဖြင့် ရခိုင်ပြည်နယ်သို့ ဘင်္ဂလားနယ်မှ မူဆလင်များ အများအပြားဝင်ရောက်အခြေချလာခဲ့ကြခြင်း ဖြစ်ပါတယ်။
ခရစ်သက္ကရာဇ် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ခုလုံးကို ဗြိတိသျှလက်အောက်ကျရောက်ခဲ့ ပြီးနောက် မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ မီးရထားလမ်း၊ မော်တော်ကားလမ်းများဖောက်လုပ်ခြင်း၊ သင်္ဘောဆိပ်များတွင် ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အင်္ဂလိပ်စစ်တပ်နှင့် အစိုးရဌာနများတွင် ဝန်ထမ်းများလိုအပ်ခြင်း၊ ကုန်သွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းစသည့်အကြောင်းများကြောင့် အိန္ဒိယမှ အိန္ဒိယနွယ်ဖွားများ အလုံးအရင်း ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြပါတယ်။ ၎င်းအပြင် ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ဘင်္ဂလားဒေ့ရှ်မှ ရာသီအလိုက် လယ်ယာလုပ်သားများ ဝင်ရောက် လာပြီး နောက်ပိုင်းကာလများတွင် ၎င်းတို့သည် ရခိုင်ပြည်နယ်တွင် အခြေချနေထိုင်လာခဲ့ကြပါတယ်။
ရိုဟင်ဂျာလူမျိုးဟူ၍ ရခိုင်ပြည်နယ်တွင် မည်သည့်အခါမှမရှိခဲ့ပါ။ ရိုဟင်ဂျာဟူသော လူမျိုးဖြင့် နယ်ချဲ့ဗြိတိသျှကိုလိုနီခေတ် မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းများ၊ မှတ်တမ်းများ၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းများအရ လူမျိုး ဖော်ပြရာတွင်လည်း ပါဝင်ခဲ့ခြင်းမရှိသည့်အပြင် ဗြိတိသျှခေတ် Result များ၌လည်း ပါဝင်ခဲ့ခြင်းမရှိ၍ ရုံးလက်ခံအိမ်ထောင်စုလူဦးရေစာရင်းများတွင်လည်း ရေးသွင်းထားခြင်းမရှိခဲ့ပါ။ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှတ်တမ်းများအရ တိုင်းရင်းသားမဟုတ်သည့် နိုင်ငံခြားလူမျိုးအမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလူမျိုးများသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ် တစ်ရာကျော်တွင်လည်း ရိုဟင်ဂျာလူမျိုးဟူ၍ မပါရှိခဲ့ပါ။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက် အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား ထုတ်ပေးရေး ဆောင်ရွက်ရာတွင် ရုံးလက်ခံပုံစံ(၁) မှတ်တမ်းများ၌ ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ခေတ်အဆက်ဆက်ကရောက်ရှိနေထိုင်လာခဲ့သူများမှာ မူဆလင်လူမျိုးဟု ရေးသွင်းခဲ့ပြီး ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးနောက် ပုံစံ(၁)များတွင် ဘင်္ဂါလီလူမျိုးအဖြစ်သာ မှတ်တမ်းတင်ခဲ့ပါ ကြောင်း ရိုဟင်ဂျာ သို့မဟုတ် ရိုအင်ဂျာလူမျိုးဟူ၍ မှတ်တမ်းတင်ထားရှိခြင်းမရှိကြောင်း ပြန်လည် ဖြေကြားပါသည်။
