(ဃ)-ရွှေကူမြို့နယ်၊ရေလဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲကို အခြေခံပညာအထက် တန်းကျောင်းအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၅)ရက်မြောက်နေ့ (၃၀.၃.၂၀၁၅)

ဦးဝင်းနိုင်( ရွှေကူ မဲဆန္ဒနယ်)ရွှေကူမြို့နယ်၊ ရေလဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသည် ရွှေကူမြို့နယ်ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း၊ ရွှေကူမြို့နှင့် ဧရာဝတီမြစ်ခြားလျက် တည်ရှိပါကြောင်း၊ ရေလဲကျေးရွာအုပ်စုနှင့်ဆက်စပ်နေသော အနီးစပ်ဆုံးကျေးရွာအုပ်စု ခြောက်အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၁ ရွာ ရှိပါကြောင်း၊ အဆိုပါကျေးရွာ အုပ်စု ခြောက်အုပ်စုတွင် အခြေခံပညာ အလယ်တန်းကျောင်းခွဲ ၃ ကျောင်း၊ အခြေခံပညာမူလွန် ကျောင်း ၁ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ခုနစ်ကျောင်းရှိပြီး မူလတန်းကျောင်းများမှ စတုတ္ထတန်းအောင်မြင်လာသောအခါ ရေလဲအထက်တန်းကျောင်းခွဲသို့ လည်းကောင်း၊ အလယ်တန်းကျောင်းခွဲ ၃ ကျောင်းမှ အဋ္ဌမတန်းအောင်မြင်လာသောအခါ ရေလဲအထက် တန်းကျောင်းခွဲသို့လည်းကောင်း တက်ရောက်ပညာသင်ကြားရသဖြင့် ရေလဲကျေးရွာ အထက်တန်း ကျောင်းခွဲကို အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးစေလိုကြောင်း၊ အဆိုပါ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် အထက်တန်း အဆင့် ကျောင်းသူကျောင်းသားပေါင်း ၁၇၅ ဦး၊ အလယ်တန်းအဆင့် ကျောင်းသူကျောင်းသားပေါင်း ၄၃၄ ဦး၊ မူလတန်းအဆင့်ကျောင်းသူကျောင်းသားပေါင်း ၂၉၅ ဦးရှိပြီး စုစုပေါင်း ကျောင်းသူ ကျောင်းသားပေါင်း ၉၀၄ ဦးရှိသည့်အတွက် ရွှေကူမြို့နယ်၊ ရေလဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ။ အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်။ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် တိုးမြှင့်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ၂၀၁၄-၁၅ ပညာသင်နှစ်အထိ အခြေခံပညာ အထက်တန်းကျောင်း ငါးကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) နှစ်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း နှစ်ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ) ၁၀ ကျောင်း၊ အခြေခံ ပညာမူလတန်းလွန်ကျောင်း ၂၀ ကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်း ၅၄ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းခွဲ တစ်ကျောင်း၊ တွဲဖက်အခြေခံပညာမူလတန်းကျောင်း သုံးကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၉၇ ကျောင်းတို့အား ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ရွှေကူမြို့နယ်၊ ရေလဲအခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)သည် စုစုပေါင်း အထက်တန်းအဆင့်သင်ကျောင်းသား ၁၇၅ ဦးရှိကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအဆင့်တိုးမြှင့်ပေးရန် ကျောင်းသားဦးရေ ပြည့်မှီခြင်းရှိ/မရှိ၊ ကျောင်းအဆောက်အဦ ပရိဘောဂ ပြည့်စုံမှုရှိ/မရှိတို့ ထည့်သွင်းစဉ်းစားသတ်မှတ်သော်လည်း  ကျောင်းအဆောက်အဦ မြေနေရာ၊   လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှု၊ ဒေသန္တရအခြေအနေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးစသည့် သတ်မှတ်ချက်များအပေါ် အထူးကိစ္စရပ်များအဖြစ် ဖြေလျော့ပြီးတော့ ကျောင်းအဆင့် တိုးမြှင့် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့်  လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ဒေသန္တရအခြေအနေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးစသော လိုအပ်ချက်များအရ ကျောင်းသားဦးရေ သတ်မှတ်ချက်အဆင့် မူဝါဒကိုဖြေလျော့ပြီး ရေလဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေးအတွက် ၂၀၁၅-၁၆ ပညာသင်နှစ် ကျောင်းအဆင့်တိုး ဆောင်ရွက်ချိန်တွင် အလေးထားစိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ယခုအချိန်တွင် အဆင့် တိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။