(ဃ)-တံတားဦးမြို့နယ်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် လမ်းများဖြည့်ဆည်းပြင်ဆင် တည်ဆောက် ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအေ၀ (၁၅) ရက်မြောက်နေ့ (၆.၂.၂၀၁၃)

ကျွန်မတို့ တံတားဦးမြို့နယ်ဟာ အင်းဝ မင်းနေပြည်တော်ဟောင်းတည်ရှိတဲ့ မြို့ဖြစ်ပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို လာရောက်ပြီးတော့ လေ့လာတဲ့အခါ ကမ္ဘာလှည့်ခရီးသည်တွေ နေ့စဉ်အမြောက်အမြားလာရောက် လည်ပတ်ကြပါတယ်။ အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ရှိပြီးတော့ ဟိုတယ်ဇုန်၊ စက်မှုဇုန်များလည်း တည်ဆောက်ရန်အတွက် စီမံကိန်းများရှိတယ်လို့ ကြားသိနေရပါတယ်။ အခု အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဖောက်လုပ်စဉ်က တံတားဦးမြို့နယ်က တောင်သူမိသားစု ၄၅၀ ကျော်ခန့် လုပ်ကိုင်စားသောက်နေရတဲ့ လယ်ယာ‌ွမေဧကပေါင်း ထောင်ချီပြီးတော့ လမ်း‌ွမေ အတွက် သိမ်းဆည်းခံခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ တောင်သူတွေဟာ လမ်းကောင်းကောင်းအသုံးပြုခွင့် ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အမြန်လမ်းမကြီးကို ဖြတ်သန်းအသုံးပြုခွင့် မရခဲ့ကြပါဘူး။ မောင်းနှင်မိမယ်ဆိုရင်လည်းပဲ ဒဏ်ကြေးပေးဆောင်နေရပါတယ်။ ဒီအမြန်လမ်းနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့အခက်အခဲတွေ၊ လိုအပ်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ အများစုဟာ အကြိမ်ကြိမ်မေးမြန်းဆွေးနွေးနေရပါတယ်ရှင်။ ဥက္ကဋ္ဌကြီးရှင်။ အမြန်လမ်းမပေါ် ဆိုင်ကယ်၊ ထော်လာဂျီမောင်းနှင်ခြင်းဟာ မောင်းနှင်သူအတွက် အသက်နဲ့ရင်းပြီး မောင်းနှင်နေကြရ တာပါ။ ဥပဒေအရ ဒဏ်ကြေးပေးဆောင်ရမယ်ဆိုတာကို သိပေမယ့်လည်းပဲ မိမိရဲ့အသက်နဲ့ရင်းပြီး ဥပဒေကို ချိုးဖောက်မောင်းနှင်ခြင်းဟာ မောင်းနှင်သူအတွက် မလုပ်မဖြစ်လုပ်နေရတဲ့ စွန့်စားမှုတစ်ခု လိုပဲ ဖြစ်နေပါတယ်။ ဒီလိုမောင်းနှင်ခြင်းနဲ့ ဥပဒေကို မချိုးဖောက်လိုကြပါဘူး။ ဒါကို ဖြေရှင်းဖို့ရာ အတွက် တစ်နည်းအားဖြင့် ဒီဥပဒေကို ကျွန်မတို့ ပြည်သူတွေ လိုက်နာနိုင်ဖို့ရာတွင် အမြန်လမ်းမကြီးနဲ့ အပြိုင် ကျေးလက်သုံးလမ်းများ ဖောက်လုပ်ပေးရန် လိုအပ်လာပါတယ်ရှင်။ ပြီးခဲ့တဲ့အပတ်ထဲက ဥက္ကဋ္ဌကြီးရဲ့ နွားထိုးကြီးခရီးစဉ် ပြည်သူတွေရဲ့ တင်ပြချက်မှာ မြို့သုံးမိုင်အတွင်းမှာ လမ်းအသုံးပြု နိုင်အောင်စီစဉ်ပေးဖို့ ပါရှိပါတယ်။ ဒါဟာ ကျေးရွာ လေး၊ ငါးရွာအတွက်ပဲ အဆင်ပြေမှာဖြစ်ပါ တယ်ရှင်။ ဒါ့အပြင် အမြန်လမ်းမမှ Under Pass များဟာလည်း မိုးရာသီအချိန်မှာ တစ်ပေကနေ နှစ်ပေကျော်သုံးပေအထိ ရေနစ်မြုပ်နေပါတယ်။ ဒီလို ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ခင်းလုပ်ကွက်တွေ လည်းပဲ ပျက်စီးနေရပါတယ်။ ဒီလမ်းနဲ့ ပတ်သက်ပြီးတော့ ပဉ္စမကာလတိုငါးနှစ် အမျိုးသားစီမံကိန်း ထဲမှာ ပြုပြင်ရန်ပါရှိတဲ့ Under Pass လမ်းများအပြင် ပြုပြင်သင်‌့တဲ့လမ်းများလည်း ကျန်ရှိနေပါသေး တယ်ရှင်။ Under Pass အမှတ်(၁/၃၄၄)၊ (၅/၃၄၁)၊ (၂/၃၄၂)၊  (၂/၃၄၆)၊  (၃/၃၄၈)၊  (၃/၃၄၉)၊  (၂/၃၅၀)၊  (၁/၃၅၅) အမှတ် ၈ ခုဟာ ပြင်ဆင်တိုးမြှင့်ဖို့အတွက် လိုအပ်နေတဲ့ Under Pass တွေ ဖြစ်ပါတယ်။ ဒီ Under Pass တွေရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ရွာတွေကို ဆက်သွယ်ထားတဲ့ လမ်းတွေဟာလည်းပဲ အဆင့်တိုးမြှင့် ဖောက်လုပ်ပေးရန်  လိုအပ်နေပါတယ်။ ဥပမာပြောရမယ်ဆိုရင် Under Pass အမှတ် (၅/၃၄၁) အရှေ့ဘက်မှာရှိတဲ့ မိုးကြိုးတွင်းရွာကို သွားတဲ့လမ်း၊ အနောက် ဘက်မှာရှိတဲ့ မြင်းစိုင်းရွာကိုသွားတဲ့လမ်း ဒီမြင်းစိုင်းရွာကို သွားတဲ့လမ်းဟာဆိုရင် ဆိုင်ကယ်တစ်စီး စာကိုပဲ မောင်းနှင်ဖို့ဟာ အင်မတန်ခက်ခဲနေပါတယ်။ လမ်းမကြီးဟာမြင့်မားပြီးတော့ ရွာထဲကို ဆင်းတဲ့ အခါမှာ တက်တဲ့အခါမှာ  ခက်ခဲစွာဆင်းရတက်ရပါတယ်။ ဒါဟာ အလွန်အင်မတန် အန္တရာယ်ကြီးမား လှပါတယ်။ အဲဒီလိုရွာလမ်းတွေကို အမြန်ဆုံးအဆင့်တိုးမြှင့် ပြုပြင်ပေးသင့်ပါတယ်ရှင်။ ဒါမှသာ ဒေသခံပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း ကုန်စည်စီးဆင်းမှု၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်က တိုးတက်မြင့်မားလာမှာ ဖြစ်ပါတယ်။ ရွာများရဲ့ တိုးတက်မြင့်မားမှုဟာ မြို့နယ်ရဲ့ တိုးတက်မှုဖြစ်ပြီး နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုသို့လည်း ကိုယ်စားပြုမှာဖြစ်ပါတယ်ရှင်။ ဒါကြောင့်မို့လို့ လယ်ယာမြေသိမ်းဆည်းခံ လမ်းပျောက်နေသော ရွာသူရွာသားများကိုယ်စား သိရှိလို သည်မှာ စီးပွားရေး၊ လူမှုရေး ကမ္ဘာ့နိုင်ငံတွေနဲ့ စီးပွားရေး၊ လူမှုရေး ဆက်သွယ်ရေးအပါအဝင် အဘက်ဘက်ကနေ အချက်အခြာကျနေတဲ့ တံတားဦးမြို့လေးအတွင်းမှာရှိတဲ့ အမြန်လမ်းမကြီးနဲ့ အပြိုင်ကျေးရွာသုံးလမ်းများကို ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ Under Pass များ  ပြုပြင် ပေးရန်၊ ရွာလမ်းများ အဆင့်မြင့်ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနဲ့ရှိပါက မည်သည်‌့အချိန်မှာ စတင်မယ်ဆိုတာကို သိရှိလိုပါသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းရခြင်းဖြစ်ပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာမှ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မေးမြန်းထားတဲ့ တံတားဦးမြို့နယ်အတွင်းမှာရှိတဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ပြုလုပ်ထားတဲ့ Under Pass လမ်းများ ရာသီမရွေးအသုံးပြုနိုင်ရန် ထပ်မံပြုပြင်ပေးရန်၊ လမ်းမကြီးနှင့်ယှဉ်လျက် ကျေးလက်သုံးလမ်းဖောက်လုပ်ပေးရန်နှင့် ဒေသခံပြည်သူများ  လမ်းအခက်အခဲနှင့် ကြုံတွေ့နေရတဲ့ အတွက် လမ်းများဖြည့်ဆည်းပြင်ဆင်တည်ဆောက်ပေးရန်စတဲ့ မေးခွန်းကို ကျွန်တော်  ဖြေကြားမှာ ဖြစ်ပါတယ်။ တံတားဦးမြို့နယ်မှာရှိတဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ Under Pass ၈ ခု တည်ဆောက်ထားပြီးဖြစ်ပါတယ်။ အဲဒီ Under Pass တွေကတော့ စောစောက တင်ပြတဲ့အတိုင်း (၁/၃၃၄)၊ (၅/၃၄၁)၊ (၂/၃၄၂)၊ (၂/၃၄၆)၊ (၃/၃၄၈)၊ (၃/၃၄၉)၊ (၂/၃၅၀)၊ (၁/၃၅၅) တို့ဖြစ်ပါတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ (၁/၃၃၄)၊ (၅/၃၄၁)၊ (၂/၃၄၂)၊ (၃/၃၄၈)၊ (၃/၃၄၉)၊ (၂/၃၅၀)၊ (၁/၃၅၅) စတဲ့ Under Pass ၇ ခုဟာ ဆိုင်ကယ်တွေ၊ လှည်းတွေနဲ့ ထွေလာဂျီတွေ သွားနိုင်တဲ့အနေအထားမှာ ရှိပါတယ်။ ဒါကိုလည်း နှစ်စဉ်ပြုပြင်ပေးလျက်ရှိပါတယ်။ ဒီထဲမှာ စောစောက ကိုယ်စားလှယ်ကြီး တင်ပြတဲ့ Under Pass (၂/၃၄၆) တစ်ခုကတော့ မိုးတွင်းမှာ ဒါရေနှစ်ပေခန့် နက်တယ်ဆိုတာ မှန်ပါတယ်။ ဒါလည်း ဒီနှစ်မှာ ကျွန်တော်တို့ စပြီးလုပ်နေပါတယ်။ ဒီ Under Pass တွေနဲ့ ပတ်သက် လို့ကတော့ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကတော့ လမ်းနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေက ကျွန်တော်တို့ ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသွားတာလည်း ဒါကျွန်တော်တို့ ငြင်းလို့ မရပါဘူး။ ကျွန်တော်တို့ ပြည်သူအတွက်လုပ်ပေးသင့်တာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အ‌ွခေအနေအရ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့အနေအထားမှာ ဖြစ်ပါတယ်။ ဒီအထဲကနေ အကောင်းဆုံး ကျွန်တော်တို့ လုပ်ပေးဖို့ရှိတာကတော့ စောစောကပြောတဲ့ ဒီလမ်းနဲ့ အပြိုင် ကျေးရွာတွေဟာ လမ်းပိတ်နေတဲ့အနေအထားမျိုးတွေ ဖြစ်နေတဲ့ဟာတွေကိုတော့ ကျွန်တော်တို့ စတင်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်နေရပြီ ဖြစ်ပါတယ်။ Under Pass အမှတ်(၂/၃၄၆) အတွင်း မှာတော့ ပေ ၂၇၅၀ ကို ဒါ အခုစပြီး လုပ်နေပါပြီ။ ဒါကို ဆက်သွယ်ရေးလမ်းအနေနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ၁၂ ပေအကျယ် ကျောက်ရောမြေအမာခံ လမ်းခင်းပြီးတော့ ၄ ပေ ရေထုတ်ပြွန်တစ်စင်းလည်း ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ထို့အတူပဲ ဒီ Under Pass တွေမှာ ရှိနေတဲ့လိုအပ်ချက်တွေကိုလည်း ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးသွား ပါမယ်။ ဒါ ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ ထပ်မံစစ်ဆေးပြီးတော့ ကျွန်တော်တို့ လိုအပ်ချက်တွေကို အမြန်လမ်းနဲ့ပတ်သက်ပြီးတော့ အတတ်နိုင်ဆုံးဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ တကယ်ကတော့ အမြန်လမ်းအနေနဲ့ ပြောမယ်ဆိုရင် ကျွန်တော်တို့ ဒီအမြန်လမ်း ပေါ်မှာ မော်တော်ဆိုင်ကယ်တို့၊ ထွေလာဂျီတို့ သွားခွင့်မရှိပါဘူး။ စောစောက ပြောသလိုပဲ သွားခွင့် မရှိပေမယ့် သူတို့မှာ သွားစရာလမ်းမရှိလို့သွားတယ်ဆိုတာလည်း ကျွန်တော်တို့ နားလည်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့လမ်းကြီးဟာ တစ်ဖက်ကို လေးလမ်းသွားအနေနဲ့ ကျွန်တော်တို့က ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။ ဘေးမှာ ကျွန်တော်တို့ မြေသားတွေက ကျွန်တော်တို့ အမှန်တကယ် ပြောရရင်တော့ ချောပြီးသားပါ။ လောလောဆယ် ကျွန်တော်တို့ လုပ်ထားတာကတော့ လေးလမ်းသွား တစ်ဖက်ကို ရှိတဲ့နေရာမှာ ကွန်ကရစ်အနေနဲ့ နှစ်လမ်းသွားကိုပဲ ကျွန်တော်တို့ လုပ်ပြီးတော့ ပထမ အဆင့်အနေနဲ့ ကျွန်တော်တို့ အသုံးပြုနေတာ ဖြစ်ပါတယ်။ လမ်းရဲ့အနေအထားအရ ကျွန်တော်တို့ရဲ့ သွားရေးလာရေးကို အများကြီးအထောက်အကူဖြစ်သလို အန္တရာယ်ရှိနေတာတွေလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါတွေလည်း ကျွန်တော်တို့ အခုဒီနှစ်ထဲမှာ အမျိုးမျိုးကြိုးစားပြီးတော့ ကျွန်တော်တို့ ရန်ပုံငွေရရှိရေးကို ဆောင်ရွက် နေပါတယ်။ နိုင်ငံတော်က တစ်ဖက်က ကျွန်တော်တို့ နိုင်ငံတော်ရဲ့ငွေနဲ့ ဆောင်ရွက်တာရှိသလို တစ်ဖက်ကလည်း နိုင်ငံခြားအကူအညီနဲ့ ကျွန်တော်တို့ လေးလမ်းသွားကြီး တစ်ဖက်စီဖြစ်သွားအောင် ဒီအန္တရာယ်တွေကင်းအောင် ကတ်ဒွေးကအစ Traffic System ကအစ အားလုံး ကောင်းမွန်အောင် ကြိုးစားပြီးဆောင်ရွက်နေပါတယ်။ ဒီကာလအတွင်းမှာ တစ်နှစ်ပြီးတစ်နှစ် တက်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒါကိုလည်းဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ တဖြည်းဖြည်းအခုလက်ရှိ ကတ္တရာလမ်း ကွန်ကရစ်လမ်းအနေအထား ကနေပြီးတော့ ကျွန်တော်တို့ AC ကတ္တရာတင်ပြီးတော့ ဒီလမ်းကို ပိုမိုချောမွေ့အောင်လည်းပဲ ကျွန်တော်တို့ စတင်ပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်။ ဒါပေမယ့် အားလုံးကန့်သတ်ချက်နဲ့ လုပ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဒီအရေးကြီးဆုံးဟာကို ကျွန်တော်တို့စပြီးတော့ အန္တရာယ်လည်း ကင်းရှင်းအောင် သွားရေးလာရေးမှာလည်း လွယ်ကူအောင် အစစအဆင်ပြေအောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ စောစောကပြောတဲ့ Under Pass တွေနဲ့ ဆက်စပ်မှုရှိတဲ့ ရွာတွေကနေပြီးတော့ လမ်းပေါ်ကို မတက်ရသည့်တိုင်အောင် ဆက်ဆံရေးလမ်းကြောင်းများကို ကောင်းစွာသွားနိုင်အောင် လည်း ကျွန်တော့်အနေနဲ့ကြိုးပမ်းပြီး ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ အဲဒီတော့ နောက်ဆုံးအနေနဲ့ တင်ပြလိုတာကတော့ အမြန်လမ်းအနေနဲ့ လိုအပ်ချက်များကို ကျွန်တော် တို့ လျစ်လျူရှုမထားဘဲနဲ့လမ်းရော ကျွန်တော်တို့ ဒီကျေးရွာဆက်စပ်မှုအပိုင်းတွေမှာ အားလုံးအားသာ အောင် ကျွန်တော်တို့ ကြိုးပမ်းပြီး ဆောင်ရွက်နေပါတယ်။ နောက်ဆုံးလေးလမ်းသွားကြီး မဖြစ်သေးခင် မှာတောင်မှ ကျွန်တော်တို့ ဘေးကနေပြီးတော့မှ လွတ်လွတ်လပ်လပ်နဲ့ အန္တရာယ်ကင်းကင်းသွား နိုင်အောင် ကျွန်တော်တို့ ဒီယာယီလမ်းတွေ ယာယီလမ်းဆိုတာ အပြိုင်လမ်းသေးပုံစံမျိုးနဲ့ လမ်းကို မျက်နှာပြင်ချောမွေ့အောင်လုပ်ပြီး ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါသည်ဟု ဖြေကြားသွားပါသည်။