(က)-စစ်ကိုင်းမြို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ပညာရေးတက္ကသိုလ်တွင် လေ့ကျင့်ရေးအခြေခံပညာ အထက်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၃.၁၁.၂၀၁၂)

ကျွန်တော်တို့ နိုင်ငံဟာ ပညာရေးတိုးတက်မှုအတွက် အလွန်ပဲအရေးကြီးတဲ့ အချိန်ရောက်နေတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တင်ပြမေးမြန်းမယ့်မေးခွန်းကတော့ စစ်ကိုင်းမြို့မှာ ပညာရေး ကောလိပ်တစ်ခုနှင့် ပညာရေးတက္ကသိုလ် တစ်ခုစီရှိပြီးတော့မှ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီးကတော့ တည်ဆောက်ဆဲ ဖြစ်ပါတယ်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး တည်ဆောက်ပေးတဲ့အတွက်လည်း နိုင်ငံတော် အစိုးရကို အထူးပဲကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ စစ်ကိုင်းပညာရေးကောလိပ်မှာ ကျောင်းသူကျောင်းသားများ လက်တွေ့လေ့လာသင်ကြားဆည်းပူးရန် အခြားပညာရေးကောလိပ်များ နည်းတူ လေ့ကျင့်ရေးအခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းတွဲဖက် ဖွင့်လှစ် ပေးထားပါတယ်။ သို့ရာတွင် အထက်မြန်မာပြည်ရဲ့တစ်ခုတည်းသော စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ရန်ကုန် ပညာရေးတက္ကသိုလ်ကဲ့သို့ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ လက်တွေ့သင်တန်းဆင်း လေ့လာဆည်းပူးရန် လေ့ကျင့်ရေးအခြေခံပညာအထက်တန်းကျောင်း ပူးတွဲဖွင့်လှစ်ပေးခြင်း မရှိ သေးပါ။ စစ်ကိုင်းပညာရေးတက္ကသိုလ်အား ပညာရေးတက္ကသိုလ် အင်္ဂါရပ်နှင့်အညီ လစ်လပ် လိုအပ်လျက်ရှိသော လေ့ကျင့်ရေး အခြေခံပညာအထက်တန်းကျောင်းကို တည်ဆောက်ဖွင့်လှစ် ပေးပါရန်နှင့် လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖွင့်လှစ်ပေးသည့်အတွက် ပညာရေးတက္ကသိုလ်မှ အရည်အချင်းပြည့်ဝသော ပညာတတ်များ၊ ဆရာဆရာမများ မွေးထုတ်ပေးနိုင်ခြင်း၊ ကျောင်းအနီး ပတ်ဝန်းကျင်ရှိ ရွှေမင်းဝံရပ်ကွက်၊ နီလာရပ်ကွက်၊ ပတ္တမြားရပ်ကွက်များနှင့် ကျောက်တာရွာ၊ ရေကားရွာ၊ စကျင်ရွာ၊ တောင်ညိုကျေးရွာများမှ အထက်တန်းကျောင်းသား  ကျောင်းသူများအနေဖြင့် ဝေးလံသော စစ်ကိုင်းမြို့အတွင်းရှိ အထက်တန်းကျောင်းများသို့ သွားရောက်ပညာသင်ကြား ရခြင်းထက် ပိုမိုပြီးတော့မှ အဆင်ပြေလွယ်ကူစွာ ပညာသင်ကြားနိုင်ကြမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် လစ်လပ်လိုအပ်လျက်ရှိသော လေ့ကျင့်ရေးအခြေခံပညာ အထက်တန်းကျောင်း ပူးတွဲဖွင့်လှစ်ပေးပါရန်နှင့် မည်သည်‌့အချိန်တွင် သိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ လေ့ကျင့်ရေးအလယ်တန်း ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ထားရှိတဲ့အပြင် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများလက်တွေ့သင်ကြားမှုအတွက် အနီးပတ်ဝန်းကျင်မှာရှိတဲ့ အခြေခံကျောင်းများမှာ ကွင်းဆင်းဆောင်ရွက်လျက်ရှိတဲ့အတွက် လောလောဆယ်မှာ အဆင်ပြေလျက်ရှိပါတယ်။ စစ်ကိုင်း ပညာရေးတက္ကသိုလ်ဟာ မင်းဝံတောင်ခြေမှာတည်ရှိခြင်း၊ ပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသား ကျောင်းသူများဟာ တစ်မိုင်ခန့်သာဝေးတဲ့ အထက်တန်းကျောင်းကို ပညာသင်ခွင့်ရရှိခြင်းတို့ကြောင့် ဒီစစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ဒီလေ့ကျင့်ရေးအထက်တန်းကျောင်းဖွင့်လှစ်ပေးဖို့ အစီအစဉ်ဟာ လောလောဆယ်မှာ မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။