(ဃ)-ပြန်ကြားရေးဝန်ကြီးဌာနမှ မြို့နယ်များတွင် ဖွင့်လှစ်ထားရှိသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၃.၁၁.၂၀၁၂)

နိုင်ငံတော် အစိုးရ သည် စနစ်တစ်ခုမှတစ်ခုသို့ တိုးတက်နေသော ခေတ်နှင့်လျော်ညီစွာ ကူးပြောင်း၍ ပြည်သူများရဲ့ လိုအပ်ချက်များကို တတ်နိုင်သ၍ ဖြည့်ဆည်းဖော်ဆောင်ပေးရာတွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာအပြင် သတင်းမီဒီယာအခန်းကဏ္ဍနှင့် မဏ္ဍိုင် ၄ ရပ်ဖြင့် အပြန်အလှန်ထိန်းညှိစနစ်ဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲဆောင်ရွက်သွားနေသည်ကို ပြည်သူများ အသိပင် ဖြစ်ပါတယ်။ ပြည်သူများ အတွက် ခေတ်စနစ်တွေ ပြောင်းလဲသည်နှင့်အမျှ ပြောင်းလဲလာသော ခေတ်စနစ်နှင့်လျော်ညီသော ပြုပြင်ပြောင်းလဲမှုနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာနမှလည်း မျက်ခြေမပြတ် မိမိတို့နိုင်ငံရဲ့ နယ်စပ်ဒေသများပါမကျန် အတတ်နိုင်ဆုံး တစ်ပြေးညီ သတင်းဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေး အတွေးအခေါ် အမြော်အမြင် မှန်ကန်သည့်ဘက်မှ မြင့်မားလာရေးအတွက် မြှင့်တင်ပေးသွားရန် လိုအပ်လျက်ရှိပါတယ်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်များတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများ ဖွင့်လှစ်ထားရှိပေးထားတာကိုလည်း ဝမ်းသာပါတယ်။ ထိုမြို့နယ် များတွင် အခြားဝန်ကြီးဌာနဆိုင်ရာများရဲ့ မြို့နယ်အဆင့်ရှိ ရုံးများတွင် ဦးစီးအရာရှိ၊ ဦးစီးမှူးများ ထားရှိပြီး ပြည်သူများအတွက် မိမိတို့ဌာနဆိုင်ရာ လုပ်ငန်းများ၊ တာဝန်များကို ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။ သို့သော် ပြည်သူလူထု၏ ဘက်စုံဗဟုသုတဉာဏ်ပညာ ရရှိရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက် မြင့်မားလာရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သော သတင်းမီဒီယာနှင့် စာပေဖတ်ရှု လေ့လာပြီး အတွေးအခေါ်အမြော်အမြင်မြင့်မားလာရေးနှင့် အလင်းအမှောင်ခွဲခြား စိတ်ဖြာနိုင်ရန် အလွန်အရေးကြီးသောကဏ္ဍကို ကိုင်တွယ်ရမည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး မြို့နယ်အဆင့် ရှိရုံးများတွင် ဦးစီးအဆင့်သာထားရှိပြီး မြို့နယ်အဆင့်မှ ငွေကြေးရန်ပုံငွေ ကိုင်တွယ်ခွင့်၊ သုံးစွဲခွင့် မရှိခြင်းနှင့် အခြားလုပ်ငန်းဆောင်ရွက်ကိုင်တွယ်ခွင့်များတွင် အားနည်းမှုများ ရှိနေသည်ကို တွေ့ရှိရပါ တယ်။ ထိုမြို့နယ်များတွင် ဦးစီးအရာရှိ၊ ဦးစီးမှူးအဆင့်များ ခန့်ထားဆောင်ရွက်ပေးသွားခြင်းဖြင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆောင်တာကိစ္စရပ်များ အဖြာဖြာတိုးတက်မြင့်မားလာမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများ မေးမြန်းတင်ပြလိုပါတယ်။ (၁) ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်နယ် နှင့်တိုင်းအသီးသီးရှိ မြို့နယ်များတွင် ဖွင့်လှစ်ထားရှိသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးများတွင် လက်ထောက်ဦးစီးမှူးထားရှိရာမှာ ဦးစီးအရာရှိ၊ ဦးစီးမှူး တိုးမြှင့်ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ။ (၂) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးများတွင် ဦးစီးအရာရှိ၊ ဦးစီးမှူး ခန့်ထားပြီး ပြည်သူများ၏ လူမှုဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမြင့်မားလာရေးအတွက် သုံးစွဲရမည့်ရန်ပုံငွေ များ မြို့နယ်အဆင့်မှ တိုက်ရိုက်ကိုင်တွယ်သုံးစွဲခွင့်ပြုသွားရန် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းပါသည်။ 


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှာ လက်ရှိဖွဲ့စည်းပုံအရ တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှာ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်ရုံးများမှာ ဦးစီးအရာရှိ၊ မြို့နယ်ရုံးများမှာ ဒုတိယဦးစီးမှူးဟူ၍ ရုံးဌာနအလိုက် ကြီးကြပ်ကွပ်ကဲရန် တာဝန်ပေးအပ်ထားပါတယ်။ လုပ်ငန်းတာဝန်အရ လောလောဆယ် ဒုတိယဦးစီးမှူး (လစာနှုန်းကျပ် ၅၉၀၀၀-၁၀၀၀-၆၄၀၀၀)များကို အဆင့်တိုးမြှင့် ဖွဲ့စည်းရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်ကြားအပ်ပါတယ်ခင်ဗျား။

ဆက်လက်ပြီး ဒုတိယမေးခွန်းဖြစ်တဲ့ ရန်ပုံငွေသုံးစွဲမှုနှင့်ပတ်သက်၍ မြို့နယ်အဆင့်မှ တိုက်ရိုက် ကိုင်တွယ်သုံးစွဲခွင့်ပြုသွားရန် အစီအစဉ်ရှိ၊ မရှိနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အတွင်းရှိ ခရိုင်ရုံး ၆၆ ရုံးမှ ခရိုင်ဦးစီးအရာရှိများကို ငွေထုတ်သူအရာရှိ (Drawing Officer) အဖြစ် ခန့်အပ်တာဝန်ပေးထားပါတယ်။ မြို့နယ်အဆင့် တာဝန်ခံ ဒုတိယဦးစီးမှူးများသည် ပြန်တမ်းဝင်အရာရှိ အဆင့် မဟုတ်သည့်အတွက် ငွေထုတ်သူအရာရှိ (Drawing Officer) အဖြစ် တာဝန်ပေးထားခြင်း မရှိသော်လည်းပဲ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းအရ ဝန်ကြီးဌာန၏ အထူးထောက်ခံချက်ဖြင့် ချီဖွေနှင့် အလားတူသွားလာမှု ခက်ခဲသော ဒေသများရှိ မြို့နယ်ရုံးများအတွက် ဘဏ္ဍာရေးသုံးစွဲခွင့်ပြုသွားရန် အစီအစဉ်ရှိပါကြောင်း ဖြေကြားပါသည်။