(ခ)-၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်တွင်ကွန်ဟိန်းမြို့ နယ်၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ အတွက်လစာနှစ်ဆတိုးပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၄.၂.၂၀၁၄)

ဦးစိုင်းဘိုးအောင် (မူဆယ်)ကွန်ဟိန်းမြို့နယ်သည် လွိုင်လင်ခရိုင်၊ မြို့နှင့် ၈၃ မိုင်၊ တောင်ကြီးမြို့နှင့် ၁၃၅ မိုင်ကွာဝေးပါပြီး ကာလိမြို့နယ်ခွဲအပါအဝင် ဝန်ထမ်းပေါင်း ပြန်တမ်းဝင်အရာရှိ ၁၂ ဦးနှင့် အခြားအဆင့် ၄၆၈ ဦးရှိပါကြောင်း၊ ထိုဝန်ထမ်းများသည် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းအရ တာဝန်ကျရာဒေသတွင် တာဝန်ထမ်းဆောင်နေသော် လည်း စားသောက်စရိတ်စခကြီးမြင့်ခြင်း၊ အိမ်ငှားနေထိုင်ရခြင်း၊ လစာလုံလောက်မှုမရှိခြင်း ဒုက္ခများကို ရင်ဆိုင်နေရပါကြောင်း၊ ဝန်ထမ်းများသည် လုပ်ငန်းညှိနှိုင်း အစည်း အဝေး တွေ့ဆုံပွဲများကို တစ်လလျှင် အနည်းဆုံး (၃) ကြိမ်ခန့် သွားရောက်တွေ့ရှိရပြီး အဆင့်တိုးမြှင့်စာမေးပွဲများကိုလည်း သွားရောက်ဖြေဆို ကြရပါကြောင်း၊ ၎င်းတို့ အနေဖြင့် ဌာနအလိုက် ခေါင်းစဉ်အလိုက် ချပေးထားသောငွေဖြင့် ထမ်းဆောင်ရသော ခရီးသွားစရိတ်များ လုံလောက်မှုမရှိဘဲ မိမိလစာငွေအပြင် တခြားနေရာမှ ငွေချေးပြီး သွားလာနေရခြင်း တို့ကြောင့် အဂတိလိုက်စားမှု၊ လက်ပေးလက်ယူမှုများ ဖြစ်ပွားလာစေနိုင်ပါကြောင်း၊ ကွန်ဟိန်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၃၀ ကျော်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအလွန် ခက်ခဲသဖြင့် မော်တော် ဆိုင်ကယ်၊ ထော်လာဂျီများဖြင့်သာ သွားလာနိုင်ပြီး အများစုမှ လမ်းလျှောက် သွားရပါကြောင်း။

ကွန်ဟိန်းမြို့နယ်သည် မဟာဗျူဟာမြို့နယ်တွင် တည်ရှိနေသော်လည်း လမ်းပန်းဆက်သွယ်ရေး မကောင်း၍ လုံခြုံမှုမရှိသောဒေသတွင် တာဝန်ထမ်းဆောင်နေရသော ဝန်ထမ်းများကို ငဲ့ညှာပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကွန်ဟိန်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို လစာနှစ်ဆတိုးပေးနိုင်ပါမည်နှင့် မပြု လုပ်ပေးနိုင်ပါက မည်သည့်အတွက်ကြောင့်နှင့် လစာငွေမလုံလောက်မှုများကို မည်ကဲ့သို့ ဖြေရှင်း ဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 ဒေါ်နန်းဝါနု (ကွန်ဟိန်း) ကိုယ်စား ဦးစိုင်းဘိုးအောင် (မူဆယ်) မှ မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် နိုင်ငံတော်က ဝေးလံခေါင်သီ လူမှုရေးခက်ခဲသောဒေသအဖြစ် သတ်မှတ်ရာတွင် မြို့နယ်၊ မြို့နယ်ခွဲကို အခြေခံပြီး လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသော အခြေအနေ အခက်အခဲများအပေါ် ခြုံငုံသုံးသပ်ပြီး သတ်မှတ်ပေးခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ အချို့မြို့နယ်၊ မြို့နယ်ခွဲများသည် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်း၊ ဒေသဖွံ့ဖြိုးမှု နည်းပါးခြင်း၊ နိုင်ငံတော်၏ အရေးပါသောဒေသထွက်ကုန်မရှိခြင်းတို့ကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး၊ စီးပွားရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသောကြောင့် အဆိုပါဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား သက်သာချောင်ချိမှုကိုရှေးရှုပြီး စားဝတ်နေရေး အဆင်ပြေစေရန်အတွက် လစာငွေအပြင် လစဉ်အပိုထောက်ပံ့ကြေး ၃၀၀၀၀ ကျပ်နှင့် လက်ရှိ ထုတ်ယူနေသော လစာနှင့်ညီမျှသည့်ငွေကိုပါ ဒေသစရိတ်အဖြစ် ခံစားခွင့်ပြုပေးခဲ့ပါကြောင်း။ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဝေးလံခေါင်သီ လူမှုရေးခက်ခဲသောမြို့နယ်၊ မြို့နယ်ခွဲ ၈၇ ခုတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို နိုင်ငံတော်အနေဖြင့် ၁-၄-၂၀၁၂ ရက်နေ့ မှစတင်ပြီး လစာနှစ်ဆ ခံစားခွင့်ပြုကြောင်း ယခင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၀၁/၂၀၁၂) ဖြင့်လည်းကောင်း၊ ထပ်မံတင်ပြလာသော ဒေသ ၂၂ ခုကို ၁-၄-၂၀၁၃ ရက်နေ့မှ စတင်ခံစားခွင့် ရှိကြောင်း အမိန့်ကြော်ငြာစာအမှတ် (၂၈၆/၂၀၁၃) ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကိုလည်း ၁-၈-၂၀၁၃ ရက်နေ့မှ စတင်၍ ခံစားခွင့်ရှိကြောင်းကို အမိန့်ကြော်ငြာစာအမှတ် (၁၅၁၃/၂၀၁၃) ဖြင့် လည်းကောင်း စုစုပေါင်း ဒေသ ၁၁၀ ကို ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများအဖြစ် လစာနှင့် ညီမျှသောငွေကို ဒေသစရိတ်အဖြစ် ခံစားခွင့်ရှိကြောင်း အသီးသီးသတ်မှတ်ပေးထားခဲ့ပါကြောင်း၊ အဆိုပါ ခွင့်ပြုခဲ့သောဒေသ ၁၁၀ တွင်ရှမ်းပြည်နယ်မှ မြို့နယ် ၂၁ မြို့နယ်နှင့် မြို့နယ်ခွဲ ၁၃ မြို့နယ်ခွဲ စုစုပေါင်း ၃၄ ခု ပါဝင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။ ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် မိမိတို့ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံ ခေါင်သီ၍ ဖွံ့ဖြိုးရေးနိမ့်ကျနေသောကြောင့် လူမှုရေးခက်ခဲသောဒေသအဖြစ် သတ်မှတ် သင့်သောဒေသ များ ရှိပါက အကျိုးအကြောင်းဖော်ပြချက်၊ သုံးသပ်ချက်များဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်များနှင့်အတူ ပြန်လည်တင်ပြရန် ပြည်ထဲရေးဝန်ကြီးဌာန၏ အကြောင်းကြား ချက်အရ ၂၉-၇-၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၁၃) အရ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းနဲမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ နမ္မတူမြို့နယ်နှင့် နမ့်စန်မြို့နယ်ပါ မြို့နယ် ၄ ခုနှင့် အင်တောမြို့နယ်ခွဲ၊ မန်ဟီးရိုးမြို့နယ်ခွဲ၊ တာမိုးညဲမြို့နယ်ခွဲ၊ မိုင်းလုံမြို့နယ်ခွဲ၊ မိုင်းငေါ့မြို့နယ်ခွဲနှင့် ကျိုင်းလပ်မြို့နယ်ခွဲပါ မြို့နယ်ခွဲ ၆ ခုတို့တွင် လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး ဝေးလံခေါင်သီ၍ ဖွံ့ဖြိုးမှုနိမ့် ကျနေသဖြင့် လူမှုရေးခက်ခဲသောဒေသအဖြစ် သတ်မှတ်ပေးရန် ဆုံးဖြတ်တင်ပြခဲ့ပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကွန်ဟိန်းမြို့အား ဝေးလံခေါင်သီတဲ့ဒေသအဖြစ် ထပ်မံဖြည့်သွင်းသတ်မှတ်ပေးရန် တင်ပြခဲ့ခြင်း မရှိခဲ့ကြောင်းကိုလည်း စိစစ်သိရှိရပါကြောင်း။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၅-၂-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ (၂၈၆/၂၀၁၃)ဖြင့် ဒေသစရိတ် ခံစားခွင့်ရှိသော မြို့နယ်များနှင့် ဒေသစရိတ်နှုန်းထားများ သတ်မှတ်စဉ်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ တာဝန်အရ ခရီးသွားလာခြင်း များအတွက် ခရီးစရိတ်ခံစားခွင့်ပြုခြင်းနှင့် ပတ်သက်၍ လက်ရှိဒေသန္တရနှုန်းများအတိုင်း အမှန်ကုန်ကျသည့် စရိတ်များကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ခရီးသွားနေ့တွက်စရိတ်များကိုလည်း တာဝန်ကျရာဌာနချုပ်မှ ထွက်ခွာသော နေ့တစ်နေ့စီအတွက် တူညီသောနှုန်းထားများဖြင့် ခွင့်ပြုထားပါကြောင်း။ ခရီးသွားနေ့ထွက်စရိတ်နှုန်းထားများကိုလည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁-၄-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ (၅၄၈/၂၀၁၃) ဖြင့် တစ်ရက်လျှင် ၁၇၀၀ ကျပ်နှုန်းသို့ တိုးမြှင့်ခွင့်ပြုပေးလျက်ရှိ ပါကြောင်း၊ နေ့တွက်စရိတ်ကို ခရီးသွားစဉ် အပိုကုန်ကျသောစရိတ်များကို ကာမိစေရန် ရည်ရွယ်ခွင့်ပြုထား သည့်အပြင် ခရီးသွားစဉ် စနေနေ့၊ တနင်္ဂနွေနေ့နှင့် အခြားရုံးပိတ်ရက်များတွင်လည်း ခရီးစရိတ်၊ နေ့တွက်စရိတ် ထုတ်ယူခွင့်ရှိ ကြောင်းနှင့် ခရီးသွားလာနေစဉ်အတွင်း ဖျားနာခြင်း၊ ရေကြီးခြင်း၊ မိုးကြီးခြင်းတို့ကြောင့် ရပ်နားရသော နေ့များ အတွက် ကြီးကြပ်သူအရာရှိများက သဘောတူပါက ထုတ်ယူခွင့်ရှိပါကြောင်း။ သို့ဖြစ်ပါ၍ ကွန်ဟိန်းမြို့ကို ဝေးလံခေါင်သီ၍ ခက်ခဲသောဒေသအဖြစ်သတ်မှတ်ပြီး လစာနှစ်ဆတိုးပေးရန် လတ်တလောအခြေအနေတွင် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသအဖြစ် သတ်မှတ်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့က ထောက်ခံတင်ပြလာပါက ပြည်ထဲရေး ဝန်ကြီး ဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်တင်ပြ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် တာဝန် ထမ်းဆောင်နေသောဝန်ထမ်းများ လစာငွေမလုံလောက်မှုနှင့်ပတ်သက်၍ နိုင်ငံတော်မှ အပို ထောက်ပံ့ကြေးငွေ ၃၀၀၀၀ ကျပ်နှုန်း ခံစားခွင့်ပြုခဲ့ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သတ်မှတ်ထားသည့် တာဝန်ဖြင့် ခရီးသွား လာခြင်းအတွက် ခရီးသွားနေ့တွက်စရိတ် ခံစားခွင့်ပြုထားခြင်းနှင့် ခရီးစရိတ်အား လက်ရှိဒေသန္တရ နှုန်းထား များအတိုင်း အမှန်ကုန်ကျစရိတ်များကိုလည်း ခွင့်ပြုပေးလျက်ရှိပါသဖြင့် ထပ်မံဖြည့်ဆည်းပေးရန် အစီအစဉ် မရှိသေး ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။