(ခ)-သာစည် မြို့နယ် အတွင်းရှိ သဲပွတ် ကျေးရွာနှင့် ကျွဲဒတ်ကျေးရွာအုပ်စုများအတွက်စက်ရေတွင်းများ တူးဖော်ပေးနိုင်ပါရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၃၀.၈.၂၀၁၃)

ဦးသန်းစိုး (သာစည်) သာစည်မြို့နယ်အတွင်းရှိ သဲပွတ်ကျေးရွာအုပ်စုနှင့် ကျွဲဒတ်ကျေးရွာအုပ်စုများတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်များနှင့် ထိ စပ်နေသော တောင်ပေါ်ဒေသများဖြစ်ခြင်း၊ ၎င်းဒေသများသည် မိုးရေကို သာစုဆောင်းပြီး ချွေတာစုဆောင်း သုံးစွဲရခြင်း၊ မိုးရေလှောင်ကန် များလည်း အလုံအလောက် မရှိ၍ နွေရာသီတွင် သောက်သုံးရေအတွက် အခက်အခဲ ကြုံရသည့်အပြင် ရွာငံမြို့နယ်အတွင်းမှ ကျေးရွာများအထိ သွားရောက်ခပ် ယူ ရခြင်း၊ ယခုအချိန်အထိ မြေအောက်စက်ရေတွင်းများ မတူးနိုင်ခြင်း များကို  လေ့လာသိရှိခဲ့ပါကြောင်း၊  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီ အစဉ်ဖြင့် မိုးရေလှောင်ကန်ကြီးများ တည်ဆောက်ထားပေးသော်လည်း လုံလောက်မှု မရှိဘဲ ယခုနှစ် ဇွန်လပိုင်းအထိ မိုးမရွာ၍ ရေလှောင်ကန်များအတွင်း မိုးရေဝင်ရောက်စုဆောင်းနိုင်မှု မရှိသေးခြင်းကိုလည်း တွေ့ရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် သာစည်မြို့နယ်အတွင်းရှိ သဲပွတ်ကျေးရွာအုပ်စုနှင့် ကျွဲဒတ်ကျေးရွာ အုပ်စုများမှ ကျေးရွာများအတွက် နိုင်ငံတော်အစိုးရ အစီအစဉ်နှင့် စက်ရေတွင်းများ တူးဖော်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက ဆောင်ရွက် ပေးနိုင်မည့် အချိန်ကာလကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်း  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေကျပ် ၅၅၅.၅၆ သန်းဖြင့် မြို့နယ်ပေါင်း ၁၉ မြို့နယ် မှ ကျေးရွာပေါင်း ၃၁ ရွာတွင် စက်ရေတွင်း ၂၃ တွင်း၊ မြေသားရေကန် ၄ ကန်၊ စိမ့်စမ်းရေသွယ်ခြင်း ၄ ခု၊ စုစုပေါင်းလုပ်ငန်း ၃၁ ခုကိုလည်းကောင်း၊  ၂၀၁၃- ၁၄ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ ကျေးရွာ ၄၁ ရွာကို စက်ရေတွင်း ၃၃ တွင်း၊ လက်တူးတွင်း ၃ တွင်း၊ စိမ့်စမ်းရေသွယ်ခြင်း ၅ ခု၊ စုစုပေါင်းလုပ်ငန်း ၄၁ ခုအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေကျပ် ၇၄၇ သန်းဖြင့် ဆောင်ရွက်ရန်လျာ ထားသည့်အနက် သာစည်မြို့နယ်၊ အင်းရွာကျေးရွာ အုပ်စု အင်းရွာ၌ စက်ရေတွင်း ၁ တွင်း၊ အိုင်ဒွန်းကျေးရွာ အုပ်စု ပေါက်ချောင်းကျေးရွာ၊ သဲပွတ်ကျေးရွာအုပ်စု သဲပွတ်ကျေးရွာနှင့် အင်းနီကျေးရွာများ၌ လက်တူးတွင်း ၁ တွင်းစီ ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ တင်ပြလာသော နွားထိုးကြီးမြို့နယ် ရွာသစ်ကျေးရွာနှင့် စိန်ပန်းကျင်းကျေးရွာ၊ မလှိုင်မြို့နယ် ဒဟတ်တောကျေးရွာနှင့် ဂွေးညှိပင်ကျေးရွာ၊ စုစုပေါင်းကျေးရွာ ၄ ရွာတွင် အလှူရှင်များ၏အကြိမ် ၂၀ မြောက် လှူဒါန်းငွေဖြင့် စက်ရေတွင်းတူး ဖော်ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း၊ သာစည်မြို့နယ် သဲပွတ်ကျေးရွာ အုပ်စုရှိ အင်းနီကျေးရွာ၊ သဲပွတ်ကျေးရွာ၊ ငှက်ပျောတော ကျေးရွာနှင့် ကုန်းပေါ်ကျေးရွာ၊ ကျွဲဒတ်ကျေးရွာအုပ်စုရှိ ကျွဲဒတ်ကျေးရွာ၊ ကျောက်ပချုပ်ကျေးရွာနှင့် မျက်ခါးအင်း ကျေးရွာများတွင် စက်ရေတွင်းတူးဖော်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ တောင်ပေါ်ဒေသ ကျေးရွာများ ဖြစ်သောကြောင့် စက်ရေတွင်း တူးဖော်ရန် အခက်အခဲရှိခြင်း၊ စိမ့်စမ်းရေထွက်များ မရှိခြင်းတို့ကြောင့် မိုးရေလှောင်ကန်များ တူးဖော်ပြီး ရေရယူ သုံးစွဲနေကြရသည်ကို တွေ့ရှိရကြောင်း၊ သဲပွတ်ကျေးရွာအုပ်စုနှင့် ကျွဲဒတ်ကျေးရွာအုပ်စုရှိ ကျေးရွာ များ သည် ကျောက်လွှာများထူထပ်သဖြင့် စက်ရေတွင်းတူးဖော်ရန် အခက်အခဲရှိပါကြောင်းနှင့် မြေသား မိုးရေလှောင် ကန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အင်းနီကျေးရွာ၊ သဲပွတ်ကျေးရွာနှင့် ကျွဲဒတ်ကျေးရွာများကို ၂၀၁၃- ၁၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် လည်းကောင်း၊ ငှက်ပျောတောကျေးရွာ၊ ကုန်းပေါ်ကျေး ရွာ၊ ကျောက်ပချုပ်ကျေးရွာနှင့် မျက်ခါးအင်းကျေးရွာများကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန ရန်ပုံငွေတွင် လည်းကောင်း လျာထားဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။