သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ဟာ ဆက်စပ်နေပြီးတော့ ဒီမြို့နယ် ၂ ခုမှာ ရပ်ကွက်ပေါင်း ၃၃ ရပ်ကွက်ရှိပြီးတော့ လူဦးရေကတော့ ၂၇၆၀၀၀ ကျော်ရှိပါတယ်။ သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်နေ ပြည်သူလူထုဟာ ယခင်က ပုဇွန်တောင်မြို့နယ်တွင် ဖွင့်လှစ်ထားတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှာ ငွေသွင်း၊ ငွေထုတ်မှုများ ဆောင်ရွက်ကြပြီးတော့ မြို့နယ်ချင်းနီးစပ်နေသည့်အတွက် ငွေသွင်း၊ ငွေထုတ်လုပ်ငန်းများ ဆောင်ရွက် ရာမှာ အဆင်ပြေချောမွေ့လျက်ရှိပါတယ်။
ယခုအခါမှာ ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲကို တာမွေ မြို့နယ်သို့ ပြောင်းရွှေ့လိုက်သဖြင့် ဘဏ်ငွေသွင်း၊ ငွေထုတ်ပြုလုပ်ရာမှာ ကားနှစ်ဆင့်စီးရပြီးတော့ တိုက်ရိုက်ရောက်ရှိမှုမရှိတဲ့အတွက် ခက်ခဲကြန့်ကြာမှုများ ရှိနေပါတယ်။ ဒါ့အပြင် သာကေတနှင့်ဒေါပုံ မြို့နယ်တို့ဟာ တခြားဆက်စပ်မြို့နယ်များနှင့် ရေခြားမြေခြားသဘောမျိုး ဖြစ်နေပါတယ်။ ဘာကြောင့် လဲဆိုတော့ တခြားဆက်စပ်မြို့နယ်များကို တံတားကြီးများနှင့် သွားလာဆက်ဆံရပါတယ်။ ယခုအခါမှာ မော်တော်ယာဉ်များပြားပြီး တံတားအဝင်အထွက်တွေမှာ ပိတ်ဆို့မှုတွေဖြစ်တဲ့အတွက်ကြောင့် ခရီး ကြန့်ကြာမှုပိုမိုဖြစ်ရပါတယ်။ သာကေတမြို့နယ်နှင့်ဒေါပုံမြို့နယ် ၂ မြို့နယ်မှာ နိုင်ငံပိုင်စက်ရုံ ၄ ရုံ ရှိပါ တယ်။ ပုဂ္ဂလိက စက်ရုံပေါင်းက ၁၄၇ ရုံ၊ မူလတန်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းက ၇၄ ကျောင်း၊ ဌာနဆိုင်ရာ ၅၂ ရုံးရှိပြီးတော့ ဓာတ်ဆီဆိုင်က ၂ ဆိုင်ရှိနေတဲ့အတွက်ကြောင့် ၎င်းတို့ရဲ့ ငွေသွင်းငွေထုတ်လုပ်ငန်းများဟာ နေ့စဉ်ဆောင်ရွက်နေကြရတဲ့ လုပ်ငန်းများ ဖြစ်ပါတယ်။ သို့ပါ၍ သာကေတနှင့် ဒေါပုံမြို့နယ်တို့မှ ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ၊ ဘဏ်လုပ်ငန်းများကို လွယ်ကူစွာ နှင့် စိတ်ချလုံခြုံစွာ ဆောင်ရွက်နိုင်ရေးတို့အတွက် သာကေတနှင့် ဒေါပုံမြို့နယ် ၂ မြို့နယ်မှာ သင့်တော် သော နေရာများမှာ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံးတစ်ရုံး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းပါသည်။
[ဦးမောင်မောင်စိုး၊ သာကေတမဲဆန္ဒနယ်ကိုယ်စား ဦးအောင်ဆန်း၊ ပန်းဘဲတန်းမဲဆန္ဒနယ်မှ မေးမြန်းပါသည်။]
ကိုယ်စားလှယ်တော်ကြီး ဦးမောင်မောင်စိုးရဲ့ မေးမြန်းချက်မှာတော့ အဓိကအားဖြင့် ယခင်က ပုဇွန်တောင်ဘဏ်ခွဲကို ဖွင့်လှစ်ခဲ့ပြီး ယခုအခါမှာ တာမွေမြို့နယ်ဘက်ကို ပြောင်းရွှေ့သွားတဲ့အတွက် အခက်အခဲတွေ ရှိနေပါတယ်ဆိုတာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်မှာ ဘဏ်ခွဲဖွင့်ဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းတာ ဖြစ်ပါတယ်ခင်ဗျား။ ဒါနှင့်ပတ်သက်လို့ ပြန်လည်လေ့လာကြည့်တဲ့အခါမှာ မြန်မာ့စီးပွားရေးဘဏ်ကို ၁၉၅၄ ခုနှစ်မှာ တည်ထောင်ပါတယ်ခင်ဗျား။ တည်ထောင်ပြီးတဲ့နောက် ၆ နှစ်အကြာ ၁၉၆၀ မှာ ပုဇွန်တောင်ဘဏ်ခွဲကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပုဇွန်တောင်ဘဏ်ခွဲကို ပုဇွန်တောင်ဈေးရဲ့ အပေါ်ထပ်မှာ ငှားရမ်းပြီး ဖွင့်လှစ် ခဲ့တာ ဖြစ်ပါတယ်။ ငှားရမ်းဖွင့်လှစ်ပြီးတော့ ဈေးနှင့်ဆက်စပ်နေတဲ့အတွက်ကြောင့် အခက်အခဲတွေ ရှိနေပါတယ်။ အဲဒီလိုရှိတဲ့အတွက်ကြောင့် ကိုယ်ပိုင်မြေရဖို့ ရှာဖွေခဲ့ပါတယ်။ ရှာဖွေတဲ့အခါမှာ တာမွေမြို့နယ်မှာ ရတဲ့အတွက်ကြောင့် တာမွေမြို့နယ်မှာ ကိုယ်ပိုင်အဆောက်အအုံ ဆောက်လုပ်ပြီး တော့ ၂၀၀၄ ခုနှစ်မှာ တာမွေမြို့နယ်ကို ပြောင်းရွှေ့ဖွင့်လှစ်တာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း သာကေတနှင့် ဒေါပုံမြို့နယ်မှာ လူဦးရေအားဖြင့်ကော၊ လုပ်ငန်းအနေအထားကော၊ စီးပွားရေးအရ ကော တအားကို တိုးတက်ဖွံ့ဖြိုးတိုးတက်လာတာလည်း တွေ့ရပါတယ်။ သို့ပါ၍ သာကေတနှင့် ဒေါပုံ မြို့နယ်မှာ ဘဏ်ခွဲဖွင့်လှစ်သင့်ပါတယ်။ သို့သော်လည်း လတ်တလောမှာတော့ ဘဏ်ခွဲဖွင့်လှစ်ဖို့ အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။
