(စ)-(၂၆)ကြိမ်မြောက် ပြိုင်ပွဲတွင် ဆုလုံးဝမရရှိခဲ့သည့် ကစားနည်း (၈)မျိုးအတွက် အောင်နိုင်မှု အလားအလာအခြေအနေနှင့် အခြားသော အားကစားနည်းများကို နိုင်ငံတကာနှင့် ဖိတ်ခေါ်လက်ရည်စစ် ပြိုင်ပွဲများကို မိမိတို့ကွင်း များမှာ ဖိတ်ခေါ်ယှဉ်ပြိုင်မှု အခြေအနေ ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။
a
အားကစားဝန်ကြီးဌာနသို့ (၂၇) ကြိမ်မြောက် SEA Games နှင့်စပ်လျဉ်း ပြီးတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးခွန်းများမေးမြန်းဆွေးနွေးမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် ကနေပြီးတော့ ၂၂ ရက် အထိ မြန်မာနိုင်ငံမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲကြီးမှာ အောင်မြင်မှုများဟာ (၂၆)ကြိမ်မြောက်ပြိုင်ပွဲထက် ပိုမိုရရှိရန်အတွက် အဆင့် ၇ ထက် ကျော်လွန်ပြီးတော့ အဆင့် ၁၊ ၂၊ ၃၊ ၄ ရရှိရန် တစ်နိုင်ငံလုံးက မျှော်လင့်စောင့်စားလျက်ရှိနေကြပါ တယ်။ အောင်ပွဲခံစင်မြင့်ထက်မှာ ကိုယ့်နိုင်ငံအလံလွှင့်ထူပြီး နိုင်ငံတော်သီချင်းကို အားရပါးရသီဆိုကာ လက်ခုပ်သြဘာများ ဘဝဂ်ညံအောင်တီးလိုကြပါတယ်။ ရွှေတံဆိပ်များစွာရပြီး ပြိုင်ဘက်နိုင်ငံများက လေးစားချီးကျူးရတဲ့ အနေအထားမျိုးရရှိရန်လည်း ပြည်သူများက ဆန္ဒပြင်းပြလျက်ရှိနေကြပါတယ်။ သို့ပါ၍ အားကစားဝန်ကြီးဌာန၏ SEA Games ပြိုင်ပွဲအတွက် အားကစားနည်းအလိုက် ကြိုတင် ဆောင်ရွက်ချက်များကို ဆွေးနွေးမေးမြန်းမှာဖြစ်ပါတယ်။ လေ့ကျင့်ရေးကိစ္စနှင့် ဆုတံဆိပ်ရရှိမှုအခြေ အနေ၊ အောင်နိုင်ရေးအတွက် အထောက်အကူပြုအဖွဲ့အစည်းများကိစ္စနှင့် မူလရည်မှန်းထားသော အားကစားနည်းများမှ လျှော့ချပြီးတော့ ယှဉ်ပြိုင်မယ့်ကိစ္စတို့ မေးမြန်းမှာဖြစ်ပါတယ်။
အားကစားဝန်ကြီးဌာနအနေဖြင့် (၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲ အတွက် အားကစားအဖွဲ့ချုပ်များမှ အားကစားသမားများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ရန်ကုန်နှင့် မန္တလေးမှ အားကစားသမားများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များမှ အားကစားသမားများ စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်စနစ်တကျရွေးချယ်ပြီးတော့ လေ့ကျင့်ပေးနေကြောင်း သိရှိရပါတယ်။ ယခုကဲ့သို့ ရွေးချယ်လေ့ကျင့်ပေးမှုဟာ အလွန်ကောင်းမွန်ပြီး မှန်ကန်တဲ့ စနစ်ကျတဲ့ရွေးချယ်ပွဲဖြစ်တဲ့အတွက် ကြောင့်လာမယ့် SEA GAME ပြိုင်ပွဲအတွက် အောင်မြင်မှုရရှိရာ အခြေအနေကောင်းများရရှိ နိုင်မယ် လို့ယုံကြည်ရပါတယ်။ အားကစားပြိုင်ပွဲတစ်ခုအောင်နိုင်မှုရရှိရာမှာ လူရွေးချယ်မှုမှန်ကန်စနစ်ကျပြီး ထူးချွန်သောအားကစားသမားများ၊ တော်သောအားကစားသမားများ၊ စည်းကမ်းရှိသော အားကစား သမားများရရှိရုံဖြင့် မလုံလောက်သေးပါ။ အဲ့ဒီအားကစားသမားများကိုလေ့ကျင့်ပေးနေတဲ့ ပဲ့ကိုင်ပေး နေတဲ့ လိုသလိုပုံသွင်းနိုင်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာများကျွမ်းကျင်သော နည်းပြဆရာများရဲ့အခန်း ကဏ္ဍဟာ အလွန်အရေးကြီးလှပါတယ်။ အရည်အချင်းပြည့်မီတဲ့နည်းပြဆရာကောင်းများဖြင့် လေ့ကျင့် ပေးမှသာလျှင် မိမိတို့မျှော်မှန်းထားတဲ့အောင်မြင်မှုများကိုရရှိနိုင်မှာဖြစ်ပါတယ်။
အာရှအဆင့်အထိမြန်မာတို့ဆုယူခဲ့တဲ့ အစဉ်အလာကြီးမားခဲ့တဲ့ ပြေးခုန်ပစ်၊ သေနတ်ပစ်၊ အလေးမ၊ လက်ဝှေ့၊ ဂျူဒို၊ ကရာတေးဒို၊ တိုက်ကွမ်ဒိုကစားနည်းများ၊ ဘောလုံး၊ ဘောလီဘော၊ လှေလှော်၊ မြားပစ်၊ ဝူရှူး၊ ပိုက်ကျော်ခြင်းစသော ရွှေရရှိနိုင်တဲ့ ကစားနည်းများအတွက် ပြည်တွင်းပြည်ပနိုင်ငံများသို့ စေလွှတ်ပူးတွဲလေ့ကျင့်မှုများအခြေအနေများကို ပြည်သူများက သိရှိလို ကြပါတယ်။ ဒါ့အပြင် (၂၆) ကြိမ်မြောက် SEA GAME ပြိုင်ပွဲတုန်းက ဆုလုံးဝမရရှိခဲ့တဲ့ အားကစား နည်း ၈ မျိုးဖြစ်ကြတဲ့ ကြက်တောင်၊ ဂေါက်သီး၊ စားပွဲတင်တင်းနစ်၊ စက်ဘီး၊ ကျွမ်းဘား၊ ဘတ်စ်ကက် ဘော၊ နပန်းစတဲ့ အားကစားနည်းများအတွက် အောင်နိုင်မှုအလာအလားအခြေအနေနဲ့ ပြိုင်ပွဲဝင်နိုင် မယ့်အခြေအနေကိုလည်း သိရှိလိုပါတယ်။ မည်သည့်အားကစားနည်းများဟာ နိုင်ငံခြားနည်းပြဆရာ များနှင့်လေ့ကျင့်နေသည်ကိုလည်းကောင်း၊ ပြည်ပနိုင်ငံများသို့ စေလွှတ်လေ့ကျင့်နေသော အားကစား နည်းများကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။ ကျွန်တော်တို့ ဝိတ်တင်ကဲ့သို့ အားကစားနည်းများ မြားပစ်ကစားနည်းကဲ့သို့သော အားကစားနည်းများဟာ မကြာမီအတွင်းက ဖိတ်ခေါ်ပြီးတော့ ပြိုင်ပွဲများကျင်းပခဲ့တာတွေ့ရှိခဲ့ရပါတယ်။ အခြားသော အားကစားနည်းများကို လည်း နိုင်ငံတကာနှင့် ဖိတ်ခေါ်လက်ရည်စစ်ပြိုင်ပွဲများ ကျွန်တော်တို့ ပွဲတော်မှာဖိတ်ခေါ်ယှဉ်ပြိုင်မှု အခြေအနေ ရှိ၊ မရှိကိုလည်း သိရှိလိုပါတယ်။
အားကစားပွဲအောင်နိုင်ရေးအတွက် အထောက်အကူပြုအဖွဲ့များကိစ္စ ဆွေးနွေးလိုပါတယ်။ အားကစားပြိုင်ပွဲတစ်ခုအောင်နိုင်ရေးမှာ ထူးချွန်သော အားကစားသမားများ၊ အဆင့်မီသော နည်းပြဆရာများရဲ့ အခန်းကဏ္ဍဟာ အဓိကကျသလို အထောက်အကူပြုခေတ်မီပစ္စည်း များ၊ အထောက်အကူပြု လူပုဂ္ဂိုလ်အဖွဲ့အစည်းများဟာလည်း လိုအပ်ကြောင်း တွေ့ရှိရပါတယ်။ ဝန်ကြီးဌာနတစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်နေရုံနဲ့ အောင်နိုင်မှုအပြည့်အဝ မရရှိ နိုင်ပါ။ ဝန်ကြီးဌာနပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ ပြည်သူလူထုတစ်ရပ်လုံးအပြင် အားကစားအသိ ပညာရှင်၊ အားကစားအတတ်ပညာရှင်များပါ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ မိမိတို့မျှော်မှန်းသလောက် အောင်မြင်မှုရရှိမည်ဖြစ်ပါတယ်။ ယခုအခါ ဝန်ကြီးဌာနပေါင်းစုံ၊ အဖွဲ့ အစည်းပေါင်းစုံ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း တွေ့ရှိရပါတယ်။ သို့သော် အားကစားလေ့ကျင့် ရာမှာ အထောက်အကူပြုအဖွဲ့အစည်းတစ်ခုလိုအပ်နေတယ်လို့ ထင်မြင်မိပါတယ်။ အဲဒီအဖွဲ့အစည်း ကတော့ အားကစားနည်းအလိုက် ကျွမ်းကျင်သော ပုဂ္ဂိုလ်ကြီးများ နိုင်ငံတကာအားကစားနှင့် မြန်မာ့ အားကစားကို သိရှိလေ့လာထားကြောင်း အားကစားကလောင်ရှင်များပါဝင်သော အထောက်အကူပြု အဖွဲ့ဖြစ်ပါတယ်။ ထိုအဖွဲ့ကို သက်ဆိုင်ရာအားကစားနည်းအလိုက် အနားယူသွားသော နိုင်ငံတကာမှ အတွေ့အကြုံများစွာရှိသော နည်းပြကြီးများ၊ နိုင်ငံတကာပြိုင်ပွဲများတွင် အကြိမ်ပေါင်းများစွာယှဉ်ပြိုင် ပြီး ဆုတံဆိပ်များ ရရှိထားသော အားကစားသမားဟောင်းကြီးများ၊ အားကစားကလောင်ရှင်များ ပါဝင် ဖွဲ့စည်းပြီးတော့ တာဝန်ပေးသင့်ပါတယ်။ အဆိုပါအဖွဲ့အား အားကစားလေ့ကျင့်နေသော ကန့်များသို့ အခါအားလျော်စွာ ဖိတ်ခေါ်ပြီး အကြံဉာဏ်များရယူခြင်း၊ အတွေ့အကြုံများဟောပြောစေခြင်း၊ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုများ ပြုလုပ်စေခြင်းအပြင် အားကစားသမားများရဲ့ လက်ရည်စစ်ပွဲ ဖြစ်တဲ့ တက်စမတ် ပွဲများကိုလည်း ဖိတ်ခေါ်ပြသပြီးတော့ အကဲဖြတ်စေခြင်းစသည်ဖြင့် ဆောင်ရွက် ပေးစေပါက အားကစားသမားများရဲ့ တိုးတက်မှုအခြေအနေမှန်များကို သိရှိနိုင်မှာဖြစ်ပါတယ်။ သို့ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဖော်ပြပါ အဖွှဲ့အစည်းမျိုး သို့မဟုတ် အလားတူ အထောက် အကူပြုအဖွဲ့အစည်းမျိုး ဖွဲ့စည်းတာဝန်ပေးအပ်ရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုပါတယ်။
(၂၇) ကြိမ်မြောက် SEA GAME ပြိုင်ပွဲမှာ အားကစားအမျိုးပေါင်း ၃၂ မျိုး ပါဝင်ယှဉ်ပြိုင်မယ်လို့ မူလကလျာထားပေမယ်လို့ နောက်ပိုင်း ၂၉ မျိုးသာယှဉ်ပြိုင်မယ်လို့သိရ ပါတယ်။ အဲ့ဒီမှာ ကြက်တောင်နှင့် ပင်ပေါင်အားကစားနည်းမပါဝင်ဘူးလို့ သိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်က မေးခွန်းထပ်မေးထားပါတယ်။ ကြက်တောင်အားကစားနှင့် ပင်ပေါင်အားကစားကို ထည့်ပေးပါ။ ကြက်တောင်အနေဖြင့် အနည်းငယ် ပေါ်လစ်လုပ်ပြီးတော့ ကျွမ်းကျင်သောနိုင်ငံခြား နည်းပြများနှင့်လေ့ကျင့်လိုက်လျှင် တတိယဆုရရှိနိုင်ကြောင်း ကျွန်တော်ဒီလိုမေးခဲ့ပါတယ်။ ဒါပေမယ့် လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က နောက်ဆုံးဆုံးဖြတ်ချက်မှာ ကြက်တောင်၊ ပင်ပေါင်အပါအဝင် အားကစားနည်း ၃၃ မျိုးပါဝင်ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့် ကြက်တောင်ပါတဲ့ ကိစ္စကတော့ ကျွန်တော် မမေးတော့ပါဘူး။ နောက်ထပ်ဝန်ကြီးကို နည်းနည်းလေးမေးချင်တာကတော့ ကျွန်တော်တို့ အားကစားနည်း ၃၃ မျိုးထဲမှာ ဂိုဗိနမ်ပန်တက်၊ မြွေကင်ပိုးဆိုတာ ပါလာပါတယ်။ ဘာကစားနည်းလဲဆိုတာသိနိုင်ရန် ကျွန်တော်တို့အားရှင်းလင်းတင်ပြပေးပါရန် မေးမြန်းပါသည်။
(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာနှင့် ပလန်ပန်မြို့တွေမှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲ ကို ကျွန်တော်တို့ မြန်မာအားကစားအဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ၂၇ ခု၊ ကြေးတံဆိပ် ၄၂ ခု၊ စုစုပေါင်းဆုတံဆိပ်ပေါင်း ၈၅ ခု ရရှိပြီး နိုင်ငံအလိုက်အဆင့်မှာ အဆင့် ၇ အဖြစ်နဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ပြီးခဲ့တဲ့ (၂၆) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲမှာ ကျွန်တော်တို့ မြန်မာအားကစားအဖွဲ့အနေနဲ့ ဆုတံဆိပ်မရတဲ့ အားကစားနည်းတွေ ကတော့ ကြက်တောင်၊ ဘတ်စ်ကက်ဘော၊ စက်ဘီး၊ ဂေါက်သီး၊ ကျွမ်းဘား၊ ရေကူး၊ စားပွဲတင်တင်းနစ်နှင့် တင်းနစ်အားကစားနည်းများပဲဖြစ်ပါတယ်။ (၂၇) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ယခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမယ့် အချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ အဆိုပါကစားနည်း ၈ နည်းအနက်မှ ၆ နည်းဖြစ်တဲ့ ကြက်တောင်၊ ဘတ်စ်ကက်ဘော၊ စက်ဘီး၊ ဂေါက်သီး၊ ရေကူးနှင့် စားပွဲတင်တင်းနစ် အားကစားနည်းများကို ထည့်သွင်းကျင်းပရန် ၂၉-၁-၂၀၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ၊ အတိုကောက်အားဖြင့်တော့ SEAGF လို့ခေါ်ပါ တယ်။ SEAGF ကောင်စီအစည်းအဝေးမှာ ဆွေးနွေးအတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနက ကိုယ်စားလှယ် တော်ကြီးတင်ပြတဲ့ စားပွဲတင်တင်းနစ်၊ ကြက်တောင် ၂ ခုလုံး ထည့်သွင်းကျင်းပရန် အတည်ပြုပြီး ဖြစ်ပါတယ်။ စုစုပေါင်း အားကစားနည်း ၃၃ နည်း ထည့်သွင်းကျင်းပမှာဖြစ်ပြီးတော့ ဒီအားကစားနည်း ၃၃ နည်းကနေပြီးတော့ ရွှေတံဆိပ်စုစုပေါင်း ၄၆၀ ချီးမြှင့်မယ့်အစီအစဉ်ပြုလုပ်ထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတစ်ခုကျင်းပလို့ရှိရင် ထည့်သွင်းရမယ့်အား ကစားနည်းများနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းကို အနည်းငယ်ရှင်းလင်းတင်ပြခွင့်ပြုပါ။ အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်ကောင်စီ SEAGF ဆိုတာ ဖွဲ့စည်းထားပါတယ်။ ဒီကောင်စီမှာ အရှေ့တောင်အာရှနိုင်ငံ တီမောလက်စတီ ပါ တိုးလာတဲ့ အတွက်ကြောင့်မို့လို့ ၁၁ နိုင်ငံရှိပါတယ်။ ဒီ ၁၁ နိုင်ငံက အားလုံးသည် အဖွဲ့ချုပ်ကောင်စီရဲ့ Charter Statute စည်းမျဉ်းကို အားလုံးသဘောတူအတည်ပြုထားပါတယ်။ အတည်ပြုသဘောတူ ထားသော စည်းမျဉ်းအရ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတစ်ခု ကျင်းပမည်ဆိုလျှင် အားကစားနည်း ထည့်သွင်းမှုနှင့်ပတ်သက်၍ Category ၃ ခုခွဲထားပါတယ်။ Category (A) အုပ်စု(က)မှာ ရေးကူးအားကစားနည်းနှင့် ပြေးခုန်ပစ်အားကစားနည်းကို မဖြစ်မနေ ထည့်သွင်းကျင်းပရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ရေကူးအားကစားနည်းနှင့် ပြေးခုန်ပစ်အားကစားနည်းကို Category (A) အရ ထည့်သွင်းထားပါတယ်။ Category (B) အုပ်စု(ခ) မှာ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲ ကြီးမှာကျင်းပတဲ့ အားကစားနည်း ၂၈ မျိုးအနက် အာရှအားကစားပြိုင်ပွဲမှာ ကျင်းပသော အားကစား နည်းများထဲမှ စုစုပေါင်းအားကစားနည်း ၁၄ ခုထက်မနည်း ထည့်သွင်းကျင်းပရမယ်လို့သတ်မှတ် ထားပါတယ်။ အိမ်ရှင်နိုင်ငံအနေနဲ့ ၁၄ ခု ထည့်သွင်းကျင်းပရင် ပြည့်စုံလုံလောက်ပါတယ်။ ဒါပေမယ့် အိမ်ရှင်နိုင်ငံအနေနဲ့ ၁၄ ခုထက်ပိုပြီးတော့ ထည့်သွင်းကျင်းပမယ်ဆိုလည်း ခွင့်ပြုပါတယ်။ ကျွန်တော်တို့အနေနဲ့ Category (B) ကနေပြီးတော့ အားကစားနည်း ၂၃ နည်းထည့်သွင်းကျင်းပရန် စီစဉ်ထားပါတယ်။ နောက်ဆုံး Category (C) ဆိုတာကတော့ Taditional Sport ရိုးရာ အားကစားနည်းများဖြစ်ပါတယ်။ ရိုးရာအားကစားနည်းများထဲကနေပြီးတော့ စုစုပေါင်း ၈ မျိုးထက် မပိုသောအားကစားနည်းများကို ထည့်သွင်းကျင်းပရန် ခွင့်ပြုသည်ဆိုတဲ့ သတ်မှတ်ချက်အရ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ရိုးရာအားကစားနည်းများထဲက စုစုပေါင်းအားကစားနည်း ၈ မျိုး ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Category (A) (က)အုပ်စုမှ ၂ နည်း၊ (ခ) အုပ်စုမှ ၂၃ နည်း၊ (ဂ) အုပ်စုမှ ၈ နည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ စုစုပေါင်း အားကစားနည်း ၃၃ နည်း၊ စုစုပေါင်း ရွှေတံဆိပ် ၄၆၀ ချီးမြှင့်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း တင်ပြလိုပါတယ်။ ကိုယ်စားလှယ်တော်ကြီး ဆွေးနွေးတင်ပြတဲ့ အားကစားနည်း ၈ နည်းအနေနဲ့ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ်မရရှိနိုင်သော အားကစားနည်းများဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းရင်းကလည်း အားကစားလှုပ်ရှားမှုများနှင့် အဆိုပါ အားကစားနည်းများရဲ့ အားကစား ဆောင်ရွက်မှုများ အနည်းငယ်အားနည်းခဲ့တဲ့အတွက်ကြောင့်မို့လို့ ဒီအားကစားနည်းများဟာ အာဆီယံ နိုင်ငံများနှင့် ယှဉ်ပြိုင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ ရွှေတံဆိပ်ရရှိရန် အလွန်ခက်ခဲတဲ့ အားကစားနည်းများဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ အခုပွဲကျင်းပတဲ့အခါမှာ အဆိုပါအားကစားနည်းများကို ထည့်သွင်းကျင်းပရန် သင့်၊မသင့် ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာတော့ အဖွဲ့ဝင်နိုင်ငံများရဲ့ တောင်းဆိုမှုကြောင့်လည်းကောင်း၊ အရှေ့ တောင်အာရှမှာ အစဉ်အလာရှိသော အားကစားနည်းများဖြစ်၍လည်းကောင်း အဆိုပါအားကစား နည်းများ ထည့်သွင်းကျင်းပခြင်းဖြင့် မိမိနိုင်ငံရဲ့ အားကစားအောင်မြင်မှုကို ကြီးမားစွာမထိခိုက်နိုင်ဟု သုံးသပ်၍လည်းကောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်နိုင်ငံများနှင့် ချစ်ခင်ရင်းနှီးမှု အဓွန့်ရှည်တည်ဆောက်ရန် ရည်ရွယ်၍လည်းကောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ ဆောင်ပုဒ်ဖြစ်သော GREEN, CLEAN, and FRIENDSHIP ဆိုတဲ့ MOTTO ကို စောင့်ထိန်းမြှင့်တင်လိုသော သဘောဖြင့် ကျွန်တော်တို့ အားကစားနည်း ၈ နည်းအနက်မှ တင်ပြပါ ကြက်တောင်၊ ဘတ်စ်ကက်ဘော၊ စက်ဘီး၊ ဂေါက်သီး၊ ရေကူးနှင့် စားပွဲတင်တင်းနစ်အားကစားနည်း ၆ မျိုးကို ထည့်သွင်းကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါကြောင်းတင်ပြလိုပါတယ်။
(၂၇) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာ့အားကစားအဖွဲ့ အောင်မြင်မှုရရှိရေးနဲ့ နိုင်ငံအလိုက် အဆင့်မှာ ပိုမိုမြင့်တက်သော အဆင့်ကို ရရှိရေးအတွက် ကျွန်တော်တို့ အားကစားဝန်ကြီး ဌာနအနေနဲ့ အစွမ်းကုန် ပြင်းပြင်းထန်ထန်ကြိုးစားကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ အားကစား သမားများအနေနဲ့လည်း ပြင်းပြင်းထန်ထန်နည်းစနစ်မှန်မှန် ကြိုးစားလေ့ကျင့်လျက်ရှိပါတယ်။ ဒီလို လေ့ကျင့်ခန်းများ၊ လေ့ကျင့်ရေးစခန်းများ၊ အားကစားသမားများ လေ့ကျင့်ဆောင်ရွက်မှုများ အားလုံး ကို နေပြည်တော်မှာပဲ ဆောင်ရွက်လျက်ရှိတဲ့အတွက်ကြောင့်မို့လို့ အခွင့်အခါသင့်ရင်လည်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ မျက်မြင်လာရောက် ကြည့်ရှုအားပေးကြရန်လည်း ဒီနေရာကနေ ကျွန်တော်တို့ ဖိတ်ကြားတင်ပြလိုပါတယ်။ အားကစားဝန်ကြီးဌာနအနေနဲ့ ပြိုင်ပွဲ ကျင်းပမယ့် အားကစားကွင်းရုံများကို နိုင်ငံတကာအဆင့်မီ တည်ဆောက်လျက်ရှိပါတယ်။ အချို့သော အားကစားကွင်းများဟာ ရာခိုင်နှုန်းပြည့်ပြီးစီးပြီး အချို့သောကွင်းများကလည်း ၈၅ ရာခိုင်နှုန်း အထက်ကို ရောက်ရှိနေပါပြီ။ အားလုံးဟာ ၂၀၁၃ ခုနှစ်၊ မတ်လမှာ ၃၁ ရက်နေ့မှာ ပြိုင်ပွဲ ကျင်းပမယ့် အားကစားကွင်းရုံအားလုံးပြီးစီးမှာဖြစ်ပါတယ်။ အားကစားကွင်းရုံပတ်ဝန်းကျင်မှာ စိမ်းလန်းစိုပြေရေး အတွက်လည်း ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ အားကစားသမားများ အားကစား အောင်မြင်မှုရရှိရေး အားကစားစံချိန်စံညွှန်းမြင့်တင်ရေးအတွက် ဆောင်ရွက်သော အချက်အချို့ ကိုလည်း ကျွန်တော်ဆက်လက်တင်ပြပါမယ်။ အားကစားသမားများ ယခုတည်းခိုနေတဲ့ စပို့စကန့်မှာ အားလုံးနိုင်ငံတကာအဆင့်မီ တည်ဆောက်ပေးထားပါတယ်။ စားသောက်ဆောင်များကိုလည်း ဆောက်လုပ်ပြီး အဟာရပြည့်ဝစွာ ဘူးဖေးစနစ်နဲ့ နှစ်သက်သလောက်စားသုံးနိုင်တဲ့ အစီအစဉ်များကို အာဟာရပြည့်ဝစွာ ကျွေးမွေးလျက်ရှိပါတယ်။ အားကစားလေ့ကျင့်ရေးစခန်းများကိုလည်း နိုင်ငံတကာ အဆင့်မီ တည်ဆောက်ပေးထားပါတယ်။ နိုင်ငံတကာစံချိန်စံညွှန်းမီတဲ့ အားကစားလေ့ကျင့်ရေးပစ္စည်း များ၊ အားကစားဝတ်စုံများကို ဝယ်ယူပြီးတော့ အားလုံးဖြည့်ဆည်းပေးထားပါတယ်။ နိုင်ငံတကာမှ အားကစားလေ့ကျင့်ရေးနည်းပြများလည်း ငှားရမ်းထားပါတယ်။ နိုင်ငံတကာမှ အားကစား လေ့ကျင့်ရေးနည်းပြအနေနဲ့ကတော့ G to G တရုတ်နိုင်ငံက စေလွှတ်ပေးတဲ့ အားကစားနည်းပြ ၂၅ ဦးရှိပါတယ်။ ကျန်တဲ့ တရုတ်နိုင်ငံက မဟုတ်တဲ့ ဂျပန်၊ ကာစစ်စတန် အစရှိသော နိုင်ငံများက အားကစားနည်းပြ ၁၈ ဦးရှိပါတယ်။ အားကစားဆေးပညာဆိုင်ရာ အထောက်အကူပြုမှုများကိုလည်း အပြည့်အဝစီစဉ်ပေးထားပါတယ်။ သုတေသန Sport Research/ Sport Nureation အားကစား အာဟာရနှင့်ပတ်သက်ပြီးတော့ ကျွန်တော်ဆန်းစစ်ကျွေးမွေးခြင်း၊ Sport Psychology အားကစား စိတ်ပညာနှင့်ပတ်သက်ပြီးတော့ အားကစားသမားများ စိတ်ဓာတ်တက်ကြွအောင်၊ ပျင်းရိငြီးငွေ့မှု မဖြစ်အောင် ပျော်ရွှင်အောင် အားပေးနှစ်သိမ့်ခြင်းများကို ဆောင်ရွက်ပေးပါတယ်။ အားကစားဆေး ကုသရေးနှင့် ပြန်လည်သန်စွမ်းရေးကိစ္စများကိုလည်း နိုင်ငံတကာအဆင့်မီ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အတူတကွပူးပေါင်းပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအားကစား ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်မယ့် အားကစားနည်းအားလုံးကို နိုင်ငံခြားသို့ Joint Training စေလွှတ်ရန် ရှိပါတယ်။ G to G အစီအစဉ် အရ တရုတ်နိုင်ငံကနေပြီးတော့ ကျွန်တော်တို့နိုင်ငံအားကစားသမား ၁၇၆ ယောက်ကို မတ်လမှာ တရုတ်ပြည်ကို ခေါ်ယူပြီးတော့ အဆင့်မြင့်အားကစားလေ့ကျင့်ရေးများ ၃ လ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒီ တရုတ်နှင့်ဆောင်ရွက်တဲ့ G to G မှာမပါဝင်တဲ့ အခြားသော အားကစားနည်းများအနေနဲ့ ဂျူဒို၊ ကရာတေးအားကစားနည်းများ ဂျပန်သို့စေလွှတ်ခြင်း၊ တိုက်ကွမ်ဒို အားကစားနည်း ကိုရီးယားသို့ စေလွှတ်ခြင်း၊ လက်ဝှေ့အားကစားနည်းကာစစ်စတန်သို့စေလွှတ်ခြင်း စတဲ့ နိုင်ငံတကာ Joint Training နိုင်ငံခြား Joint Training အတွက် အားကစားနည်းအားလုံးကို စေလွှတ်ရန် အစီအစဉ်များရေးဆွဲထားပြီးဖြစ်ပါတယ်။ တချို့အားကစားအဖွဲ့ချုပ်မှ အားကစားသမား များအနေနဲ့ နိုင်ငံခြား ၃ နေရာလောက်ထိ သွားရောက်ပြီးတော့ Joint Training ဆောင်ရွက်ရန် စီစဉ်ထားရှိပါတယ်။ နိုင်ငံတကာဖိတ်ခေါ် အားကစားပြိုင်ပွဲများကျင်းပခြင်း နိုင်ငံတကာချစ်ကြည်ရေး လက်ရည်စစ်ပွဲများသို့ စေလွှတ်စေခြင်းဆိုတဲ့ အစီအစဉ်များကိုလည်း ကျွန်တော်တို့ စီစဉ်ရေးဆွဲ ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ အားကစားသမားများကို အားကစားအသိပညာပေးခြင်း၊ ဆွေးနွေးခြင်း၊ အားကစားနည်းစနစ်ဆိုင်ရာ ဗွီဒီယိုများ ပြသရှင်းလင်းခြင်းကိစ္စများကိုလည်း အဆက် မပြတ်ဆောင်ရွက်လျက်ရှိပါတယ်။ အားကစားသမားများရဲ့ သက်သာချောင်ချိရေးနှင့် လစာကိစ္စများ ကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အတွေ့အကြုံရှိတဲ့ အားကစားကျွမ်းကျင်သူများ၊ ကလောင်ရှင်များပါဝင်တဲ့ အားကစားကလောင်ရှင်များ အဖွဲ့ချုပ်ကိုလည်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ အားကစားကလောင်ရှင်များ အဖွဲ့ချုပ်အနေနဲ့ နှစ်စဉ်ထူးချွန်သော အားကစားသမားများကို ဆုချီးမြှင့်ရေးပွဲများနှင့် သက်ကြီးအားကစားကလောင်ရှင်ကြီးများကို ကန်တော့ပွဲ အခမ်းအနားများ ကိုလည်း နှစ်စဉ်ကျင်းပပါမယ်။ ဒီအားကစားကလောင်ရှင်များ အဖွဲ့ချုပ်ကနေပြီးတော့ အားကစား ကျွမ်းကျင်သူများ၊ ကလောင်ရှင်များနှင့်အတူ ကိုယ်စားလှယ်တော်ကြီးတင်ပြတဲ့ အားကစား အောင်နိုင် ရေးအထောက်အကူပြုကိုလည်း ဆက်လက်တိုးချဲ့ဖွဲ့စည်းသွားမှာဖြစ်ပါကြောင်းတင်ပြလိုပါတယ်။
ဆက်လက်ပြီးတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ လပိုင်းအတွင်းက ကျင်းပခဲ့တဲ့ အာရှလူငယ် အလေးမပြိုင်ပွဲနှင့် အရှေ့တောင်အာရှမြားပစ်ပြိုင်ပွဲလိုပဲ ကျန်သော အားကစားနည်းများကိုလည်း ဖိတ်ခေါ်ပြိုင်ပွဲများ ဖိတ်ခေါ်ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်။ နောက်ဆုံးအနေနဲ့ ကိုယ်စားလှယ်တော်ကြီးမေးမြန်းတဲ့ ဗိုဗီနမ်အားကစားဖြစ်ပါတယ်။ ဗိုဗီနမ် အားကစားကတော့ ဗီယက်နမ်နိုင်ငံက အမျိုးသားအားကစားနည်း မာရှယ်အပ်စ် ကိုယ်ခံပညာ အားကစားနည်းဖြစ်ပါတယ်။ ဒီအားကစားနည်းနှင့်ပတ်သက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံက အားကစားသမားတွေ ရွှေတံဆိပ်ရရှိအောင် အပြည့်အဝကူညီပေးမယ်။ ပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပပါဆိုတဲ့ ဗီယက်နမ်နိုင်ငံ အိုလံပစ်ကော်မတီနဲ့ အရှေ့တောင်အာရှအားကစား အဖွဲ့ချုပ်နိုင်ငံ များရဲ့ သဘောတူညီချက်အရ ဒီအားကစားနည်းကို ထည့်သွင်းခြင်းဖြစ်ပါတယ်။ ပန်ချဆူလပ်ဆိုတဲ့ အားကစားနည်းကတော့ မလေးရှားလူမျိုး၊ အင်ဒိုနီးရှားလူမျိုး၊ ဘရူးနိုင်းနိုင်ငံများမှာ ကစားတဲ့ မာရှယ်အပ်စ် သိုင်းကစားနည်းဖြစ်ပါတယ်။ ဒီအားကစားနည်းမှာလည်း အလားတူပဲ ကျွန်တော်တို့ အားကစားသမားများ ရွှေတံဆိပ်ရရှိရေးအတွက် ကူညီပံပိုးမှုများ၊ ပူးပေါင်းလေ့ကျင့်မှုများနှင့်အတူ နိုင်ငံအားလုံးရဲ့ သဘောတူညီချက်အရ ထည့်သွင်းကျင်းပခြင်းဖြစ်ပါတယ်။ မွေအားကစားနည်း ကတော့ ယခင်တုန်းကတော့ မွေထိုင်းဆိုပြီးတော့ ယိုးဒယားလူမျိုးများရဲ့ ရိုးရာလက်ဝှေ့အားကစား နည်းဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာ ကျွန်တော်တို့ အာဆီယံနိုင်ငံ အားလုံးက ထိုင်းဆိုတဲ့ စကားလုံးကို ဖြုတ်ပြီးတော့ မွေဆိုတဲ့ ရိုးရာအားကစားနည်းအနေနဲ့လည်း သတ်မှတ်ပါတယ်။ ဒီမွေ အားကစားနည်းနှင့်ပတ်သက်လို့လည်း ကျွန်တော်တို့ မြန်မာနိုင်ငံက ရိုးရာလက်ဝှေ့သမားများ အားလုံး ပါဝင်ဆင်နွှဲပါတယ်။ ပြီးခဲ့သော ၆ လက အာရှမွေတံခွန်စိုက်ပြိုင်ပွဲကို ကျွန်တော်တို့ အားကစားသမား ၅ ဦးစေလွှတ်ယှဉ်ပြိုင်ခဲ့ရာမှာ ၂ ဦးက ရွှေတံဆိပ်ရပြီးတော့ ကျွန်တော်တို့ ၁ ဦး ငွေတံဆိပ်၊ ကြေးတံဆိပ် ၂ ဦး၊ စုစုပေါင်း ၅ ဦးလုံး ဆုတံဆိပ်ရရှိခဲ့ပါတယ်။ ယခု ကျင်းပမယ့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲရဲ့ မွေအားကစားနည်းမှာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံက ထူးချွန်တဲ့ ထိပ်တန်းရိုးရာလက်ဝှေ့သမားများကို ထည့်သွင်းယှဉ်ပြိုင်ပြီး အောင်မြင်မှုရရှိအောင် ကျွန်တော်တို့ ဆောင်ရွက်ထားကြောင်းတင်ပြလိုပါတယ်။ နောက်ဆုံးတစ်ခုကတော့ ပက်တန်း အားကစားနည်းဆိုတာ ကတော့ ကျွန်တော်တို့ သတ္တုဘောလုံးတစ်ခုကို ပစ်ပြီးတော့ ကစားရတဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံများကနေပြီးတော့ ထည့်သွင်းကျင်းပပေးရန် အဆိုပြုတဲ့ အားကစားနည်းဖြစ်ပါတယ်။ ဒီအားကစားနည်းကို ထည့်ပေးရခြင်းအကြောင်းရင်းကလည်း အာဆီယံနိုင်ငံများအချင်းချင်း ယှဉ်ပြိုင် တဲ့အခါမှာ ဆုတံဆိပ်တစ်ခုမှမရဘဲ လက်ဗလာနဲ့ အိမ်ကို ပြန်သွားရမယ့်နိုင်ငံများ မပါရှိအောင် Friendship ခေါင်းစဉ်အောက်ကနေ ကျွန်တော်တို့ ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်သောအားဖြင့် ထည့်သွင်းကျင်းပပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ နိဂုံးချုပ်တင်ပြချင်တာကတော့ ကျွန်တော်တို့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံမှာ လွန်ခဲ့သော ၄၄ နှစ် ၁၉၆၉ ခုနှစ်က နောက်ဆုံး အိမ်ရှင်အဖြစ် ကျွန်တော်တို့ လက်ခံကျင်းပခဲ့ပါတယ်။ ၄၄ နှစ်ကြာ ပြီးတော့ ယခုတစ်ကြိမ် ပြန်လည်ကျင်းပခြင်းဖြစ်ပါတယ်။ အာဆီယံနိုင်ငံများ အလှည့်ကျ ၂ နှစ် တစ်ကြိမ် ကျင်းပသွားလျှင် နောင် ၂၂ နှစ်ကြာမှ ကျွန်တော်တို့နိုင်ငံအတွက် ပြန်လည်အလှည့်ကျမှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ သက်တမ်းမှာ တစ်ကြိမ်ကြုံရတဲ့ အိမ်ရှင်အဖြစ် လက်ခံရတဲ့ပွဲမှာတော့ တရားမျှတစွာဖြင့် ကျွန်တော်တို့ အားကစားစိတ်ဓာတ်ရှိရှိနဲ့ အောင်မြင်မှုရရှိအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွား မှာဖြစ်ပါကြောင်းရှင်းလင်း ဖြေကြားပါသည်။
ဥက္ကဋ္ဌ။ ။ အစီအစဉ် ၅ က အပိုဒ်ခွဲ(င)နဲ့(စ)ဟာ အားကစားဝန်ကြီးဌာနက ပြန်လည် ဖြေကြားတဲ့ မေးခွန်းနဲ့ ဖြေကြားခြင်း ဖြစ်ပါတယ်။ အစီအစဉ် ၅ မှာ ဦးသိန်းရီမေးတဲ့ မေးခွန်းအနက်က ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့တက္ကသိုလ်များရဲ့ အားကစားကွင်းကိစ္စက သက်ဆိုင်ရာဝန်ကြီး ဌာနက ဆောင်ရွက်ပြီး နည်းပညာတက္ကသိုလ်များနဲ့ကိစ္စကျတော့ အားကစားဝန်ကြီးဌာနက ကူညီပေးရ တယ်ဆိုတဲ့ သဘောပါပါတယ်။ တကယ်တမ်းကျတဲ့အခါကျတော့ ကိုယ့်ဝန်ကြီးဌာနနဲ့ ကိုယ်ဆောင်ရွက် ပေးခြင်းဟာပိုပြီးတော့ သင့်တော်လေ်ျာကန်ဆီလျော်တဲ့သဘောရှိတဲ့အတွက် ဒီကိစ္စများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် သက်ဆိုင်ရာတက္ကသိုလ်အလိုက် ဆောင်ရွက်ပေးနိုင်ရေးအတွက် စဉ်းစားဖို့လိုပါမယ်။ အဲ့ဒီလို စဉ်းစားတဲ့အခါမှာ ကျွန်တော်တို့ လွှတ်တော်မှာလည်း အားကစား၊ ယဉ်ကျေးမှုနဲ့ ပြန်ကြားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဖွဲ့စည်းထားပါတယ်။ သူရဦးအေးမြင့်ဥက္ကဋ္ဌဖြစ် ပါတယ်။ ဒါကြောင့်မို့လို့ သူရဦးအေးမြင့်တို့အဖွဲ့ကလည်း ဒီကိစ္စနဲ့ ဆက်စပ်ပြီးတော့ ပညာရေး မြှင့်တင်မှုကော်မတီနဲ့ ဆက်စပ်ပြီးတော့ ဆောင်ရွက်ပေးနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်ပေးရန် ဖြစ်ပါတယ်။ နောက် ဦးအောင်ဆန်းမေးတဲ့ မေးခွန်းကို အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းတဲ့အတွက် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ ကျွန်တော် အပါအဝင် ပိုပြီးတော့ ရှင်းရှင်းလင်းလင်းသိရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီနေရာမှာ လာမယ့် (၂၇) ကြိမ်မြောက်အားကစားပွဲတော်မှာ Clean, Green and Friendship ဆိုတဲ့ ဆောင်ပုဒ်ဟာလည်း အင်မတန်မှ ကောင်းတဲ့ဆောင်ပုဒ်ဖြစ်ပါတယ်။ ရှင်းလင်းချက်အရ ကြားသိလိုက် ရတာက အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေနဲ့ အားကစားပြိုင်ပွဲလာပြီးတော့ လက်ဗလာဆုတံဆိပ်မပါ ပြန်သွားရမယ့်ကိစ္စကို ရှေးရှုသောအားဖြင့် ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုသောအားဖြင့် သူတို့ရဲ့ရိုးရာ အားကစားများကို ထည့်သွင်းခဲ့တယ်လို့ ကြားသိရပါတယ်။ ထို့နည်းတူစွာ မိမိတို့မြန်မာနိုင်ငံကရော မြန်မာနိုင်ငံရဲ့ရိုးရာအားကစားတွေ ဒီပွဲထဲမှာ ထည့်ထားခြင်း ရှိ၊ မရှိ။ ထည့်ရန်လို၊ မလိုလည်း စဉ်းစားဖို့ လိုပါတယ်။ ဒါကြောင့်လည်း ဒီအားကစားကို ဒီလိုအားကစားပွဲမှာ ထည့်လိုက်ခြင်းအားဖြင့် မိမိတို့ အားကစားကို အရှေ့တောင်အာရှ အာဆီယံနိုင်ငံသားတွေမကဘဲနဲ့ အာရှကတစ်ဆင့် နိုင်ငံတကာ ကိုလည်း ပျံ့နှံ့သွားနိုင်တယ်ဆိုတဲ့ နိုင်ငံရေး၊ လူမှုရေးအတှေးဘက်ကလည်း လုပ်ဆောင်ဖို့လိုမှာဖြစ်ပါ တယ်။ နောက်တစ်ခုကတော့ ဒုတိယဝန်ကြီး ဖိတ်ခေါ်သွားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားကစားလေ့ကျင့်ရေးစခန်းများကို လာရောက်လေ့လာပါဆိုတဲ့ နေရာမှာ လွှတ်တော်တစ်ရပ်လုံး အနေနဲ့ မဟုတ်သည့်တိုင် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြန်ကြားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌနဲ့ စိတ်ဝင်စားပြီးတော့ ယခင်တုန်းက ဒီအားကစားတွေမှာ ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်များလည်း လာရောက်လည်ပတ်နိုင်ရေး၊ ကြည့်ရှုနိုင်ရေး၊ အားပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်ပါမယ်။ ဒါကြောင့် ခုနက မေးတဲ့မေးခွန်းရှင်မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံက ရိုးရာအားကစားတွေကို ဒီ (၂၇) ကြိမ် မြောက်အားကစားပွဲထဲမှာ ထည့်သွင်းထားခြင်းရှိ၊ မရှိ။ ရှိလို့ရှိရင် ဘယ်အားကစားနည်းတွေ ထည့်သွင်းထားတယ်ဆိုတာကိုလည်း ဖြေလို့ရရင် ဖြေပေးဖို့။
ဦးသောင်းထိုက်(ဒုတိယဝန်ကြီး၊ အားကစားဝန်ကြီးဌာန)။ ။ ကျွန်တော်တို့ မြန်မာ့ခြင်းလုံးအားကစားနည်းကို ယခုလာမယ့် (၂၇) ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲမှာ ထည့်သွင်းထားပါတယ်။ အားကစားနည်းသစ် ထည့်သွင်းခြင်းနဲ့ ပတ်သက်လို့ အတိုချုံးတင်ပြပါရစေခင်ဗျား။ အားကစားနည်းအသစ်တစ်ခု ထည့်သွင်းချင်တယ်ဆိုလို့ ရှိရင် ကျွန်တော်တို့ SEAGF လို့ခေါ်တဲ့ South East Asian Sea Game Federation Council ကို တင်ပြရပါတယ်။ Federation Council အစည်းအဝေးက အတည်ပြုလို့ရှိရင် Traditional Sport ဖြစ်ဖြစ် အားကစားနည်းအသစ်ကို ထည့်လို့ရပါတယ်။ ဒါပေမယ့် ပထမဦးဆုံးအကြိမ် ထည့်တဲ့ ပြိုင်ပွဲမှာ ဒီအားကစားနည်းကရတဲ့ဆုတံဆိပ်များကို Medal တာလီမှာ ထည့်သွင်းရေတွက်ခြင်း မပြုပါဘူး။ အကယ်လို့ ကျွန်တော်တို့က ဒီခြင်းလုံးအားကစားနည်းကို မြန်မာ့ရိုးရာခြင်းလုံးဆိုပြီးတော့ ယခု (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အသစ်အနေနဲ့ ထည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ခြင်းလုံးခတ်တဲ့ပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့အနေနဲ့ ဆုတံဆိပ်များ အများအပြားရရှိ မှာဖြစ်သော်လည်း Medal တာလီထဲမှာ ထည့်သွင်းရေတွက်ခြင်း မပြုပါဘူး။ ဒါကြောင့် ကျွန်တော် တို့က Medal တာလီထဲမှာ ထည့်သွင်းရေတွက်နိုင်အောင် ကျွန်တော်တို့ ပိုက်ကျော်ခြင်း အားကစား နည်းရဲ့တစ်ခုသော အားကစားနည်းအဖြစ် Traditional ခြင်းလုံးဆိုပြီးတော့ နာမည်နဲ့ ကျွန်တော်တို့ အားကစားရွှေတံဆိပ်များ ထည့်သွင်းသတ်မှတ်ပြီးတော့ ထည့်လိုက်ပါတယ်။ ဒီအားကစားနည်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကနေပြီးတော့ Demonstration Team ကနေ အာဆီယံနိုင်ငံ အားလုံးကို လှည့်ပြီးတော့ ကျွန်တော်တို့ Rules and Regulation လည်း ဖြန့်ဝေတယ်။ လှည့်လည်း ခတ်ပြတဲ့အခါမှာ ကျွန်တော်တို့ ဒီခြင်းလုံးအားကစားနည်းနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခုနစ်နိုင်ငံလောက် ကနေ ပါဝင်ကစားမယ်ဆိုတဲ့ ကတိပြုချက်တွေရရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ခြင်းလုံး အားကစားနည်းကို ပါဝင်အောင် ရိုးရာအားကစားနည်းကို ထည့်သွင်းထားပါတယ်။ ခြင်းလုံး အားကစားနည်းအတွက် လူရွေးပွဲကိုလည်း ပြီးခဲ့တဲ့အပတ်က မြန်မာတစ်နိုင်ငံလုံးက ခြင်းလုံးထူးချွန်တဲ့ ဝါသနာရှင် အားကစားသမားများအားလုံးကို ဖိတ်ခေါ်ပြီးတော့ လက်ရွေးစင်ရွေးထားပါတယ်။ ခြင်းလုံးအားကစားနည်းမှာလည်း ဆုတံဆိပ်များရရှိအောင်လည်း ဒီတစ်ကြိမ်မှာ ကျွန်တော်တို့အနေနဲ့ ပိုက်ကျော်ခြင်းနဲ့ တွဲဝင်သော်လည်း နောက်တစ်ကြိမ် စင်ကာပူမှာကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျလို့ရှိရင်တော့ ဒုတိယအကြိမ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ခြင်းလုံး ဟာ သီးခြားခေါင်းစဉ်တစ်ခုအနေနဲ့ မြန်မာ့ရိုးရာခြင်းလုံးကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ထည့်သွင်းနိုင်ရေးကို စီစဉ်ဆောင်ရွက်ထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
