ချင်းပြည်နယ်၊ ပလက်ဝမြို့ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ-မြန်မာသုံးပွင့်ဆိုင်နယ်စပ်ဒေသ ကုလက်ချောင်း (ဒိုးချောင်းဝ) ရွာသည် တစ်နှစ်လျှင် ၈ လခန့် ကုလက်ချောင်းရေလမ်း စက်လှေဖြင့် အထက်အောက် ကျေးရွာများသို့ သွားလာနိုင်သော ကျေးရွာဖြစ်ပြီးတော့ အိမ်ခြေ ၂၃၂ အိမ်၊ လူဦးရေ ၁၁၅၃ ဦး အလယ်တန်း ကျောင်းရှိတဲ့ အဲဒီဒေသမှာ အကြီးဆုံးရွာဖြစ်တဲ့ ဒိုးချောင်းဝရွာဟာဆိုလို့ရှိရင် လက်ရှိ ကျန်းမာရေးဌာန မီဇာကနေ ၂၇ မိုင်ဝေးသော်လည်းပဲ ရေလမ်းမှာ ကျောက်တောင် နှစ်နေရာရှိတဲ့အတွက် သွားလာရေး ခက်ခဲနေတယ်။ နောက် နယ်စပ်စောင့်တပ်စခန်းရှိတဲ့ နီးဝရွာက တောင်ဘက်မှာ ၂၆ မိုင်မှာ တည်ရှိ ပါတယ်။ လက်ရှိကျန်းမာရေး၏ ငါးနှစ်အောက်ကလေး သေနှုန်းကို တွက်ချက်မယ်ဆိုရင် တခြားရွာ များထက် မြင့်မားနေတယ်လို့ ကျန်းမာရေးဌာနကို ပလက်ဝက မြို့နယ်ကျန်းမာရေးဌာနကို မေးမြန်းတဲ့ အခါမှာ သိရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဒိုးချောင်းဝကျေးရွာ၌ ကျေးလက်ကျန်းမာရေး ဌာနဖွင့်ပေးဖို့ လွှတ်တော်ကတစ်ဆင့် မေးမြန်းပေးပါလို့ဆိုပြီးတော့ တောင်းဆိုတဲ့အတွက် ကျေးရွာ လူဦးရေ သတ်မှတ်ချက်မမီရင်လည်း ဝေးလံခေါင်းပါး နယ်စပ်ဒေသအနေဖြင့် ဦးစားပေးအစီအစဉ် ရှိ၊ မရှိ။ မည်သည့်အချိန်အခါမှာ စီစဉ်ပေးမည်ကိုသိလိုပါကြောင်း မေးမြန်းရရှိခြင်း ဖြစ်ပါသည်။
ချင်းပြည်နယ်၊ ပလက်ဝမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်လင်း၏ မေးခွန်းနှင့်စပ်လျဉ်း၍ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် သုံးပွင့်ဆိုင်နယ်စပ်ဒေသ ကုလက်ချောင်း (ဒိုးချောင်းဝ) ရွာ၌ လူဦးရေ ၆၀၀၀ ကျော်နှင့် သင့်လျော်မည့် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်ဖွင့်ပေးနိုင်ရန် ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
