မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသနေသော အစီအစဉ်များကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှ တစ်ဆင့်ညနေ ၆ နာရီမှစတင်၍ အစီအစဉ်ပြီးဆုံးသည်အထိ ထုတ်လွှင့်ပေးပြီး စစ်တွေခရိုင်၊ မြောက်ဦးခရိုင်တို့မှ ဖမ်းယူကြည့်ရှုကြရပါကြောင်း၊ မြောက်ဦးမြို့သည် တောင်ပတ်လည် ဝိုင်းရံထားသော နေရာတွင် တည်ရှိသောကြောင့် စစ်တွေရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှ ထုတ်လွှင့်ပြသသော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်များကို ဖမ်းယူကြည့်ရှုရသည်မှာ ကြည်လင်ပြတ်သားမှုမရှိပါကြောင်း၊ ငွေကြေးတတ်နိုင်သူများက စလောင်းများ တပ်ဆင်အသုံးပြုခြင်း၊ Sky Net ရုပ်သံလိုင်းစက်များ ဝယ်ယူတပ်ဆင်အသုံးပြုခြင်းများ ရှိကြသော်လည်း အများစုမှာ ခေတ်ပေါ်ပစ္စည်းများကို ဝယ်ယူအသုံးမပြုနိုင်ဘဲ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမှုများကိုသာ အားကိုတကြီး ကြည့်ရှုနေကြရပါကြောင်း၊ ယခုအခါ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ယခင်ကထက်အစီအစဉ်အသစ်များ ရုပ်သံဇာတ်လမ်းအခန်းဆက်များ ထုတ်လွှင့်ပြသမှုများရှိနေပါသဖြင့် ကြည့်ရှုရသူများ စိတ်ဝင်စားမှု ပိုမိုများပြားလာပါကြောင်း၊ သို့ဖြစ်ပါ၍ မြောက်ဦးခရိုင်အတွင်း ကြည်လင်ပြတ်သားမှုရှိသော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်များကို ကြည့်ရှုခံစားနိုင်စေရန် မြောက်ဦးမြို့နယ်ရှိ ထပ်ဆင့်လွှင့်စက်ရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်မြင်သံကြားသည် လက်ရှိအခြေအနေတွင် စစ်တွေမြို့မှ Analogue လွှင့်စက်တစ်လုံး ဖြင့်လည်းကောင်း၊ 10 KW ရှိသည့် Analogue လွှင့်စက်တစ်လုံးဖြင့်လည်းကောင်း၊ Digital နည်းအရ DVB- T2 ကိုလွှင့်အား 3 KW ဖြင့်လည်းကောင်း ထုတ်လွှင့်လျက်ရှိပါကြောင်း၊ မြေပြင်ကွင်းဆင်းတိုင်းတာချက်များအရ မြောက်ဦးသည် စစ်တွေမြို့မှ ၃၆ မိုင် အကွာတွင်တည်ရှိပြီး လွှင့်အားရောက်ရှိမှု အားနည်းနေခြင်းကြောင့် လက်ရှိအခြေအနေတွင် Outdoor Antenna များ၊ Booster များကို အသုံးပြု၍ ဖမ်းယူကြည့်ရှုနေပါကြောင်း၊ ထို့ကြောင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၌ မြောက်ဦးတွင် DVB-T2 စနစ် 300 W တစ်လုံး တည်ဆောက်နိုင်ရေးအတွက် ဘဏ္ဍာငွေ ထည့်သွင်းတောင်းခံသွားမည် ဖြစ်ကြောင်းနှင့် ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
