ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မှာရှိတဲ့ ပြည်သူ့ဆေးရုံမှာ ဆိုလို့ရှိရင် ကျွန်တော်တို့ တိုးပွားလာတဲ့ လူဦးရေနှင့်အညီ ပြည်သူလူထုအနေဖြင့်၊ ဒေသခံပြည်သူများအနေ ဖြင့် လူနာတင် ခုတင်များ တိုးမြှင့်ပြီးတော့ တည်ဆောက်ပေးရန် အလွန်ပင် လိုလားလျက်ရှိပါတယ်။ တစ်ခါ ပြည်သူ့ဆေးရုံကြီးအနေနဲ့လည်း ကြာမြင့်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ခွဲစိတ်ခန်းတို့၊ လူနာခန်းတို့ တစ်ခါ ဆရာဝန်နေအိမ်တို့၊ ဝန်ထမ်းအိမ်ရာတွေဟာလည်း ပျက်စီးယိုယွင်းလျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ အောက်ပါမေးခွန်းကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ခုတင် ၂၅ ခုတင်မှ ခုတင် ၅၀ ကို တိုးမြှင့်ပေးဖို့ အစီအစဉ်ရှိပါသလား။ ပျက်စီးနေတဲ့ ခွဲစိတ်ခန်းတို့၊ ဆရာဝန် နေအိမ်တို့၊ ဝန်ထမ်းအိမ်ရာတို့ကိုလည်း ပြုပြင်ပေးရန်အစီအစဉ် ရှိ /မရှိမေးမြန်းပါသည်။
အုတ်တွင်းမြို့နယ် ၂၅ ခုတင်ဆံ့ပြည်သူ့ဆေးရုံကို ခုတင် ၅၀ အဆင့်ကို တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိရေး အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားလိုပါ တယ်။ ပြည်သူ့ဆေးရုံအတွင်းမှာရှိတဲ့ အဆောက်အအုံ၊ ဆရာဝန် နေအိမ်နဲ့ ဝန်ထမ်းအိမ်ရာပြုပြင် ဆောက်လုပ်ပေးခြင်းလုပ်ငန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်းမှာ သာမန်အသုံးစရိတ်ရန်ပုံငွေ နဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြား ပါသည်။
