အခုမေးမြန်းမယ့်မေးခွန်းကို ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ တင်ပြမေးမြန်းဖို့စီစဉ်ခဲ့ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ညှိပြီးတော့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနဲ့ညှိရန်အတွက်မတင်ပြဖြစ်ခဲ့ပါဘူး။ နောက် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးမှာလည်း ဒီမေးခွန်းကိုတင်ပါတယ်။ တင်ပြီးတဲ့အချိန်မှာ ကျွန်တော်ဟာ ဒီငါးမဖမ်းရ ရာသီကို ကျွန်တော်တို့ရဲ့ တနင်္သာရီတိုင်း ငါးဖမ်းရေပြင်တစ်ခုတည်းပိတ်သည့်အတွက် တနင်္သာရီတိုင်း ဒေသကြီးအစိုးရဝန်ကြီးချုပ်နဲ့ မေလ ၂၅ ရက်နေမှာ ကျွန်တော်သွားတွေ့ပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံမှာ မြန်မာ့ပင်လယ်ရေပိုင်နက်အတွင်းမှာ ငါးဖမ်းကွက် ၄ ကွက်ရှိပါတယ်။ အဲ့ဒီ ငါးဖမ်းကွင်းက ရခိုင်ငါးဖမ်းကွက်၊ ဧရာဝတီငါးဖမ်းကွက်၊ မွန်ငါးဖမ်းကွက်၊ တနင်္သာရီငါးဖမ်းကွက် အဲ့ဒီ ငါးဖမ်းကွက် ကို ကျွန်တော်တို့ကသတ်မှတ်တဲ့နေရာမှာ လောင်ဂျီတွဒ်၊ လတ္တီကျုတွေနဲ့သတ်မှတ်ခဲ့တယ်။ ကျွန်တော် တို့ တနင်္သာရီငါးဖမ်းကွက်က မြောက်လတ္တီကျု ၁၅ ဒီဂရီ ၀၀ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၀ မိနစ် အရှေ့ဘက်ငါးလုပ်ငန်းရေပြင်အား သတ်မှတ်ပေးခဲ့ပါတယ်။ တနင်္သာရီတိုင်းရေပြင်ငါးဖမ်း ကွက် ၁ ကွက်ထဲကိုပိတ်တဲ့အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှတစ်ဆင့် ကျွန်တော်ညှိနှိုင်းစဉ်မှာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးကနေပြီးတော့ ညွှန်ကြားချက်အရပိတ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးကလည်း ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ အမိန့်ကြော်ငြာစာနဲ့ တနင်္သာရီတိုင်းမှာ အရင်က ငါးသားပေါက်ရာသီဖြစ်တဲ့ ငါးနှင့်သက်ရှိသယံဇာတထိန်းသိမ်းရေး အတွက် မြန်မာ့ပင်လယ်ပြင်မှာ ကမ်းနီးကမ်းဝေးရေယာဉ်များကို ငါးသားပေါက်ရာသီအတွင်း ပိတ် သည်။ ဒါနဲ့ ကျွန်တော်က ဇွန်လ ၂၃ ရက်နေ့မှာ ဒုတိယဝန်ကြီးနဲ့တွေ့ပါတယ်။ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့တွေ့ပြီးတော့ ဒုတိယဝန်ကြီးကို အကျိုးအကြောင်း ရှင်းပြပါ တယ်။ အခုချိန်မှာ ကျွန်တော်တို့ ငါးဖမ်းလှေပေါ်မှာလိုက်ပါနေတဲ့လုပ်သားတွေဟာ ကမ်းဝေးကမ်းနီး စုစုပေါင်းလုပ်သား ၆၀၀၀၀ လောက်ရဲ့ သူတို့ရဲ့မိသားစုစားဝတ်နေရေး၊ သူတို့ရဲ့ကလေးတွေ ပညာရေး၊ နောက် အသက်ကြီးကျန်းမာရေးမကောင်းတဲ့မိအိုဘအိုတွေအတွက် အခက်အခဲပေါင်း များစွာရှိနေတယ်။ ဒါကို ခွင့်ပြုမပေးနိုင်ဘူးလား။ ဘာကြောင့်ပိတ်ရသလဲ။ ဒုတိယဝန်ကြီးကနေပြီး တော့ အကျိုးအကြောင်းလေးကို ကျွန်တော့်အနေနဲ့စာရေးပါ။ စာတင်ပါဆိုလို့ ကျွန်တော်က စာရေးပြီးတင်တဲ့အချိန်မှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကနေပြီးတော့ ခေါ်တွေ့ပါတယ်။ ခေါ်တွေ့တဲ့အချိန်မှာ ကျွန်တော်က ဒီလိုပဲ အကျိုးအကြောင်းတွေရှင်းပြပါတယ်။ ငါးဖမ်းကွက် ၄ ကွက်ရှိတဲ့အနက်မှာ ကျွန်တော်တို့ တနင်္သာရီတိုင်းတစ်ခုတည်းပိတ်တဲ့အတွက် တနင်္သာရီတိုင်းအခြေစိုက်လုပ်နေတဲ့ ကမ်းဝေးငါးဖမ်းလှေ ၇၂၆ စီး၊ ကမ်းနီးငါးဖမ်းလှေ ၁၀၀၈ စီး မှာရှိတဲ့ လုပ်သားတွေရဲ့ အခက်အခဲကိုတင်ပြတယ်။ ပြည်ထောင်စုဝန်ကြီးကနေပြီးတော့မှ ပြန်ဖြေပါ တယ်။ ဒါသူတို့ ပိတ်ချင်လို့ ပိတ်တာမဟုတ်ဘူး။ ဒါ တနင်္သာရီတိုင်းငါးလုပ်ငန်း အဖွဲ့ချုပ်ရဲ့ တင်ပြချက် အရ အများရဲ့ဆန္ဒအရ ပိတ်ခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့သဘောသဘာဝအရ အများဆန္ဒအတွက် ပိတ်တဲ့အတွက် အများကသဘောတူရင် ပြန်လည်ဖွင့်ပေးပါ့မယ်။ ကျွန်တော့်ဆီကို နှုတ်နဲ့အကြောင်း ပြန်ပါတယ်။ ဒါနဲ့ ကျွန်တော်ချက်ချင်းပဲ ဝန်ကြီးနဲ့တွေ့ပြီးနောက် ဇွန်လ ၃၀ ရက်နေ့မှာ ဝန်ကြီးနဲ့ တွေ့ပြီးတော့ ဇူလိုင်လ ၂ ရက်နေ့မှာ တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌဆီ ချက်ချင်းဖုန်းဆက်ပါတယ်။ ဝန်ကြီးက အဲ့လိုပြောပါတယ်။ တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ကနေသဘောတူရင် ချက်ချင်းငါးဖမ်းခွင့်ကို ပြန်ပြီးတော့ ဖွင့်ပေးပါ့မယ်လို့ပြောပါတယ်။ သူကလည်း ငါးဖမ်းရာသီအတွက် တစ်လပိတ်ခိုင်းပါ တယ်။ တစ်လတော့ စောင့်ပေးပါ။ ဒီငါးဖမ်း ခွင့်ကို ပြန်ဖွင့်ပေးဖို့အတွက် ငါးဖမ်းကွက် ၄ ကွက်မှာ တနင်္သာရီတိုင်းငါးဖမ်းကွင်း တစ်ကွင်းတည်းကို ပိတ်လိုက်တာ အခုတော့လည်း ရာသီကုန်သွားပါပြီ။ ဒါပေမယ့် နောက်လာမယ့်နှစ်မှာ ဒီလိုပဲ ငါးဖမ်း ရာသီ ငါးသားပေါက်ရာသီမှာ ဇွန်၊ ဇူလိုင်၊ သြဂုတ်မှာ ပိတ်မလား။ မပိတ်ဘူးလားဆိုတာ ဒါလေး တစ်ချက်သိချင်ပါတယ်။
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ရဲ့ငါးဖမ်းလုပ်ငန်းမှာ ငါးလှေများကို တိုင်းရင်းသား ငါးဖမ်းလှေများနှင့် နိုင်ငံခြား (Fishing Right) ငါးဖမ်းလှေခွဲခြားထားပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားငါးဖမ်းလှေတွေက နယ်ကျွံမတရားငါးရောင်းဝယ်တဲ့အချိန်မှာ သူကနေပြီးတော့ ဒဏ် ရိုက်ပါတယ်။ သူက ပထမအကြိမ်ဒဏ်ငွေဆောင်ရပါတယ်။ ဒုတိယအကြိမ်ဒဏ်ငွေဆောင်ပြီး ငါးကို သိမ်းပါတယ်။ တတိယအကြိမ် လှေနှင့်ငါးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းပါတယ်။ နိုင်ငံခြားသား ငါးဖမ်းလှေများကျတော့ ပထမအကြိမ်မှာ အမေရိကန်ဒေါ်လာ ၇၀၀၀ ဒဏ်ရိုက်ပါတယ်။ ဒုတိယ အကြိမ် ပြစ်မှုပြန်ကျူးလွန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့် သူ့ငါးများကို သိမ်းဆည်းပါတယ်။ တတိယအကြိမ်ကျူးလွန်လို့ရှိရင်တော့ အဲ့ဒီ လှေကိုမသိမ်းဘဲနဲ့ အမေရိကန်ဒေါ်လာ ၁၃၀၀၀ နှင့် ငါးများကို သိမ်းပါတယ်။ အမေရိကန်ဒေါ်လာ ၁၃၀၀၀ သည် မြန်မာငွေကျပ်နဲ့ဆိုသိန်း ၁၁၀ ဝန်းကျင် လောက်ရှိပါတယ်။ နိုင်ငံသားများလှေကို တတိယအကြိမ် ပြစ်မှုကျူးလွန်လို့ သိမ်းတဲ့အချိန်မှာ အနည်းဆုံးကမ်းဝေးငါးဖမ်းလှေတစ်စင်း သိန်း ၁၅၀၀ မှ ၂၀၀၀ အထိတန်ပါတယ်။ နိုင်ငံခြားသား နည်းတူ ကျွန်တော်တို့လည်း တတိယအကြိမ်မှာ ဒေါ်လာဖြင့်သော်လည်းကောင်း၊ မြန်မာငွေကျပ်နဲ့ သော်လည်းကောင်း ဒဏ်ရိုက်ရန်သင့်၊ မသင့် သိလိုကြောင်း မေးမြန်းပါသည်။
ပထမဦးဆုံး ဦးမောင်လှရဲ့မေးခွန်းနှစ်ခုမေးတဲ့နေရာမှာ ဒီမေးခွန်းနှစ်ခုလုံးက ကျွန်တော်တို့ရဲ့ Marine Fishing နဲ့ပတ်သက်တဲ့ မေးခွန်းတွေဖြစ်တဲ့အတွက်ကြောင့် အားလုံး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး တွေလည်း နည်းနည်း Knowledge ဖြစ်ရေးအလို့ငှာ ပုံကလေးနဲ့ ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ Water Body ဟာ အားလုံး ၄၈၆၀၀၀ စတုရန်းကီလိုမီတာရှိပါတယ်။ အဲ့ဒီမှာ Hostel Line ဟာ မြောက်ကနေတောင်ဘက်ကို ၂၈၃၂ ကီလိုမီတာအရှည်ရှိပါတယ်။ အဲ့ဒီရှိတဲ့ ရေပြင်မှာ ပထမမြင်ရတဲ့ Line ကတော့ Base Line လို့ခေါ်ပါတယ်။ အခြေခံမျဉ်းလို့ သတ်မှတ်ပါ တယ်။ အဲ့ဒီအခြေခံမျဉ်းကမှ 12 Nordica Mile ရှိတဲ့ ၁၂ မိုင်ရှိတာကို Territorial လိုင်းလို့ ခေါ်ပါတယ်။ အဲ့ဒီအပြင်ကဟာမှ EEZ (Exclusive Economic Zone)လို့သတ်မှတ်တာဖြစ်ပါတယ်။ အဲ့ဒီမှာ ပုံမှန်ကြည့်လိုက်လို့ရှိရင် အရောင် ၄ မျိုးခြယ်ထားတာသည် ခုနက မေးခွန်းရှင်မေးသွားတဲ့ ရခိုင်ငါးဖမ်းကွက်၊ ဧရာဝတီငါးဖမ်းကွက်၊ တနင်္သာရီငါးဖမ်းကွက်၊ မွန်ငါးဖမ်းကွက်ဆိုပြီး သတ်မှတ် ထားတာဖြစ်ပါတယ်။ စုစုပေါင်းအလျားအနံ ၃၀ မိုင်စီရှိတဲ့ ငါးဖမ်းကွက် ၁၂၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီမှာမှ ခုန လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးမောင်လှမေးသွားတဲ့ Closed Season နှင့် Closed Area ကို ရွေးချယ်သတ်မှတ်တာဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာနသည် အမျိုးသားပိုင်ရေသယံဇာတများကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် (Sustainable Fisheries Development) ပြည်တွင်းစားသုံးမှုဖူလုံစေရေးနှင့် ပြည်ပပို့ကုန်တင်ပို့နိုင်စေရေးအတွက် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များချမှတ်ပြီးတော့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါ တယ်။ လုပ်ငန်းစဉ်အရ Closed Season, Closed Area များကို နှစ်စဉ် တနင်္သာရီငါးဖမ်းကွက်ကို ၁၉၉၃-၁၉၉၄ ခုနှစ်မှစတင်ပြီးတော့မှ ငါးမဖမ်းရကာလသတ်မှတ်ခဲ့ပြီးတော့ မှ ၁၉၉၇-၁၉၉၈ ခုနှစ်မှာ ပင်လယ်ရေထွက်ပစ္စည်းတိုးတက် ထုတ်လုပ်ရေးကော်မတီဖွဲ့စည်းပြီးတဲ့ နောက် တနင်္သာရီငါးဖမ်းကွက် ၁ ကွက်လုံးမှာ ငါးမဖမ်းရ ကာလသတ်မှတ်ဆောင်ရွက်ခြင်းအစား ငါး၊ ပုဇွန်ပေါက်ဖွားရာနေရာများ ကိုသာ ရွေးချယ်သတ်မှတ်ပြီးတော့မှ ငါးမဖမ်းရကာလအဖြစ် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ၁၉၉၇-၁၉၉၈ ခုနှစ်မှစပြီးတော့ ၂၀၁၀-၂၀၁၁ ခုနှစ်အထိ ရခိုင်၊ ဧရာဝတီ၊ မွန်နှင့် တနင်္သာရီငါးဖမ်းကွက်များမှာ ငါး၊ ပုဇွန်ပေါက်ဖွားတဲ့ နေရာများအား ရွေးချယ်သတ်မှတ်ပြီးတော့မှ ဇွန်၊ ဇူလိုင်၊ သြဂုတ် ၃ လအား ငါးမဖမ်းရဧရိယာအဖြစ် နှစ်စဉ်ပိတ်ပင်တားမြစ်လျက်ရှိပါတယ်။ ပုံမှာဖော်ပြထားတဲ့အတိုင်း ဖြစ်ပါ တယ်။ မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်၏ ငါး၊ ပုဇွန်သယံဇာတတည်ရှိမှု အခြေအနေနှင့် ထုတ်ယူ သုံးစွဲမှုဆိုင်ရာစာတမ်းဖတ်ပွဲကို ၁-၇-၂၀၁၁ ရက်နေ့နှင့် ၄-၇-၂၀၁၁ ရက်နေ့တို့မှာ ရန်ကုန်မြို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် သီရိအဏ္ဏဝါခန်းမ၌ကျင်းပပြုလုပ်ခဲ့တဲ့နေရာမှာ ရေလုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်၊ ရခိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်များမှာတာဝန်ရှိသူများ၊ အလွှာစုံမှ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီ စာတမ်းဖတ်ပွဲတွင် တနင်္သာရီငါးဖမ်းကွက်အတွင်း မြောက်လတ္တီကျု ၁၅ ဒီဂရီရဲ့ တောင်ဘက် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၀ မိနစ်ရဲ့ အရှေ့ဘက် ရေပြင်ဧရိယာတွင် ငါးသယံဇာတပြန်လည်တိုးပွားစေရေးအတွက် ငါးမဖမ်းရတားမြစ်ကာလ (Closed Season) သတ်မှတ် ပေးရန်တောင်းဆိုတင်ပြချက်ကို စာတမ်းဖတ်ပွဲသို့တက်ရောက်လာသူများမှ တညီတညွတ်တည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ ကျန်တဲ့ တိုင်းနှင့်ပြည်နယ် ၄ ခုတို့ရဲ့ ငါးဖမ်းကွက် များသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များမှ ဆန္ဒပြုခြင်းမရှိ၍သာ ပိတ်ပင်ခြင်းမပြုခဲ့ပါ ကြောင်း ဖော်ပြအပ်ပါတယ်။ မွန်၊ ဧရာဝတီ၊ ရခိုင်ငါးဖမ်းကွက်များကို ငါးမဖမ်းရကာလသတ်မှတ်သင့်၊ မသင့်ကို ငါးသယံဇာတတည်ရှိမှုကို မှန်ကန်စွာသိရှိနိုင်ရန်နှင့် ငါးအမျိုးအစားအလိုက် ပေါက်ဖွား သည့်ရာသီ၊ ကျက်စားရာနေရာဒေသတို့အား စနစ်တကျလေ့လာသိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်းမှာအကုန်အကျခံကာ သုတေသနအဖွဲ့ဖွဲ့စည်းပြီး ရာသီ အလိုက်သုတေသနပြု လေ့လာပြီးမှသာ ငါးမဖမ်းရရာသီနှင့် ဧရိယာအားသတ်မှတ်သင့်ကြောင်း ဆုံးဖြတ်ချက်ရရှိခဲ့ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးမှလည်း တိုင်းအတွင်း မှာရှိတဲ့ လုပ်ငန်းရှင်များအား အထက်ပါဆွေးနွေးပွဲရဲ့ရလဒ်များကို နှစ်ကြိမ်ထပ်ဆင့်ရှင်းလင်း ဆွေးနွေး ပွဲပြုလုပ်ခဲ့ရာမှာ တနင်္သာရီ ငါးဖမ်းကွက်အတွင်း ငါးမဖမ်းရတားမြစ်ကာလသတ်မှတ် ပေးရေးအတွက် တက်ရောက်သူ ကိုယ်စားလှယ်များမှ ဆွေးနွေးအတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်။ တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ ကျေးလက်နေဒေသခံရေလုပ်သားများ စားဝတ်နေရေးအကျပ်အတည်း မရှိစေရေးအတွက် ကမ်းနီးငါးလုပ်ငန်းရေပြင်မှာ မိရိုးဖလာငါးဖမ်းနည်းစနစ်များဖြင့် လုပ်ကိုင်နေသော ကမ်းနီးလှေများအား ငါးမဖမ်းဆီးရကာလမှာ ငါးဖမ်းဆီးခွင့်ပြုရန်တင်ပြချက်ပေါ် ဖြေလျော့ ဆောင်ရွက်ခဲ့ပြီးတဲ့အပြင် တနင်္သာရီတိုင်းအတွင်းမှ ကမ်းဝေးငါးဖမ်းလှေများဟာ ကျန်ပြည်နယ်/ တိုင်းငါးဖမ်းကွက်များတွင် နယ်စည်းမခြားသွားရောက်ငါးဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ ပြီးလည်းဖြစ်ပါတယ်။
၂၀၁၂-၂၀၁၃ ခုနှစ် ငါးဖမ်းရာသီတွင် ငါးမဖမ်းဆီးရကာလ (Closed Season) နဲ့ ငါးမဖမ်းရ ဧရိယာ (Closed Area )တားမြစ်ပိတ်ပင်နိုင်ရေးအတွက် အထက်ပါစာတမ်းဖတ်ပွဲ၏ဆုံးဖြတ်ချက် ရလဒ်များအပေါ် ပညာရှင်များ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပင်လယ်ငါးဖမ်းလုပ်ငန်း ရှင်များအသင်းဝင် ရေလုပ်ငန်းရှင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှရေလုပ်ငန်းရှင် များနဲ့ထပ်မံဆွေးနွေးပြီးမှသာ ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ ငါးသယံဇာတထိန်းသိမ်းရေးအတွက် စနစ်တကျစီမံဆောင်ရွက်နိုင်ခြင်းဖြင့် ငါး၊ ပုဇွန်များပေါများလာပြီး တစ်ပိုင်တစ်နိုင်ဝမ်းစာရှာဖွေနေ သော ရေလုပ်သားမိသားစုများ၊ အရင်းအနှီးမရှိသူများအတွက် ငါးဖမ်းဆီးထုတ်လုပ်မှုတိုးတက်လာပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ရေလုပ်သားများရဲ့တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရေး၊ သားစဉ်မြေး ဆက်ရေရှည်ထုတ်ယူစားသုံးနိုင်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ပါကြောင်းနှင့် ငါးဖမ်းလုပ်ငန်းနဲ့ပတ်သက် ပြီးတော့မှ စိတ်ဝင်တစားမေးမြန်းပေးသည့် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှ(ခ)ဦးလှမြင့်အား အထူးကျေးဇူးတင်ရှိကြောင်း ပထမမေးခွန်းကို ဖြေကြားအပ်ပါတယ်။
တစ်ဆက်တည်းပဲ ဦးမောင်လှရဲ့ဒုတိယမေးခွန်းဖြစ်တဲ့ မြန်မာနိုင်ငံကမ်းရိုးတန်းရေပိုင်နက် အတွင်း ငါးဖမ်းကွက်များသတ်မှတ်၍ ကမ်းဝေးငါးဖမ်းလှေများ (Fishing Rights)၊ ငါးဖမ်း သင်္ဘောများ ကို အမေရိကန်ဒေါ်လာသွင်း၍ ငါးဖမ်းဆီးခွင့်ပြုထားပါသည်။ စည်းကမ်းဖောက်ဖျက် ငါးဖမ်းသော စည်းကမ်းပျက်လှေများကို မြန်မာ့ပင်လယ်ငါးဖမ်းဥပဒေပုဒ်မ မတူညီသည်ကို သိလိုခြင်း နှင့်စပ်လျဉ်းတဲ့ ကြယ်ပွင့်ပြတဲ့မေးခွန်းကို ကျွန်တော်ဖြေကြားသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီး ဌာနဟာ မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အား စီမံခန့်ခွဲနိုင်ရန် တိုင်းရင်းသားပိုင် ငါးဖမ်းရေယာဉ် များအတွက် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို ၂၅-၄-၁၉၉၀ ရက်နေ့မှာလည်းကောင်း၊ ပြည်ပငါးဖမ်းရေယာဉ် များအတွက် နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ၂-၄-၁၉၉၈ ရက်နေ့တွင် လည်းကောင်း ဥပဒေပြဋ္ဌာန်းပြီးတော့မှ ဥပဒေများနဲ့အညီ ဆောင်ရွက် လျက်ရှိပါတယ်။ ပုဂံမြို့မှာ ၁၂-၁၁-၂၀၀၃ ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ACMECS ထိပ်သီး အစည်းအဝေးမှဆွေးနွေးချက်များအရ ထိုင်းနိုင်ငံကတင်ပြခဲ့တဲ့ Fishing Rights အစီအစဉ်ဖြင့် ငါးဖမ်းဆီးခွင့်ကို ၁၉-၂-၂၀၀၄ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ရဲ့ (၈/၂၀၀၄) ကြိမ်မြောက်အစည်းအဝေးနှင့် ၂၅-၂-၂၀၀၄ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ကုန်သွယ်မှုမူဝါဒကောင်စီရဲ့ (၅/၂၀၀၄) ကြိမ်မြောက် အစည်း အဝေးမှာ ငါးဖမ်းရေယာဉ် ၅၀၀ စီးဖြင့် လုပ်ငန်းလုပ်ကိုင် ခွင့်ပြုခဲ့ပါတယ်။ အဆိုပါ နိုင်ငံခြား ငါးဖမ်းရေယာဉ်များကို မြန်မာ့ရေပိုင်နက်မျဉ်းရဲ့အပြင်ဘက် သီးသန့်စီးပွားရေးဇုန်အတွင်း ဖမ်းဆီး ခွင့်ပြုခဲ့ရာမှာ ၂၀၀၉-၂၀၁၀ ခုနှစ်မှ ၂၀၁၃-၂၀၁၄ ခုနှစ်အထိ ထိုင်းနိုင်ငံမှကုမ္ပဏီ ၃ ခုဖြစ်တဲ့ Siam Jonathan Co., Ltd.ကို ရေယာဉ် ၃၀၀ စီး၊ Ryuji International (Thailand) Co., Ltd. ကို ရေယာဉ် ၁၀၀ စီး၊ Sang-Aroon Fishing Co., Ltd. ကို ရေယာဉ် ၁၀၀ စီးလုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ အဲ့ဒီ လုပ်ကိုင်ခွင့်ပြုကွက်ကို ၈-၇-၂၀၀၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၂၂/၂၀၀၉) ကြိမ်မြောက် ပြည်ထောင်စုမြန်မာနိုင်ငံတော် ကုန်သွယ်မှုမူဝါဒ ကောင်စီအစည်းအဝေးနှင့် ၁၆-၇-၂၀၀၉ ရက်နေ့မှာကျင်းပပြုလုပ်တဲ့ (၂၆/၂၀၀၉) ကြိမ်မြောက် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးမှသဘောတူခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေပုဒ်မ ၁၆ မှာ ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက နိုင်ငံခြား ငါးဖမ်းရေယာဉ်၊ ငါးဖမ်းကိရိယာများ၊ ငါးများ၊ အခြားပစ္စည်း များနှင့် ငွေများကို ပြည်သူ့ဘဏ္ဍာ အဖြစ်သိမ်းယူခြင်း၊ ထုခွဲရောင်းချခြင်း၊ လိုအပ်သလိုစီမံခန့်ခွဲခြင်းများ ဆောင်ရွက်နိုင်ကြောင်း ဖော်ပြပါရှိပါတယ်။ နိုင်ငံခြားငါးဖမ်းရေယာဉ်များ၏ ပြစ်မှုကျူးလွန်မှုများ အတွက် ပထမအကြိမ်တွင် ဖမ်းဆီးရေယာဉ်ပေါ်ပါတဲ့ ငါး၊ ပုဇွန်မျိုးစုံကို ပြည်သူ့ဘဏ္ဍာသိမ်းယူခြင်း နှင့် အမေရိကန်ဒေါ်လာ ၇၀၀၀ ဒဏ်ငွေတပ်စေခြင်း၊ ဒုတိယအကြိမ်တွင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းဆီးခွင့်ပိတ်ပင်ခြင်း၊ တတိယအကြိမ်ပြစ်မှု ကျူးလွန်ပါက အမေရိကန်ဒေါ်လာ ၁၃၀၀၀ နှင့် ငါးဖမ်းလုပ်ကိုင်ခွင့်စာချုပ်အားဖျက်သိမ်းပြီး ၎င်းကုမ္ပဏီအား လုပ်ငန်းများရပ်ဆိုင်းစေခြင်းဖြင့် အရေးယူဆောင်ရွက်သွားရန် သတ်မှတ်ထားရှိပါ တယ်။ နိုင်ငံခြားငါးဖမ်းရေယာဉ်များ၏ လက်ရှိပြစ်မှုကျူးလွန်မှုမှာ သတ်မှတ်ငါးဖမ်းကွက်ကျော်လွန်ပြီး အခြားငါးဖမ်းကွက်တွင် သွားရောက်ဖမ်းဆီးခြင်းကြောင့် တပ်မတော်(ရေ)စစ်ရေယာဉ်မှ ဖမ်းဆီး ရမိခြင်းဖြစ်ပြီး တတိယအကြိမ်အထိ ပြစ်မှုကျူးလွန်မှုမရှိသေးကြောင်း တွေ့ရှိရပါတယ်။ မြန်မာ့ ပင်လယ်ပြင်ငါးလုပ်ငန်းဥပဒေပုဒ်မ ၂၅ အရ ငါးဖမ်းရေယာဉ်၊ ငါးဖမ်းကိရိယာများ၊ ငါးများ၊ အခြား ပစ္စည်းများနှင့် ငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းယူခြင်း၊ ထုခွဲရောင်းချခြင်း၊ လိုအပ်သလို စီမံခန့်ခွဲခြင်းများဆောင်ရွက်နိုင်ကြောင်း ဖော်ပြပါရှိပါတယ်။
ပြည်တွင်းငါးဖမ်းရေယာဉ်များ ငါးဖမ်းရာသီတစ်ခုအတွင်း ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ကို ပထမ အကြိမ်ဖောက်ဖျက်ကျူးလွန်ပါက ငါး၊ ပုဇွန်မျိုးစုံအား ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းယူခြင်းနှင့် ဒဏ်ငွေ ကျပ်သိန်း ၂၀၊ ဒုတိယအကြိမ်ကျူးလွန်ပါက ယင်းဒဏ်ငွေ၏နှစ်ဆ ကျပ်သိန်း ၄၀၊ တတိယအကြိမ် ကျူးလွန်ပါက လှေကို ပြည်သူ့ဘဏ္ဍာသိမ်းဆည်းသည်အထိအရေးယူရန် ၂၁-၉-၂၀၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်တဲ့ (၂၆/၂၀၁၁) ကြိမ်မြောက် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီမှ သဘောတူဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ သို့ရာတွင် ငါးဖမ်းရေယာဉ်များအနေဖြင့် တတိယ အကြိမ်အထိ ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့အတွက် လှေသိမ်းဆည်းရခြင်းကိုပြုလုပ်ရခြင်း မရှိသေးပါ။ ပြည်တွင်း နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များဟာ ကမ်းနီးဒေသသို့ဝင်ရောက်ပြီးတော့မှ ငါးဖမ်းဆီးမှုကိုသာ အများဆုံးကျူးလွန်ကြောင်းတွေ့ရှိရပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြထားတဲ့ နိုင်ငံခြားသားပိုင် စည်းကမ်းပျက်ငါးဖမ်း ရေယာဉ်ကို တတိယအကြိမ်အပြစ်ပေးခြင်းသည် ဒဏ်ကြေးငွေအမေရိကန်ဒေါ်လာ ၁၃၀၀၀၊ မြန်မာ ကျပ်ငွေနဲ့ဆိုလျှင် ၁၀၀၄၀၀၀၀ သာမကဘဲ ရေယာဉ်ပိုင်ကုမ္ပဏီအား လုပ်ငန်းရပ်ဆိုင်းစေမည် ဖြစ်သည့်အတွက် ကုမ္ပဏီအနေဖြင့် ၎င်းနိုင်ငံတွင်တင်သွင်းထားသည့် အာမခံကြေးဒေါ်လာ ၅၀၀၀၀၀ အပါအဝင် လှေတစ်စီးနှင့် ရေလုပ်သားများအတွက် အာမခံကြေး၊ အခွန်ငွေ၊ လစာကုန်ကျစရိတ် ဒေါ်လာ ၁.၀၀၁ သိန်း၊ စုစုပေါင်းဒေါ်လာ ၆.၀၀၁ သိန်းဆုံးရှုံးမည် ဖြစ်ပါတယ်။ သို့ဖြစ်၍ လက်ရှိ ရေယာဉ် ၂၅ စီးမှ ၈၃ စီးအထိလုပ်ကိုင်နေတဲ့ ကုမ္ပဏီများအတွက် အမေရိကန်ဒေါ်လာ သိန်း ၃၀ မှ ၈၈ သိန်းအထိ ထိခိုက်နစ်နာစေမည်ဖြစ်တဲ့အတွက်ကြောင့်မို့ ထိရောက်တဲ့ပြစ်ဒဏ်ဖြစ်ကြောင်း တွေ့ရှိ နိုင်ပါတယ်။ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းလှေများ လုပ်ငန်းလျင်မြန်ချောမွေ့စေရေးနှင့် ရေလုပ်ငန်းရှင်များရဲ့ အကျိုးကို ရှေးရှုပြီးတော့မှ ကမ်းဝေးငါးဖမ်းရေယာဉ်များအား ငါးဖမ်းရက်ကို ရက် ၉၀ အထိခွင့်ပြုပေးခြင်း၊ လုပ်ငန်းရှင်ကြိုက်နှစ်သက်ရာ ငါးဖမ်းကွက်၊ စစ်ဆေးရေးစခန်းတွင် ဝင်ရောက်လုပ်ကိုင်စစ်ဆေးခံ နိုင်ခြင်းစတဲ့ နယ်စည်းမခြားလုပ်ကိုင်ခွင့်အပါအဝင် ဖြေလျော့ချက် ၉ ချက်ကိုလည်း ခွင့်ပြုပေးထားခဲ့ ပြီးဖြစ်ပါတယ်။ ယခုအခါ ငါးဖမ်းဆီးခွင့်ပြုထားတဲ့ နိုင်ငံခြားငါးဖမ်းရေယာဉ်များအားလုံးတွင် Visual Monitoring Systems (VMS) စနစ်တပ်ဆင်အသုံးပြုဆောင်ရွက်လျက်ရှိပါတယ်။ ၎င်း VMS စနစ်အား နိုင်ငံသားပိုင်ငါးဖမ်းရေယာဉ်တစ်စီးနှင့် ငါးသယ်ရေယာဉ်တစ်စီးတို့တွင်လည်း တပ်ဆင် အသုံးပြုလျက်ရှိပါတယ်။ ထိုသို့ VMS စနစ်တပ်ဆင်ခြင်းဖြင့် ငါးဖမ်ရေယာဉ်များ သတ်မှတ်ခွင့်ပြု ငါးဖမ်းကွက်အတွင်း လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုရှိ၊ မရှိကို ကြည့်ရှုကြပ်မတ်ထိန်းသိမ်းဆောင်ရွက် လျက်ရှိပါတယ်။
နိုင်ငံသားကမ်းဝေးငါးဖမ်းရေယာဉ်ပိုင်ရှင်များအနေဖြင့် ငွေကျပ်သိန်း ၂၀၀၀ မှ သိန်း ၄၀၀၀ အထိ တန်ဖိုးရှိတဲ့ငါးဖမ်းရေယာဉ်တွေကို ရေယာဉ်မှူး၊ ပဲ့နင်း၊ ငါးဆရာတို့နဲ့ ယုံကြည်မှုဖြင့်တာဝန်ပေး အပ်နှံလိုက်ရာ ၎င်းတို့ရဲ့ မဆင်မခြင်လုပ်ကိုင်စေမှုမရှိစေရေး၊ မိမိရေယာဉ်၏နေ့စဉ်လှုပ်ရှားသွားလာမှု တည်နေရာနှင့် ရေယာဉ်၏အရေးပေါ်အခြေအနေများအား ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်နိုင်ပါက စည်းကမ်းပျက်ငါးဖမ်းဆီးမှုကို ကာကွယ်နိုင်မည်ဖြစ်ရာ ငါးဖမ်းရေယာဉ်များတွင် VMS စနစ်တပ်ဆင် အသုံးပြုဆောင်ရွက်သွားသင့်ပါကြောင်းဖြေကြားပါသည်။
