ဝေးလံခေါင်သီဒေသတစ်ခုဖြစ်သော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ သိပ္ပံတွဲဖြင့် (၁၀)တန်းအောင် ကျောင်းသူ ကျောင်းသားများသည် သိပ္ပံလက်တွေ့သင်တန်းကို အပတ်စဉ် စနေ တနင်္ဂနွေနေ့ များ၌ တက်ရောက်နိုင်ခြင်းမရှိသဖြင့် ဝိဇ္ဇာတွဲသို့ ပြောင်းလဲသင်ယူရသောာကြောင့် ကျောင်းသူကျောင်းသားများအနေဖြင့် မိမိတို့ကျင်လည်တတ်သော ဘာသာရပ်များကို သင်ယူရန် အခွင့်အရေးများ ဆုံးရှုံးနစ်နာနေရပါကြောင်း၊ ဝေးလံခေါင်သီဒေသများမှ ကျောင်းသားများ အများစု ဆင်းရဲသဖြင့် အဝေးသင်တက္ကသိုလ် စာပေးစာယူတစ်နှစ်ကိုသာ အားထား မှီခိုနေရသည့်အပြင် ၎င်းဒေသများတွင် သိပ္ပံဘွဲ့ရကျောင်းဆရာ များ ရှားပါးနေသည့်ပြဿနာလည်းရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းရှည်တစ်ခုဖြစ်သော သိပ္ပံလက်တွေ့သင်တန်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေအစား တစ်ပတ်၊ နှစ်ပတ် ဆက်တိုက်သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေမြန်းပါသည်။
အဝေးသင်ပညာရေးစနစ်ဆိုသည်မှာ ဆရာနှင့် ကျောင်းသား တွေ့ဆုံသင်ကြားရသည့်အချိန်ကို အနည်းငယ်သာ ရယူပြီး သင်ထောက်ကူပစ္စည်းများကို အသုံးပြု သင်ကြားပို့ချရသည့်စနစ် ဖြစ်သည့်အတွက် သင်ယူသူများအနေဖြင့် ကိုယ်တိုင်လေ့လာသောစနစ်ကို အခြေခံထားသော သင်ကြားသင်ယူမှုစနစ်ဖြစ်ပါကြောင်း။ အဆိုပါရည်ရွယ်ချက်အတိုင်း ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များအပါအဝင် ဥပဒေဘာသာရပ်နှင့် စီးပွားရေးဘာသာရပ်များကိုပါ လေ့လာသင်ယူခွင့်ရရှိစေနိုင်ရန် စီစဉ်ထားရှိ ပါကြောင်း။
သင်ကြားပို့ချရာတွင်လည်း နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြဋ္ဌာန်းစာအုပ်များ၊ လေ့လာမှု လမ်းညွှန်မှုစာအုပ် များ၊ စာစဉ်များ များ၊ ပုံနှိပ်စာအုပ်စာတမ်းများ များကို ရေးသားပြုစုပြီး သင်တန်းများကို ပို့ချပေး လျက်ရှိသည့်အပြင် သင်ကြားပို့ချချက်များကို ရုပ်သံရိုက်ကူး၍ မြန်မာ့ ရုပ်မြင်သံကြား အစီအစဉ်တွင်လည်း နေ့စဉ်သင်ခန်းစာပို့ချက်များကို ထုတ်လွှင့်ပြသပေးခြင်း၊ မြန်မာ့အသံရေဒီယိုမှ နေ့စဉ် တိုင်းရင်းသားအစီအစဉ်အပြီးမှာ ထုတ်လွှင့်ပေးခြင်း၊ Sky Net ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသ ပေးခြင်း စသည်တို့ဖြင့် ကျောင်းသားများ ကိုယ်တိုင်လေ့လာသင်ယူနိုင်စေရန်အတွက် စီစဉ်ထားရှိပါကြောင်း။
နိုင်ငံတကာ အဝေးသင်တက္ကသိုလ်များ၏ သင်ကြားရေးစနစ်ကဲ့သို့ပင် ခေတ်မီနည်းပညာများကို အသုံးပြုသင်ကြား ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အင်တာနက်အွန်လိုင်းကို အသုံးချ သင်ကြားပို့ချခြင်း(Web-based Teaching System)များကိုလည်း စတင်ဆောင်ရွက်ပေးလျက် ရှိပြီး Video File များကို လေ့လာကြည့်ရှုနိုင်ရန်အတွက် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး ၂၄ နာရီ အခမဲ့ထုတ်လွှင့်ပြသ ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ကျောင်းသား ကျောင်းသူများအနေဖြင့် သင်ကြားပို့ချချက် သင်ခန်းစာ Video File များကို ၎င်းတို့နှင့် သင့်လျော်သည့်အချိန်တွင် လေ့လာသင်ယူနိုင်သည့် အခွင့်အရေးများ ရရှိနေကြပြီဖြစ်ပါကြောင်း၊ ဝိဇ္ဇာ ဘာသာရပ်များ၊ ဥပဒေသာဘာရပ်နှင့် စီးပွားရေးဘာသာရပ်များကို သင်ယူလေ့လာနေကြသော ကျောင်းသား ကျောင်းသူများ အတွက် မိမိတို့ တစ်နှစ်တာ လေ့လာထားရှိမှုများကို ဆရာ ဆရာမများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးနိုင်ရန် အနီးကပ်သင်တန်း (Intensive Training) ၁၀ ရက်ကို ဖွင့်လှစ်ပြီး အပြန်အလှန်မေးမြန်းဆွေးနွေးခြင်း များကို ရက်တို လေ့လာစေခဲ့ပါကြောင်း။
သိပ္ပံဘာသာရပ်များကို လေ့လာသင်ယူနေကြသော ကျောင်းသားကျောင်းသူများအတွက် သိပ္ပံလက်တွေ့ သင်တန်းများကို နှစ်ပတ်လျှင် တစ်ကြိမ် (စနေ၊ တနင်္ဂနွေ) နှစ်ရက်တက်ရောက်စေပြီး ပညာသင်နှစ်တစ်နှစ်တွင် သိပ္ပံလက်တွေ့ခန်း သင်တန်း (၁၂)ကြိမ်၊ (၂၄) ရက် တက်ရောက်စေခဲ့ပါကြောင်း၊ သိပ္ပံဘာသာရပ်များ၏ သဘောသဘာဝအရ အဆိုပါ လက်တွေ့သင်တန်းများကို မဖြစ်မနေ တက်ရောက်ရမည်ဖြစ်ပါကြောင်း။
အဝေးသင်ပညာသင်ကြားရေးသည် ပုံမှန်တက္ကသိုလ်များ၏ စာသင်ခန်းတွေကို အသုံးပြုပြီး အဆိုပါတက္ကသိုလ်မှ ဆရာ ဆရာမများက သင်ကြားပို့ချရသည်ဖြစ်ခြင်းကြောင့် စနေ၊ တနင်္ဂနွေ နေ့များသာလျှင် သိပ္ပံလက်တွေ့တန်း အခန်းများကို အသုံးပြုပြီး အဝေးသင် သင်တန်းသားများကို သင်ကြားပို့ချပေးနိုင်ပါကြောင်း၊ သိပ္ပံဘာသာရပ်များ၏ သဘောသဘာဝအရ Practical မလုပ်မီ စာတွေ့ကို ကြိုသင်ရပါကြောင်း၊ ထိုသို့မဟုတ်ဘဲ စနေ၊ တနင်္ဂနွေအစား တစ်ပတ်နှစ်ပတ်ဆက်၍ သင်မည်ဆိုပါက Theory များမသင်ရသေးမီ လက်တွေ့( Practical ) များဆောင်ရွက်ခြင်းသည် ပညာအရည်အသွေး မြင့်မားရေးကို ဦးတည်ပြီးဆောင်ရွက်နေချိန်ဖြစ်သည့်အတွက် ယခုအချိန်တွင် ထိရောက်စွာ သင်ကြားပေးနိုင်မည့် အစီအစဉ်မျိုးမဟုတ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပုံမှန်အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင်သာ သိပ္ပံလက်တွေ့ခန်းများကို ဆက်လက်သင်ကြားသွားရန် အစီအစဉ်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
