(င)-နည်းပညာတက္ကသိုလ်၊ တက္ကသိုလ်၊ ကောလိပ်ကျောင်းများတွင် ဘောလုံးအားကစားကွင်း တည်ဆောက်ရန်နှင့် အားကစားမြှင့်တင်စေရန် မည်သို့ စီမံ ဆောင်ရွက် ထားသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၇.၂.၂၀၁၃)

နိုင်ငံတော်သည် မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့ ရောက်ရှိရေး၊ နိုင်ငံတကာ အလယ်တွင် နိုင်ငံတော်၏ဂုဏ်သိက္ခာကို အားကစားနည်းဖြင့် မြှင့်တင်နိုင်မည့် ထူးချွန်ထက်မြက် သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား လူရည်ချွန်များ မွေးထုတ်နိုင်ရေးအတွက် မူဝါဒ၊ ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်လျက်ရှိပါတယ်။

အားကစားလောက မြှင့်တင်ခြင်းဖြင့် အားကစားလိုက်စားသူတိုင်းဟာ ကျန်းမာသန်စွမ်းခြင်း၊ ဉာဏ်ပညာဖွံ့ဖြိုးခြင်း၊ လူကောင်းလူတော်များပေါ်ပေါက်လာခြင်း၊ ပူးပေါင်း ဆောင်ရွက်လိုသော အသင်းအဖွဲ့စိတ်ဖြစ်ပေါ်လာခြင်း၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်း လာခြင်းစသော အကျိုးကျေးဇူးများ ဖြစ်ပေါ်လာမည်ဖြစ်ပါသဖြင့် အားကစားလောက ပိုမိုအားပေး သင့်ပါကြောင်း၊ ဥပမာ နည်းပညာတက္ကသိုလ် (လှိုင်သာယာ)တွင် အားကစားကွင်းမရှိခြင်းကြောင့် ကျောင်းဝင်းအတွင်း ကားလမ်းမပေါ်တွင် ကျောင်းသားများ ဘောလုံးကစားနေခြင်း။ သို့ဖြစ်ပါ၍ ကျောင်းသူကျောင်းသားများ၏ အကျိုးအလို့ငှာတက္ကသိုလ်၊  ကောလိပ်ကျောင်းများတွင် ဘောလုံး အားကစားကွင်း လိုအပ်လျက်ရှိနေပါကြောင်း ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းရခြင်း ဖြစ်ပါတယ်။ မေးခွန်း (၁) နည်းပညာတက္ကသိုလ် (လှိုင်သာယာ)နှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ဘောလုံး အားကစားကွင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါတယ်။  မေးခွန်း (၂) တက္ကသိုလ်၊ ကောလိပ်များတွင် အားကစားကြေးဟု တရားဝင်ပေးသွင်းငွေများအား အားကစားကွင်းကစားပွဲ အခမ်းအနားတို့တွင် သုံးစွဲလိုပါက နိုင်ငံတော်မှခွင့်ပြုနိုင်၊ မပြုနိုင်။ မေးခွန်း (၃) တက္ကသိုလ်၊ ကောလိပ် များတွင် အားကစားမြှင့်တင်စေရန်အတွက် မည်သို့စီမံဆောင်ရွက်ထားပါသနည်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက်
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းရီရဲ့ မေးခွန်းနှင့်ပတ်သက်၍ အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဖြစ်ပါ၍ ကျွန်တော်မှ ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။

နည်းပညာတက္ကသိုလ်၊ တက္ကသိုလ်၊ ကောလိပ်ကျောင်းများမှာ ဘောလုံးအားကစားကွင်း တညေ်ဆာက်ရေးအစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များတွင် ဘောလုံးအားကစားကွင်းတည်ဆောက်ရန် ဘဏ္ဍာရေးနှစ် အလိုက်ဘဏ္ဍာငွေခွဲဝေပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သိပံ်ပနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံများတွင် အသုံးပြုနိုင်သော ဘောလုံးအားကစားကွင်း ၁၂ ကွင်း ရှိပါတယ်။ ပြုပြင်ရန်လိုအပ်သော ဘောလုံးကွင်း ၅ ကွင်းနဲ့ဘောလုံးကွင်းမရှိသေးသော နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာ ကောလိပ်နဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ ၂၅ ခုရှိပါတယ်။ ဘောလုံးအားကစားကွင်းများ တည်ဆောက်ရန် သီးခြားဘတ်ဂျက် လျာထားဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။ သို့ဖြစ်ပါ၍ ဘောလုံးအားကစားကွင်း မရှိ သော ကျောင်းများအနေဖြင့်  ဘောလုံးပြိုင်ပွဲများကျင်းပရန် လိုအပ်ပါက အဆင်ပြေသင့်လျော်သော ကွင်းများမှာ အားကစားဝန်ကြီးဌာနမှ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါတယ်။ နည်းပညာတက္ကသိုလ်၊ တက္ကသိုလ်၊ ကောလိပ်များမှာ အားကစားကြေးကောက်ခံခြင်းနှင့်ပတ်သက်၍ ဆက်လက်ရှင်းလင်း တင်ပြပါမယ်။ အားကစားကြေးကိုကောက်ခံပြီး နိုင်ငံတော်သို့ ရငွေဖော်ပြပေးသွင်းပါတယ်။ အားကစားအသုံးအဆောင်ပစ္စည်းများ ဝယ်ယူခြင်း၊ အားကစားကွင်းပြင်ဆင်ခြင်း၊ အားကစားပွဲ အခမ်းအနားများနှင့် အားကစားပြိုင်ပွဲများအတွက် ကုန်ကျစရိတ်များကိုတော့ သတ်မှတ်ထားသော လုပ်ထုံးထုပ်နည်းနဲ့အညီ နိုင်ငံတော် ဘတ်ဂျက်ခွဲဝေမှုကနေပြီးတော့ ကျခံသုံးစွဲလျက်ရှိနေပါကြောင်း ကိုလည်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှာ အားကစား မြှင့်တင်ရန်အတွက် အားကစားပြက္ခဒိန်ရေးဆွဲပြီးတော့ အားကစားပြိုင်ပွဲများ၊ ဦးစီးအဆင့်အားကစား ပြိုင်ပွဲများ၊ ဖိတ်ခေါ်အားကစားပြိုင်ပွဲများ၊ ဗဟိုအဆင့်အားကစားပြိုင်ပွဲများကိုလည်း နှစ်စဉ်ပြုလုပ် ပေးလျက်ရှိပါတယ်။ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံမှာကျင်းပခဲ့သော အာဆီယံတက္ကသိုလ်များ အားကစား ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံမှ တက္ကသိုလ်လက်ရွေးစင် အားကစားသမားများ စေလွှတ်ပြီးတော့ ယှဉ်ပြိုင်ခဲ့ပါတယ်။

အားကစားဝန်ကြီးဌာနအနေနဲ့ နည်းပညာ တက္ကသိုလ်၊ တက္ကသိုလ်၊ ကောလိပ်ကျောင်းများမှာ အားကစားပြိုင်ပွဲများ ကျင်းပရန်အတွက် အားကစားဝန်ကြီးဌာန ပိုင် အားကစားကွင်း/အားကစားရုံများကို သုံးစွဲခွင့်ပြုပါတယ်။ အားကစားပြိုင်ပွဲများ ကျင်းပရန် လိုအပ်သောနည်းပြများ၊ ဒိုင်များကိုလည်း မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် အားကစားဝန်ကြီး ဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။ လိုအပ်တဲ့ အားကစားပစ္စည်းများ၊ အားကစား အထောက်အကူပစ္စည်းများကိုလည်း အားကစားဝန်ကြီးဌာနမှ ထောက်ပံ့ပေးလျက်ရှိတဲ့အပြင် လိုအပ် သော အားကစားနည်းပြများအတွက် အားကစားကာယနည်းပြဆရာ/ဆရာမများ မွမ်းမံ သင်တန်းများ ကိုလည်း အားကစားဝန်ကြီးဌာနမှ ဖွင်‌့လှစ်သင်ကြားပေးလျက်ရှိပါတယ်။ ထပ်မံဖွင့်လှစ် သင်ကြားပေး နိုင်ရေးလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်နဲ့ ရတနာပုံတက္ကသိုလ်တို့မှာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကစပြီး အားကစားရုံသစ်ဆောက်လုပ်ပေးခြင်း၊ လက်ရှိအားကစားကွင်း၊ အားကစားရုံများကို အဆင့်မြှင်‌့တင်ပြုပြင်ပေးခြင်း၊ အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။ တက္ကသိုလ် နှစ်ခုအတွက် အားကစားနည်း ၁၈ နည်းစီကိုလည်း အားကစား နည်းပြများစေလွှတ်ပြီးတော့ ကျောင်းသား ကျောင်းသူအင်အား ၁၀၀၀ ခန့်စီကိုလည်း ယခုလေ့ကျင့် သင်ကြားပေးလျက်ရှိပါကြောင်း တင်ပြလိုပါတယ်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ ဒဂုံတက္ကသိုလ်နဲ့ ရတနာပုံတက္ကသိုလ်တို့မှာ သင်တန်းသား ၅၀ ဦးစီပါဝင်တဲ့ B.Sc (Sports) ဘွဲ့သင်တန်း ဖွင့်လှစ် သင်ကြားနိုင်ရေး အတွက်ကိုလည်း ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောက်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။