(ဆ)-သမင်ဇာကုန်းကျေးရွာရှိ ကျေးလက်ဆေးပေးခန်းဌာနခွဲအား အုတ်ကာ၊ အုတ်ခင်း၊ နံကပ် အဆောက်အဦ အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၅.၇.၂၀၁၃)

ကျေးလက်ပြည်သူများအတွက် အရေးပါဆုံးဖြစ်တဲ့ သမင်ဇာကုန်းကျေးရွာ ကျေးလက်ဆေးပေးခန်း အား ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိကို ဒေသခံပြည်သူများကိုယ်စား လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီးမှ တစ်ဆင့် တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီး ခင်ဗျား။ သာစည်မြို့ရဲ့ အရှေ့ဘက် ၄ မိုင်ကျော်ခန့်အကွာမှာ သမင်ဇာကုန်းကျေးရွာအုပ်စုတည်ရှိပါ တယ်။ အဆိုပါအုပ်စုတွင် နိုင်ငံတော်မှ ကျေးလက်ဆေးပေးခန်း ဌာနခွဲတစ်ခုဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ၎င်းဆေးပေးခန်းကို ကျေးရွာပေါင်း ၁၀ ရွာမှ အားကိုးအားထားပြု၍ ကျန်းမာရေး စောင်‌့ရှောက်မှုခံယူနေကြပါတယ်။ သို့သော်ဆေးပေးခန်းမှာ အလျား ၂၇ ပေ၊ အနံ ၁၆ ပေ၊ အမြင့် ၁၄ ပေရှိပြီး ကျဉ်းမြောင်းနေခြင်း၊ သွပ်မိုးထရံကာ အဆောက်အဦဖြစ်တဲ့အတွက် နှစ်ကာလကြာရှည် လာသည့်အလျှောက် ယခုအခါ အိုမင်းပျက်စီး ယိုယွင်းနေခြင်းတို့ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ သို့ပါ၍ သမင်ဇာကုန်း ကျေးရွာရှိ ကျေးလက်ဆေးပေးခန်းဌာနခွဲအား ကျန်းမာရေးဌာန၏ စံကိုက်နှင့်အညီ အဆောက်အဦ အသစ်ဆောက်လုပ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို ဒေသခံပြည်သူများ၏ ကိုယ်စား လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်း ပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
အဖြေ

သမင်ဇာကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံဟာ ကျန်းမာရေးဦးစီးဌာနရဲ့ သတ်မှတ်ပုံစံ မဟုတ်ပါ ဘူး။ ပျက်စီးနေတဲ့ ကျန်းမာရေးဌာနခွဲအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများကို ကျန်းမာရေးဦးစီး ဌာနရဲ့ စံကိုက်အဆောက်အအုံများအဖြစ် ဆောက်လုပ်နိုင်ဖို့အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ အဆိုပြုလျာထားပြီးတော့ ခွင့်ပြုရန်ပုံငွေနှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်တဲ့အကြောင်း ဖြေကြား ပါသည်။