(ခ)-ဇီဝဗေဒဘာသာရပ်ကို အဓိက သင်ယူနေကြသော ကျောင်းသား/ကျောင်းသူများအား စာမေးပွဲ ဖြေဆိုချိန်တွင် ဘောဂဗေဒဘာသာရပ်နည်းတူ ဖြေဆိုချိန် သတ်မှတ်ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂၀.၂.၂၀၁၃)

ဇီဝဗေဒဘာသာတွဲတွင် သင်ယူနေသော ကျောင်းသားကျောင်းသူများအတွက် ဇီဝဗေဒဘာသာရပ်သည် အင်္ဂလိပ်လိုသင်ကြားကျက်မှတ် ရသော ဘာသာရပ်ဖြစ်သည့်အပြင် စာမေးပွဲဖြေဆိုချိန်တွင်လည်း နားရက်မရှိ တစ်ဆက်တည်း ဖြေဆိုနေရပါသဖြင့် ကျောင်းသားကျောင်းသူများသည် ကျက်မှတ်ထားရသော စာများကို ပြန်လည် နွှေးချိန်မရပါသဖြင့် စာမေးပွဲတွင် ရမှတ်များရသင်‌့သလောက် လုံးဝမရရှိခဲ့ကြပါ။ ဘောဂဗေဒဘာသာ တွဲ အတွဲ(၁)တွင် သင်ယူနေကြသော ကျောင်းသားကျောင်းသူများနဲ့ နှိုင်းယှဉ်လျှင်လည်း ဘောဂဗေဒ ဘာသာရပ်သည် မြန်မာဘာသာဖြင့်သာ သင်ကြားကျက်မှတ်ဖြေဆိုရသည့် ဘာသာရပ်ဖြစ်ပြီး ၎င်းဘာသာရပ်အတွက် ဖြေဆိုရသော စာမေးပွဲဖြေဆိုရက်အချိန်မှာလည်း ဇီဝဗေဒဘာသာရပ်ထက် စာကျက်ချိန် ၃ ရက် စာနွှေးချိန် ၃ ရက် ပိုရနေသည်ကို တွေ့ရှိရပါသည်။ ဇီဝဗေဒဘာသာရပ် ထက်အားသာနေသည့်အပြင် ကျန်ဘာသာရပ်များကိုလည်း အားစိုက်ချိန်ရသဖြင့် ဇီဝဗေဒဘာသာရပ် အထူးယူသော ကျောင်းသားကျောင်းသူများနှင့်နှိုင်းယှဉ်လျှင် အမှတ်အလွန်များနေသည်ကို တွေ့ရှိရပါ တယ်။ ဇီဝဗေဒမှာ အင်္ဂလိပ်လိုကျက်မှတ်ရပြီး စာမေးပွဲဖြေဆိုချိန်တွင်လည်း နားရက်မရှိ ဆက်တိုက် ကျက်မှတ်ဖြေဆိုနေရပါသဖြင့် ဘောဂဗေဒဘာသာရပ်ထက် ရမှတ်များမရရှိဘဲ အားနည်းနေသည် ကိုလည်း တွေ့ရှိရပါသည်။ ထိုသို့ ဇီဝဗေဒဘာသာရပ်အတွက် အားနည်းချက်များရှိပါသဖြင့် ကျောင်းသားကျောင်းသူများ ဇီဝဗေဒဘာသာရပ်ကို အဓိကဘာသာရပ်အဖြစ်သင်ယူရမှာကို ကြောက်ရွံ့နေခြင်းလည်း ကျွန်တော်တို့ မဖွံ့ဖြိုးသေးတဲ့ ပြည်နယ်မှာ တွေ့ရှိရမှာ အမှန်ဖြစ်ပါတယ်။ ဇီဝဗေဒသာဘာရပ်သည် ကျန်းမာရေးဆေးဝါးပညာအတွက် အခြားအဘက်ဘက်တွင် အလွန်အရေး ပါလှသောကြောင့် ထိုသို့ဆက်ပြီးဖြစ်နေပါက ဇီဝဗေဒဘာသာရပ်သည် တဖြည်းဖြည်းပျောက်ကွယ် မှေးမှိန်သွားမှာကိုလည်း စိုးရိမ်မိပါတယ်။ သို့ဖြစ်ပါ၍ အင်္ဂလိပ်စာသိပ်မကျွမ်းကျင် သိပ်မတတ် မြောက်သေးလို့ ယူဆရတဲ့ ကျွန်တော်တို့ မဖွံ့ဖြိုးသေးတဲ့ တိုင်းရင်းသားဒေသများမှာ အဓိက ကျွန်တော်တို့ ပြည်နယ်တွေမှ ပြည်သူများရဲ့ကိုယ်စား အောက်ပါမေးခွန်းကို မေးမြန်းအပ်ပါတယ်။ ဇီဝဗေဒဘာသာရပ်ကို အဓိကသင်ယူနေကြသော ကျောင်းသားကျောင်းသူများအား စာမေးပွဲဖြေဆိုချိန် တွင် ဘောဂဗေဒဘာသာရပ်နည်းတူ ဖြေဆိုချိန်နှင့် သတ်မှတ်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိနှင့် ယခုနှစ်တွင် အစီအစဉ်မရှိပါက အကယ်၍ မည်သည့်နှစ်တွင် အစီအစဉ်ရှိမည်ကို သိရှိလိုသည့်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျွန်တော့်အနေနဲ့ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကို   ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်ကစပြီးတော့ ကြေညာပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဒါကြောင့်မို့ ကြေညာချက်အဖြစ်တော့ မြန်မာပြည်မှာ National Exam က ဒီတစ်ခုတည်းရှိပါတယ်။ အဲဒီအတွက် လက်ရှိအချိန်မှာတော့ ဇီဝဗေဒဘာသာရပ်ကို အဓိကသင်ယူနေကြတဲ့ ကျောင်းသား ကျောင်းသူများ အနေဖြင့် ယခုနှစ်မှာ ဘောဂဗေဒဘာသာရပ်နည်းတူ ‌ွဖေဆိုချိန်သတ်မှတ်ပေးနိုင်ရန် အစီအစဉ် လောလောဆယ်မရှိကြောင်း ဖြေကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ အနည်းငယ်ရှင်းပြခွင့်ပြုပေးပါ ရန် ဥက္ကဋ္ဌကြီးကို မေတ္တာရပ်ခံပါတယ်။ ဒီနှစ်စာမေးပွဲ အချိန်စာရင်းဟာ ကျွန်တော်တို့ဟာ ၁၃ ရက်နေ့ မတ်လမှာ စပါမယ်။ မြန်မာစာ ဖြစ်ပါတယ်။ ၁၄ ရက်နေ့မှာ  ကြာသပတေးနေ့ဖြစ်ပါတယ်။ အင်္ဂလိပ်စာ ဖြစ်ပါတယ်။ ၁၅ ရက်နေ့မှာ ‌သောကြာနေ့ဖြစ်ပါတယ်။ ၁၆ ရက်နေ့ စနေနေ့ကျတော့ စိတ်ကြိုက် မြန်မာစာ ဖြစ်ပါတယ်။ ကျောင်းသားက ၆၀၀ လောက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စနေနေ့မှာလည်း သူတို့နားပါတယ်။ တနင်္ဂနွေလည်း နားပါတယ်။ နှစ်ရက်နားပြီးမှ ၁၈ ရက် တနင်္လာနေ့ကျတော့ ဓာတုဗေဒဖြစ်ပါတယ်။ ၁၉ ရက်နေ့ကျတော့ ရူပဗေဒဖြစ်ပါတယ်။ ၂၀ ရက်နေ့မှာ ဇီဝနဲ့ သမိုင်းဖြစ်ပါ တယ်။ ၂၁ ရက်နေ့မှာ ပထဝီဝင်ဖြစ်ပါတယ်။ ၂၂ ရက်နေ့မှာ ဘောဂဗေဒဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ကျောင်းသားဘဝက ၆၇-၆၈ ပါ။ ကျွန်တော်တို့ ငါးဘာသာဖြေရပါတယ်။ ခြောက်ဘာသာ မဟုတ်ပါဘူး။ ကျွန်တော်တို့ Non Stop တစ်ခါမှ မနားခဲ့ရပါဘူး။ ကျွန်တော့်ညီတွေဖြစ်တဲ့ ဒီထဲမှာ ကျွန်တော့်ထက်နောက်ကျတဲ့ အောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ သူတို့ခေတ်က လည်း ခြောက်ဘာသာဖြစ်ပါတယ်။ သူတို့ဟာ လုံးဝမနားခဲ့ကြရပါဘူး။ Non Stop ပဲ ဖြေခဲ့ကြရပါ တယ်။ အခု ဒီဟာကျတော့ ကျွန်တော်တို့က နှစ်ရက်နားရအောင်လို့ ကျွန်တော်တို့က ဗုဒ္ဓဟူးနေ့ စလိုက် ပါတယ်။ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ။ စနေနေ့က ကျတော့ စိတ်ကြိုက်မြန်မာစာဆိုတာ အင်မတန်လည်း နည်းပါးပါတယ်။ ကျွန်တော်တို့ ကွန်မြူနေးရှင်းတွေက လည်း ရှစ်ခုပါတယ်။ ကြားထဲအစားထိုး လို့လည်း အင်မတန်ခက်ခဲပါတယ်။ အဲဒီတော့ စနေ၊ တနင်္ဂနွေ ပြီးတော့ ဓာတုဗေဒလာမယ်။ ရူပဗေဒ၊ ဇီဝဗေဒလာမယ်။ ဘောဂဗေဒကတော့ By Chance အရ နောက်ဆုံးသောကြာနေ့မှာ ဖြေရမှာ ဖြစ်ပါတယ်။ လာမယ့်နှစ် တကယ်လို့ လုပ်မယ်ဆိုရင် တရားမျှတမှု လို့ထင်ရင်တော့ ကျွန်တော်တို့ လွယ်ပါတယ်။ ပထမရက် ဗုဒ္ဓဟူးနေ့ကို မြန်မာစာ၊ ကြာသပတေးနေ့ကို အင်္ဂလိပ်စာ၊ သောကြာနေ့ကို သင်္ချာ။ စနေနေ့ကို စိတ်ကြိုက်မြန်မာစာ။ ကျန်တာတွေ နားပါတယ်။ တနင်္ဂနွေနေ့ကို အကုန်နားပါတယ်။ တနင်္လာ ဓာတုဗေဒ၊ အင်္ဂါ ရူပဗေဒ၊ ဗုဒ္ဓဟူးကျလို့ရှိရင် ဇီဝနဲ့ ဘောဂကို တစ်ပြိုင်တည်း ဖြေရင်လည်း ဖြစ်ပါတယ်။ ဇီဝရော ဘောဂရော တစ်ပြိုင်တည်း ဖြေရရင် အခွင့်အရေးတူဖြစ်ပါတယ်။ တစ်ခုကတော့ရှိတာပေါ့။ ဘောဂကတော့ နာသွားတာပေါ့။ နားရက် မရလိုက်တော့ဘူး။ အဲဒီလို လုပ်ရင်တော့ ကျွန်တော်တို့က လွှတ်တော်သဘောပါပဲ။ အများဆန္ဒနဲ့ဆို ကျွန်တော်တို့က လုပ်ဖို့ အဆင်သင်‌့ပါပဲ။ ကျွန်တော်တို့ခေတ်ကတော့ မနားခဲ့ရပါဘူး။ ငါးရက်စလုံး ဆက်တိုက်ဖြေရပါတယ်။ နှစ်ရက်နားစေချင်လို့ ကျွန်တော်တို့က ဗုဒ္ဓဟူးနေ့ကို စခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ လုပ်မယ်ဆိုရင်တော့ ဇီဝနဲ့ဘောဂကို တစ်ရက်တည်းဖြေလို့ရပါတယ်။ ဝိဇ္ဇာဖြေတဲ့ကျောင်း ရှိသလို သိပ္ပံဖြေတဲ့ကျောင်းကိုလည်း ခွဲထားပါတယ်။ အဲဒီလိုဆိုရင် ဘောဂဗေဒကတော့ တစ်ပြိုင်တည်း ဖြေကြ။ အဲဒါလေး ကျွန်တော်တို့ ရှင်းပြပါရစေခင်ဗျား။ ဒါကြောင့်မို့ ကျွန်တော်တို့ ခေတ်တွေကတော့ ကျွန်တော့်ညီတွေလည်း ရှိပါတယ်။ ခြောက်ဘာသာဖြေတဲ့လူတွေရှိတယ်။ ကျွန်တော်တို့ Non Stop ပါ။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ ခြောက်ဘာသာဖြေရတယ်။ ကျွန်တော်တို့ကျတော့ သောကြာနေ့အထိပဲ ငါးဘာသာပဲ ဖြေခဲ့ရသည် ဟု ရှင်းလင်းဖြေကြားပါသည်။

ဥက္ကဋ္ဌ ။ ။ ဆရာကြီး ဒေါက်တာမြအေး။  လွှတ်တော်ရဲ့ သဘောထား အဆုံးအဖြတ် ဆိုတာနဲ့ပတ်သက်လို့တော့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စကို သက်ဆိုင်ရာဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာန များက လုပ်ဖို့ပဲ ဖြစ်ပါတယ်။

ဒေါက်တာမြအေး(ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)။               ။ ဟုတ်ပါတယ်။ 

ဥက္ကဋ္ဌ ။ ။ လူရဲ့သဘောသဘာဝကတော့ ဒီလိုပဲဆန္ဒတွေ၊ သဘောထားတွေ ရှိကြပါတယ်။ လူ့အကြိုက်တော့ နတ်မလိုက်နိုင်ပါဘူး။ အဲဒီတော့ လုပ်သင်‌့လုပ်ထိုက်တာ လုပ်ဖို့ပဲ ဖြစ်ပါတယ်။

ဒေါက်တာမြအေး(ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)။               ။ ဒါကြောင်‌့မို့ ကျွန်တော်ရှင်းပြပါတယ်။ ကျွန်တော်တို့တုန်းက လုံးဝမနားခဲ့ရပါဘူး။ တကယ်တော်တဲ့ကလေးကလည်း မနားရလည်း တော်ပါတယ်။ ညံ့တဲ့ကလေးက အဲဒီနှစ်ရက်နားရလည်း တစ်ပုဒ်တောင်မရဘူး။ စဉ်းစားကြည့်ပါတယ်။

ဥက္ကဋ္ဌ ။ ။ ဒါကြောင့် ဖြစ်သင်‌့ဖြစ်ထိုက်တဲ့ကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနကသာ ဆောင်ရွက်ပေးပါ။ ကျွန်တော်တို့ လွှတ်တော်ကတော့ မဆုံးဖြတ်ပါရစေနဲ့။