စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ကွမ်းဘောင်ကျေးရွာအုပ်စုသည် ထီးချိုင့်မြို့နယ်၏ မြောက်ဘက်တွင် တည်ရှိပြီး အင်းတော်မြို့နယ်နှင့် ထိစပ်လျက်ရှိပါကြောင်း၊ ၎င်းကျေးရွာအုပ်စုသည် ကွမ်းဘောင်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ အောင်ချမ်းသာ-၂ ကျေးရွာ၊ ကျပ်ဘောင်ကြောင်းကျေးရွာ၊ ဆယ်လန်ကျေးရွာနှင့် လယ်မီးကျေးရွာ အစရှိသည့် ကျေးရွာ ၆ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၅၀၀၀ ကျော်ခန့်နေထိုင်လျက်ရှိပါကြောင်း၊ ကျေးရွာများသည် အလယ်တော တိုက်နယ်ဆေးရုံနှင့် အနည်းဆုံး ၁၃ မိုင်မှ အများဆုံး ၁၇ မိုင်ခန့်ထိ ကွာဝေးသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုအနေနှင့် သားဖွား ဆရာမတစ်ဦးတည်းသာ စောင့်ရှောက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် ၎င်းဒေသသည် မိုးရာသီကာလ၌ သွားလာမှုခက်ခဲပြီး အဖျား၊ အနာ များသည့်အတွက် ဒေသခံများအနေဖြင့် ကွမ်းဘောင်ကျေးလက် ကျန်းမာရေး ဌာနခွဲအား တစ်ဆင့် တိုးမြှင့်ခွင့်ရရှိရန် ဆန္ဒရှိကြကြောင်း၊ ထို့ကြောင့် ကွမ်းဘောင် ကျေးလက်ကျန်းမာရေး ဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသ ကြီး၊ ထီးချိုင့်မြို့နယ် ကွမ်းဘောင် ကျေးလက်ကျန်းမာရေးဌာနခွဲကို ကျေးလက် ကျန်းမာရေးဌာနအဖြစ် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိရေးကို ကျွန်တော်တို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်းစီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းဖြေကြား ပါသည်။
