နိုင်ငံတော်ရဲ့ လူဦးရေ သန်း ၆၀ ကို အွခေခံပြီး တော့ ဖြစ်ပေါ်လာတဲ့ ယောက်ျားဦးရေအရေအတွက် အမျိုးသမီးဦးရေအရေအတွက် ဒီကနေမှ ကျွန်တော်တို့ မူလတန်းတက်နေတဲ့ ကလေးတွေ၊ အလယ်တန်းတက်နေတဲ့ လူငယ်တွေ၊ တက္ကသိုလ် တက်နေတဲ့ လူငယ်တွေရဲ့ အရေအတွက်တွေ ဒီကနေ ကျွန်တော်တို့ တစ်ဆက်တည်းပဲ နိုင်ငံတော်မှာ တပ်မတော်သားမပါဘဲနဲ့ အရာထမ်းအရေအတွက်၊ အမှုထမ်းအရေအတွက် ဒီကနေမှ နိုင်ငံတော် တစ်ဝန်းမှာရှိတဲ့ စက်ရုံပေါင်း၊ အလုပ်ရုံပေါင်း၊ ဒီစက်ရုံအလုပ်ရုံမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ အရေအတွက် ပြည်ပမှာသွားပြီးတော့ လုပ်ကိုင်နေတဲ့ နိုင်ငံသားများရဲ့ အရေအတွက် ဒါတွေ ကျွန်တော် ကိန်းဂဏန်းတွေကို မတင်ပြတော့ပါဘူး။ ဒါတွေကို သုံးသပ်ကြည့်မယ်ဆိုရင် နိုင်ငံအတွင်းမှာ အလုပ် လက်မဲ့ဖြစ်နေတဲ့ ပညာတတ်များစွာရှိပါတယ်။ ဒါတွေကို ပြည်သူလူထုက အလုပ်လက်မဲ့ အလုပ်အကိုင် ရရှိရေးအတွက် မျှော်လင့်နေတဲ့အချိန်ကာလဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအွခေခံဥပဒေပုဒ်မ ၃၁ မှာ နိုင်ငံတော်အစိုးရဟာ အလုပ်အကိုင် ရရှိရေးအတွက် လျော့နည်းစေဖို့အတွက် ကူညီမယ်လို့ ပါပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ရဲ့ အမျိုးသားစီမံကိန်းမှာ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ သင့်တော်ကောင်းမွန်သော အလုပ်အကိုင်ရရှိရေးကို နိုင်ငံတော်ရည်မှန်းချက်တစ်ရပ်အဖြစ် မပြတ် ဆောင်ရွက်ရေးဆိုပြီးတော့ ဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။ လူငယ်များရဲ့ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အစိုးရရဲ့ မျှော်မှန်းထားချက်ကို ပြည်သူလူထုကို ထင်သာမြင်သာဖြစ်အောင် ဖော်ပြပေးစေလိုပါတယ်။ ဒါကြောင့် ကျွန်တော်မေးမယ့်မေးခွန်းကတော့ နိုင်ငံတော်အတွင်း အလုပ်လက်မဲ့ဖြစ်နေတဲ့ ဘွဲ့ရပညာတတ်လူငယ်များ၊ အခြေခံပညာအဆင့် လူငယ် များနဲ့ နောင်နှစ်စဉ် နိုင်ငံတော်ကနေ မွေးထုတ်လာမယ့် တက္ကသိုလ်အသီးသီးက ဘွဲ့ရလူငယ်တွေကို နိုင်ငံတော်အနေနဲ့ ဘယ်လိုအလုပ်အကိုင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ နှစ်တိုနှစ်ရှည်မျှော်မှန်းထားချက် များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများမှာ အပြန်အလှန်ဆက်စပ်နေပါတယ်။ နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေအရင်းအနှီးရှိမှု၊ နည်းပညာတိုးတက်မှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုတို့ဟာ အလွန်အရေးကြီးပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းတွေ များစွာလိုအပ်ပါတယ်။ ဒီလူ့စွမ်းအားအရင်းအမြစ်ရရှိဖို့အတွက် ပညာရေးကဏ္ဍာဟာ ကာလတို၊ ကာလရှည် ရည်မှန်းချက်များ နဲ့ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာအဆင့်လူငယ်များနှင့် ဘွဲ့ရလူငယ်များကို နှစ်စဉ်မွေးထုတ်ပေး လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာ နိုင်ငံတော်အနေနဲ့ ဘွဲ့ရများနှင့် အခြေခံပညာအဆင့်ရှိသူ အရေအတွက် များများရရှိဖို့ရည်မှန်းခဲ့ပါတယ်။ အခုအခါမှာတော့ အရည်အချင်းပြည့်ဝမှသာ အလုပ် အကိုင်ရရှိနိုင်မှာဖြစ်သလို ဝင်ငွေရရှိနိုင်မှာလည်းဖြစ်တဲ့အတွက် ပညာရေးရည်မှန်းချက်ကို Quality Education ဖြစ်ဖို့ဆောင်ရွက်လျက်ရှိပါတယ်ရှင်။ ဘွဲ့ရလူငယ်များဟာ အလုပ်အလွယ်တကူ ရရှိနိုင်တဲ့ အလုပ်ခန့်ထားနိုင်တဲ့အရည်အချင်းတွေပြည့်ဝဖို့ တစ်နည်းအားဖြင့် Employable ဖြစ်ဖို့နှင့် Professional ဖြစ်ဖို့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လျက်ရှိပါတယ်ရှင်။ နိုင်ငံတော် အနေနဲ့ ဘွဲ့ရလူငယ်များဟာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရဌာနများမှာသော်လည်း ကောင်း၊ နိုင်ငံပိုင်လုပ်ငန်းများမှာသော်လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းများမှာသော်လည်းကောင်း၊ မိမိကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့ စွန့်ဦးတီထွင်သူများသော်လည်းကောင်း ပါဝင်လုပ်ကိုင်ကြဖို့မျှော်မှန်း ထားပါတယ်။
အရင်က အရေအတွက် ဦးစားပေးခဲ့တဲ့အတွက် အလုပ်အကိုင် အဆင်မပြေတဲ့ ဘွဲ့ရလူငယ်တွေ ရှိတာကြောင့် ယခုအခါမှာ တက္ကသိုလ်အသီးသီးက နောင်လာမည့်ကာလမှာ လိုအပ်မယ့် အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေးအခွင့်အလမ်းများပေါ်မူတည်ပြီးတော့မှ လိုအပ်ချက်အတိုင်း မွေးထုတ်နိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဘွဲ့ရလူငယ်များကို Professionals အဆင့် အသက်မွေးဝမ်းကျောင်းပညာတစ်ခု တတ်မြောက်သူများဖြစ်လာရန်လည်းကောင်း၊ နိုင်ငံရဲ့စီးပွားရေး ကိုဦးဆောင်မည့် စွန့်ဦးတီထွင် (Entrepreneurs) များဖြစ်လာရန်လည်းကောင်း မျှော်မှန်းချက်ထားရှိ ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ အလုပ်ခွင်ကျွမ်းကျင်မှု၊ လုပ်ငန်းကျွမ်းကျင်မှုအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး လူ့စွမ်းအားဖွံ့ဖြိုးရေးသင်တန်းမျိုး ဝန်ထမ်းအဆင့်အမျိုးမျိုးကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပါတယ်ရှင်။ မြန်မာနိုင်ငံမှာ ဘွဲ့ရလူငယ်များ၊ အခြေခံ ပညာအဆင့်လူငယ်များစွာရှိသော်လည်း အလုပ်ရရှိနိုင်တဲ့ ကျွမ်းကျင်မှုရရှိရေးအတွက် နိုင်ငံတော် အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိသလို အသက်မွေးဝမ်းကျောင်းပညာရှင်၊ စီးပွားရေးလုပ်ငန်းဦးဆောင်သူ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများသာမက အခြားအဆင့် ကျွမ်းကျင်အတတ်ပညာရှင်များနှင့် လုပ်သားများစွာ လိုအပ်နေပါ သေးတယ်။ ဒါကြောင့် အခြေခံပညာအဆင့်လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာသင် ကျောင်းများကို အစိုးရက ဒီအသစ်ဖွင့်လှစ်တာတွေ၊ တိုးမြှင့်ဖွင့်လှစ်တာတွေ စီစဉ်လျက်ရှိပါတယ်။ ဝန်ကြီးဌာနအလိုက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာသင်တန်း ကျောင်းအမျိုးမျိုးကို တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။ ဥပမာ ဆရာအတတ်သင်ကျောင်းများ၊ သူနာပြုသင်တန်းကျောင်းများ၊ စက်မှုပညာသင်တန်းကျောင်းများ၊ စာရင်းကိုင်ပညာသင်တန်းကျောင်း များ၊ ကွန်ပျူတာသင်တန်းကျောင်းများ အစရှိသည်ဖြင့် သင်တန်းအမျိုးမျိုးဖွင့်လှစ်ပြီးတော့ ကျွမ်းကျင်သူများပိုမိုမွေးထုတ်နိုင်ရေးလည်း ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်မှာလည်း ဒီပုဂ္ဂလိက လုပ်ငန်းရှင်တွေ UMFCCI တို့၊ နောက်ပုဂ္ဂလိကသင်တန်းကျောင်းတွေကိုလည်း လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးမြေတောင်မြှောက်လျက်ရှိပါတယ်ရှင်။ အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှာလည်း ကျွမ်းကျင်လုပ်သား စဉ်ဆက်မပြတ်ရရှိရေး၊ စနစ်တကျ လေ့ကျင့်ပေးခြင်းဖြင့် ထုတ်လုပ်မှုစွမ်းအားမြှင့်တင်စေရေးအတွက် ကျွမ်းကျင်လေ့ကျင့်ရေးသင်တန်း ကျောင်းများကို ဖွင့်လှစ်ပြီးတော့ အစိုးရ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှာရှိတဲ့ ဝန်ထမ်းများအား အလယ်အလတ်အဆင့် စီမံခန့်ခွဲမှုသင်တန်းနှင့် သက်မွေးပညာသင်တန်းများကို သင်တန်းကြေး အခမဲ့ဖြင့် သင်ကြားပေးလျက်ရှိပြီး အလုပ်အကိုင်ရရှိရေးအတွက်ပါ ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အလျောက် အာဆီယံစီးပွားရေးအသိုက်အဝန်းရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာ ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ စီးဆင်းနိုင်ရေးအတွက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုစနစ်များဖြင့် ကျွမ်းကျင်လုပ်သားများကို ပျိုးထောင် လျက်ရှိပါတယ်။ ဒီလိုမပျိုးထောင်နိုင်ဘူးဆိုရင် ကျွန်မတို့နိုင်ငံကို တခြားကျွမ်းကျင်လုပ်သားတွေ ဝင်လာစရာအကြောင်းရှိပါတယ်။
ထို့အပြင် ကျွန်မတို့ ILO Convention 2 Concerning Unemployment အရ အလုပ်အကိုင်ရှာဖွေရေး ယာယီအကျိုးဆောင်လိုင်စင်တွေကိုလည်း ပုဂ္ဂလိကအေဂျင်စီတွေကို ကျွန်မတို့ထုတ်ပေးနေပါတယ်။ နောက် နိုင်ငံတော်ရဲ့ လူဦးရေ ၆၅ ရာခိုင်နှုန်းသည် အလုပ်လုပ် နိုင်သည့် အသက်အရွယ်ဖြစ်တဲ့အတွက် နိုင်ငံအနေနဲ့တော့ လူ့စွမ်းအားအရင်းအမြစ် အားသာချက် ရှိပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဒီကျွမ်းကျင်မှု နောက်တစ်ခါ Professionals ဖြစ်မှုဆိုတဲ့ဟာတွေ ကလည်း အရမ်းအရေးကြီးနေတာဖြစ်တဲ့အတွက် ဒီအသက်အရွယ်အပိုင်းအခြားဟာ အလုပ်လုပ်နိုင်ရုံ သာမက ဝင်ငွေရရှိနိုင်အောင် နောက် ပညာရှင်တွေဖြစ်အောင် ပြုစုပျိုးထောင်ရမှာဖြစ်ပါတယ်။
နိုင်ငံတော် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတိုင်းစားဝတ်နေရေးဖူလုံမှု၊ ဝင်ငွေရရှိ မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးမှုဟာ နိုင်ငံအတွက် လွန်စွာအရေးကြီးပါတယ်။ ဝင်ငွေရရှိရေးအတွက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်သလို အလုပ်အကိုင်အဖြစ်၊ ဝန်ထမ်းအဖြစ်လည်း အသက်မွေးဝမ်းကျောင်းပြုနိုင်ပါတယ်။ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု တွေဝင်လာရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ပေါက်လာမှာဖြစ်တဲ့အတွက် ဒီရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ ဒီကျွမ်းကျင်မှုအလိုက် အလုပ်တွေရရှိနိုင်အောင် နိုင်ငံအနေနဲ့ များစွာမှ အရေးကြီး တယ်လို့ယူဆပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ကိုင်တဲ့ စီးပွားရေး လုပ်ငန်းများမှာ နိုင်ငံသားကျွမ်းကျင်သူအလုပ်သမား အတတ်ပညာရှင်များနှင့် ဝန်ထမ်းများခန့်ထား ရာမှာ ပထမ ၅ နှစ်ကုန်ဆုံးချိန်မှာ နိုင်ငံသားအနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယ ၅ နှစ်ကုန်ဆုံးချိန်မှာ အနည်းဆုံး ၅၀ ရာခိုင်နှုန်းနှင့် တတိယ ၅ နှစ်ကုန်ဆုံးချိန်မှာ ၇၅ ရာခိုင်နှုန်းခန့်ထားရန်နှင့် ထိုသို့ ခန့်ထားနိုင်ရေးအတွက် နိုင်ငံသားဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာစေရေး အတွက် လေ့ကျင့်ပေးခြင်း၊ သင်တန်းပေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ရန် ကျွမ်းကျင်မှုမလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရန်စတဲ့ အစီအစဉ်တွေကို ဥပဒေထဲမှာ ထည့်သွင်း ပြဋ္ဌာန်းထားတာတွေရှိပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လင်းလာမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍများသာမက ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အစိုးရအဖွဲ့ အစည်းများတွင်သာမက ပြည်တွင်းပြည်ပ NGO နဲ့ Civil Society တွေမှာ ကျွမ်းကျင်တဲ့ဘွဲ့ရများ၊ ကျွမ်းကျင်တဲ့လုပ်သားများစွာ လိုအပ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းများ ဒေသတွင်း နိုင်ငံတကာယှဉ်ပြိုင် နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်း ဦးဆောင်သူများ၊ စီးပွားရေးပညာကျွမ်းကျင်သူများလည်း များစွာ လိုအပ်နေပါတယ်။ ဒါကြောင့် တစ်ဖက်မှာလည်း ဘွဲ့ရလူငယ်များအနေနဲ့ အခြေခံပညာအဆင့်လူငယ် များဟာ အလုပ်အကိုင်ရရှိရေးအတွက် ဒီသက်ဆိုင်ရာ လုပ်ငန်းတွေက လက်ခံနိုင်တဲ့ အရည်အချင်း၊ အရည်အသွေးပြည့်မီအောင် မိမိကိုယ်တိုင်က တက်တက်ကြွကြွ အစဉ်ကြိုးစားဖြည့်ဆည်းနိုင်ရန် လိုပါတယ်။ လူငယ်များအနေနဲ့ ခံယူချက်ကောင်းကောင်းနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ပါဝင်လိုတဲ့ စိတ်ဓာတ်၊ ဦးဆောင်လိုတဲ့ စိတ်ဓာတ်ကောင်းများ ရရှိရေးအတွက် ကျွန်မတို့အားလုံး ဝိုင်းဝန်းပျိုးထောင် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
