(က) ဦးအောင်ထွန်းသာ၊ မြောက်ဦး မဲဆန္ဒနယ်၏ ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ပြည်ပနိုင်ငံသားများ လာရောက်လည်ပတ်မှုကို တားမြစ်ထားခြင်းမှ ပြန်လည်သွားလာခွင့်ပြုရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၂၀.၂.၂၀၁၃)

ရခိုင်ပြည်နယ် မြောက်ဦး ဒေသဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ စုစည်းတည်ရှိရာ သုတေသနနယ်မြေတစ်ခု ဖြစ်ပါတယ်။  ၁၄၃၀ ခုနှစ်မှာ စတင်ခဲ့တဲ့ မြို့ရိုးတံတိုင်းများ၊ နန်းတော်ရာကုန်းနှင့် သမိုင်းဝင်ဘုရား ပုထိုးစေတီများ တည်ရှိနေသော နယ်မြေဖြစ်ပါတယ်။ ပုဂံကဲ့သို့ ကမ္ဘာလှည့်ခရီးသည်များ၊ နိုင်ငံတကာ သမိုင်းပညာရှင်များ၊ သုတေသီများ အထူးစိတ်ဝင်တစားလာရောက်သောဒေသလည်း ဖြစ်ပါတယ်။ မြောက်ဦးဒေသတိုးတက်ဖွံ့ဖြိုးရေးဟာ ရခိုင်ပြည်နယ်အတွက်သာမက ပြည်ထောင်စုကြီးတစ်ခုလုံး အတွက်လည်း အလွန်အရေးကြီးပါတယ်။ ဤနယ်မြေဟာ ရခိုင်တို့ရဲ့ အနုပညာယဉ်ကျေးမှုနှင့် ဆက်စပ်နေသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတစ်ခုဖြစ်တဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း အတွက် အလွန်အရေးပါနေပါတယ်။ ဒါကြောင့် မြောက်ဦးဒေသသည် နိုင်ငံတော်မှ အထူးအာရုံစိုက် သင့်သော၊ အလေးထားသင့်သော ဒေသတစ်ခုဖြစ်နေပါတယ်။ သို့သော် ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်းက တစ်ကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် မြောက်ဦးဒေသသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်မှုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တားမြစ်ပိတ်ပင် ထားခဲ့ပါတယ်။ ပဋိပက္ခဖြစ်ပွားခဲ့သောနေရာဟာ မြောက်ဦးမြို့မှ အရှေ့ဘက် ၅ မိုင်ဝေးသော ပရိန်ရွာ နှင့် မြောက်ဦးမြို့ရဲ့တောင်ဘက် ၇ မိုင်ကျော်ဝေးသော ယိုင်သေရွာတို့ ဖြစ်ပါတယ်။ အချိန်တိုအတွင်း လုံခြုံရေးအပြည့်အဝချထားပေးခြင်းနှင့် ညမထွက်ရအမိန့်ထုတ်ပြန်ပေးခြင်းတို့ကြောင့် တစ်ပတ် အတွင်း တည်ငြိမ်အေးချမ်းခဲ့ပါတယ်။ မြောက်ဦးမြို့ထဲတွင် ဘင်္ဂါလီလူမျိုးများ တစ်ဦးတစ်ယောက်မျှ နေထိုင်မှုမရှိတာကြောင့် မည်သည်‌့ပြဿနာများ၊ မည်သည်‌့ပဋိပက္ခများ မရှိခဲ့ပါ။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှစ၍ ညမထွက်ရအမိန့်ကို ည ၈ နာရီမှ နံနက် ၅ နာရီအထိ လျှော့ချပေးခဲ့ပြီး ဖြစ်ပါတယ်။ နယ်မြေဒေသတည်ငြိမ်အေးချမ်းနေပြီဖြစ်သော်လည်း သွားလာခွင့်အချိန်ကို ကန့်သတ်ထားဆဲရှိ နေသေးတာကြောင့် တစ်ပိုင်တစ်နိုင်လုပ်ကိုင်ရှာဖွေစားသောက်နေကြသော ရေလုပ်သားများနှင့် နယ်မှ ဟင်းသီးဟင်းရွက် ရောင်းချသူများ အလွန်အခက်အခဲရှိနေကြကြောင်းလည်း သိရှိရပါတယ်။ ဒါ့အပြင် ပြည်ပခရီးသွားများကို တားမြစ်ပိတ်ပင်ထားခြင်းကြောင့် နိုင်ငံခြားသားများအတွက် ဝန်ဆောင်မှု ပေးနေသော မြောက်ဦးမြို့ရှိ ဟိုတယ်များ၊ တည်းခိုခန်းများ အလုပ်မဖြစ်တော့ဘဲ တည်းခိုမည့်သူတစ်ဦး တစ်ယောက်မှမရှိကြောင်း သိနေရပါတယ်။ ခရီးသွားများအတွက် ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက် ပေးနေသည့် ကားများ၊ အနှေးယာဉ်များ၊ ရေယာဉ်များမှာလည်း ရပ်တန့်နေရချိန်များတာကြောင့် လူမှုစီးပွားဘဝ ရပ်ဆဲလျက်ရှိနေကြပါတယ်။ အကျိုးဆက်အနေဖြင့် ယခုနှစ်သွားလာမှုပိတ်ပင်ထားမှု ကြောင့် နောင်လာမည့်နှစ်အတွက်ပါ ကြိုတင်စာရင်းပေးထားမှုများ မရှိတော့ပြီဖြစ်၍ လုပ်ငန်းရှင်များ စီးပွားရေးကျဆင်းသကဲ့သို့ နိုင်ငံတော်အတွက်ပါ နိုင်ငံခြားဝင်ငွေလျော့နည်းသွားမည် ဖြစ်ပါတယ်။ ဒါကြောင့် ပဋိပက္ခဖြစ်ပွားခဲ့သော နေရာနှင့်ဝေးကွာသည့် မြောက်ဦးမြို့သို့ ပြည်ပနိုင်ငံသားများ လာရောက်မှုကို ဟန့်တားထားခြင်းမှ ပြန်လည်သွားလာခွင့်ပြုရန် ဟိုတယ်ပိုင်ရှင်များ၊ တည်းခိုရိပ်သာ နှင့် ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ကြသူများမှ အထူးစောင့်မျှော်အားကိုးလျက် ရှိနေကြပါတယ်။ ဒါကြောင့် ဟိုတယ်၊ တည်းခိုရိပ်သာနှင့် ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေကြသူများ၏ဆန္ဒအရ ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ပြည်ပနိုင်ငံသားများ လာရောက်လည်ပတ်မှုကို တားမြစ်ထားခြင်းမှ ယခုနှစ်တွင် ပြန်လည်သွားလာခွင့်ပြုရန် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည်‌့လတွင် ပြန်လည်ခွင့်ပြုပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေ
အဖြေ

ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနရဲ့ ရည်ရွယ်ထားတဲ့ အန္တိမရည်မှန်းချက်ဟာ Not Only for Commercially စီးပွားရေးတွက်ကိန်းနှင့်ဆောင်ရွက်ခြင်းမဟုတ်ပါဘူး။ နောက် Financially  ဘဏ္ဍာရေးတိုးပွားမှုကို လည်း ရည်ရွယ်တဲ့ အန္တိမရည်မှန်းချက်မရှိပါဘူး။ ကျွန်တော်တို့ရဲ့ အဓိကထားတဲ့ ရည်မှန်းချက်က တော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှာ ရှိနေကြတဲ့ ညီရင်းအကိုမောင်ရင်းနှမ ပြည်နယ်/တိုင်းဒေသအသီးသီးမှာရှိနေကြတဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုလို့ခေါ်တဲ့ Traditional Curture နောက်ရှိနေကြတဲ့ မြန်မာဟေ့လို့ပေါ်ထွန်းလာတဲ့ခေတ်ဟာလည်းပဲ ထောင်သောင်းသန်းချီ နေပြီဖြစ်တဲ့အတွက် ရှိနေတဲ့သမိုင်းရဲ့ ရှိနေအပ်သော Heritage လို့ခေါ်တဲ့ သမိုင်းဝင်များကို ကမ္ဘာက သိရှိအောင်ကျွန်တော်တို့ ဖော်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ဦးတည်ပါတယ်။ ဒါကြောင့်မို့လို့ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းသော မြောက်ဦးမဲဆန္ဒနယ်မှ ဦးအောင်ထွန်းသာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးအား မိမိရဲ့ပြည်နယ် အကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးပြီးတော့ မေးမြန်းတဲ့မေးခွန်းဖြစ်တဲ့အတွက် အထူးပင်ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူမိပါ ကြောင်း ဦးစွာပန်ကြားလိုပါတယ်။ ကျွန်တော်တို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန အနေနဲ့ ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်မှာ  ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့ မြောက်ဦး မြို့နယ်ဟာ လွတ်လွတ်လပ်လပ်သွားလာခွင့်ဆိုတာကို သတ်မှတ်ခဲ့ပါတယ်။ ထိုသတ်မှတ်ခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ကျွန်တော်တို့ Tourism များရဲ့ စေလွှတ်မှုနှင့် FIT လို့ခေါ်တဲ့ Forigen Intervened Traveller လွတ်လပ်စွာသွားလာနိုင်ခွင့်ကို ဆောင်ရွက်စေခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာ ကြိုတင်ခွင့်ပြုချက်များ ခွင့်ပြုတောင်းခံခြင်းမရှိဘဲနှင့် ၂၀၀၈ ခုနှစ်ကနေစပြီးတော့ မြောက်ဦးမြို့နယ်ဟာ လွတ်လွတ်လပ်လပ် ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လေ့လာနိုင်ဖို့အတွက် စီစဉ်ခဲ့စေပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ အခြေအနေ ဖြစ်ပေါ်မှုကြောင့် One of the Crisis ဖြစ်တဲ့အတွက် ၃၀-၈-၂၀၁၂ မှာ ခေတ္တပိတ်ထားခဲ့ရပါတယ်။ ဒါကြောင့် အညှီရှိရင်ယင်အုံတယ်။ ဒါကြောင့်မို့လို့ မီးဘေးရှောင်မလောင်ခင်တားဆိုသလို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့ ၃၀-၈-၂၀၁၂ ရက်နေ့ကနေစပြီးတော့ ခေတ္တပိတ်ထားခဲ့သော်လည်းပဲ ၂၅-၉-၂၀၁၂ နေ့မှာ ပြန်လည်ပြီးတော့ ဖွင့်လှစ်ပေးခဲ့ပါတယ်။ တစ်ခါ အခြေအနေမတည်ငြိမ်သေးတဲ့အတွက်ကြောင့်မို့လို့ ၂၅-၁၀-၂၀၁၂ ရက်နေ့မှာ တစ်ခါပြန်ပြီးတော့ ပိတ်ခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ၂၅-၁၀-၂၀၁၂ ကနေပိတ်ခဲ့တဲ့ နေရာမှာ ၃၀-၁-၂၀၁၃ အတွင်းမှာ ကျွန်တော်တို့ထံလည်း ခွင့်မတောင်း သူတို့ထင်ရာသွားလာနေကြတဲ့ ကမ္ဘာလှည့်ခရီးသည်စုစုပေါင်း ၁၄၀ ဦးရှိခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။ သို့သော်လည်းပဲ ထိုသို့ သွားလာနေတဲ့ပုဂ္ဂိုလ်များကို အနှောင့်အယှက်မရှိ ဘေးကင်းရန်ကင်းအောင်ဆိုပြီးတော့ ၄-၁၁-၂၀၁၂ ရက်နေ့မှာ ကျွန်တော်တို့ ညွှန်ကြားရေးမှူးအဆင့်ထက်မနိမ့်တဲ့ ပုဂ္ဂိုလ်ကို အနီးကပ်ကြီးကြပ်ဖို့အတွက် စေလွှတ်ပေးစေခဲ့ ပါတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်ရဲ့ဆောင်ရွက်မှုနဲ့ပဲ ကမ္ဘာလှည့်ခရီးသည်များ ခွင့်ပြုမိန့်မပေးသော် လည်းပဲ သူတို့သွားရောက်ပြီး လေ့လာနေကြတဲ့အတွက် ဒါကို မှတ်တမ်းအဖြစ်နဲ့သာတင်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စောစောက ပဏာမမှာတင်ပြခဲ့သလို ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ စီးပွားရေးနှင့်ဘဏ္ဍာရေးကို ဖြည့်တင်းပေးဖို့ဆိုတဲ့ရည်ရွယ်ချက်ကို အဓိကမထားဘဲ ယခု ဦးအောင်ထွန်းသာရဲ့တင်ပြချက်အတိုင်း မြောက်ဦးမြို့နယ်မှာ စေတီပုထိုးတွေ စူးစမ်းစရာတွေ အများကြီးရှိတဲ့အတွက် ကျွန်တော်တို့ သက်ဆိုင်ရာကနေပြီးတော့ အေးအေးချမ်းချမ်းတည်တည် ငြိမ်ငြိမ်ဖြစ်လာမယ်ဆိုရင် ပြန်လည်ပြီးတော့ မြောက်ဦးမြို့နယ်ကို ယခင်ကလည်းပဲ Open Up လုပ်ခဲ့ တဲ့အတွက် မကြာမီမှာ ခွင့်ပြုသွားနိုင်ပါလိမ့်မယ်လို့တင်ပြရင်း ဦးအောင်ထွန်းသာရဲ့ မေးခွန်းကို လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာဖြင့် မေးမြန်းချက်ကို ဖြေကြားပါသည်။