နတ်မောက်မြို့၏တောင်ဘက် နတ်မောက်မြို့နှင့် မြို့သစ်မြို့တို့ ဆက် သွယ်ထားသော ကားလမ်းတွင် ယင်းချောင်း တံတားနှင့် သစ်ပုံဆည်တံတား တို့သည်ဘေလီတံတားများဖြစ်ကြပြီး မြို့သစ်မြို့ဘက်ရှိ တွင်းလည်တံတားနှင့် ဆင်မကျတံတားတို့သည် သစ်သားတံတားများဖြစ်ကြပါကြောင်း၊ အဆိုပါ တံတားများ၏ အမျိုးအစားကြောင့် ခံနိုင်ရည် ရှိသော လူစီးကားများ သာ ဖြတ်သန်းခွင့်ပြုထားပါကြောင်း၊ ယင်းချောင်းသည် သဲထု အလွန်ကြီးသော ချောင်းဖြစ်၍ သဲနစ်ခြင်း မကြာခဏဖြစ်ကြကာ ကားများလည်း တံတားများေ ပါ်မှ ဖြတ်ခွင့်မရကြသောကြောင့် မလာကြသည်ကိုသိရှိရပါကြောင်း၊ အကယ်၍ ယခင်တံတားများသာ သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့် တင်ပြီးပါက ရာသီမရွေး ကားများ တန်ချိန်မရွေး ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပါ၍ ကုန်စည် စီးဆင်းမှုများလည်း ယခုထက်ပိုမို မြန်ဆန်သွားမည်ဖြစ်ပါကြောင်း၊ ယခု အခါ ယင်းချောင်းတံတားအတွက် ဖြတ်သန်းခကောက်ခံနေသော်လည်း တံတားမှာ အဆင့်မြင့် မလာဘဲ ယာဉ်များမှာ ချောင်းအတွင်းမှ ဖြတ်သန်းနေရသည့်အတွက် မိုးတွင်း၌ မလာရဲကြသဖြင့် နတ်မောက်မြို့အပိုင်းမှ ယင်းချောင်းတံတားနှင့် သစ်ပုံဆည်တံတား၊ မြို့သစ်ဘက်ခြမ်းမှ တွင်းလည် သစ်သားတံတားနှင့် ဆင်မကျသစ်သားတံတားများကို သံကူကွန်ကရစ်တံတားအဖြစ် အစားထိုးမြှင့်တင်ပေးပါရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
တောင်တွင်းကြီး- မြို့သစ်- နတ်မောက် လမ်းပေါ်ရှိ တံတား ၄ စင်းတွင် မိုင် ၂၆/၀ နှင့် ၂၆/၁ အကြားရှိ ယင်းချောင်းတံတား (၃၂၀ ပေ) သည် သစ်သားတိုင်စင်များဖြင့် တည်ဆောက်ထားပြီး၊ ဘေလီသံပေါင် ၂၀၀ ပေ နှင့် သစ်သား ၁၂၀ ပေ ဖြင့် တည်ဆောက်ထားသည့် တံတားတစ်စင်းဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အထူး ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကျပ် ၆၄၀ သန်းဖြင့် ၃၂၀ ပေအရှည် သံကူ ကွန်ကရစ်အုတ်မြစ်၊ ကွန်ကရစ်တိုင်နှင့် ဘေလီတံတားအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း။ မိုင် ၂၄/၁ နှင့် ၂၄/၂ အကြားရှိ သစ်ပုံဆည်ဘေလီတံတားသည် ၅၀ ပေအရှည်ရှိတဲ့ တံတားဖြစ်ပြီး အဆိုပါတံတားကိုလည်း ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် တွင် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၇၅ သန်းနှင့် ၅၀ ပေအရှည် နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်သွားမှာဖြစ်ပါကြောင်း၊ မိုင် ၂၁/၁ နှင့် ၂၁/၂ အကြားတွင်ရှိသော တွင်းလည်သစ်သားတံတားကိုလည်း ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၉၁ သန်းနှင့် ၄၀ ပေအရှည် နှစ်လမ်းသွား သံကူ ကွန်ကရစ်တံတားအဖြစ် တည်ဆောက်သွားမှာဖြစ်ကာ မိုင် ၁၇/၀ နှင့် ၁၇/၂ အကြားရှိ တံတား အမှတ် ၁/၁၈ ဆင်မကျ သစ်သားတံတားကိုလည်း ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၉၁ သန်းနှင့် ပေ ၄၀ အရှည် နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း။
