ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းခွင့်တောင်းခံအပ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ျဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံတော်သစ်၏ အစိုးရသစ်လက် ထက်တွင် (၆၄) ကြိမ်မြောက်နှင့် (၆၅) ကြိမ်ွမောက် ပြည်ထောင်စုနေ့နိုင်ငံတော်အခမ်းအနားကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် (၆၆) ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့မှ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ အနယ်နယ် အရပ်ရပ်မှ ငြိမ်းချမ်းရေးဆောင်ရွက်ထားသော အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များဖြင့် ကျင်းပနိုင်ခဲ့ ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းမှီတင်းနေထိုင်ကြသော ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင် ပြည်ထောင်စုနေ့သည် အထင်ကရ နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်နှင့်အညီ ယခင်အစိုးရလက်ထက်၌ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် ရည်သန်လျက် ပြည်ထောင်စုနေ့အခမ်းအနားကို အမြို့မြို့အနယ်နယ်တွင် လူထုချီတက်ပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ များ၊ အားကစားပြိုင်ပွဲများ၊ တိုင်းရင်းသားရိုးရာကပွဲများဖြင့် တစ်နေကုန်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။ ၎င်းအပြင် ပြည်နယ်နှင့်တိုင်းဒေသကြီးအနှံ့ပြည်ထောင်စုအလံတော်သယ်ဆောင် ခြင်းအခမ်းအနားကိုလည်း အထူးအစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ျဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ နိုင်ငံနှင့်အဝန်း ပြည်ထောင်စုနေ့အခမ်းအနားကျင်းပပုံကို လေ့လာကြည့်ပါက နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားနှင့် နိုင်ငံတော်ျသမ္မတကြီးပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို မြို့နယ် တိုင်းတွင်ကျင်းပနိုင်ခဲ့ပြီး ဌာနဆိုင်ရာ ပြခန်းများပြသခြင်း၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကျင်းပခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်းတို့ကို အချို့နေရာများ၌သာ ဆောင်ရွက်နိုင်ကြောင်းတွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ ချစ်ကြည်မှုအစဉ်ရှင်သန်နိုင်စေရန် ရည်သန်လျက် ပြည်ထောင်စုနေ့ အခမ်းအနားနှင့်စပ်လျဉ်းပြီး အောက်ပါမေးခွန်းများကို ရိုသေစွာမေးမြန်းအပ်ပါ တယ်။ (၁) နှစ်စဉ် ပြည်ထောင်စုနေ့အခမ်းအနားကို ပြပွဲ၊ ပြိုင်ပွဲ၊ အားကစားပွဲ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဖော်ထုတ်ပွဲတို့ဖြင့် အမြို့မြို့အနယ်နယ်များ၌ တစ်ပြေးညီစည်ကားသိုက်မြိုက်စွာ ကျင်းပ သွားရန် အစီအစဉ် ရှိ/မရှိ မေးမြန်းအပ်ပါသည်။ (၂) ပြည်နယ်နှင့်တိုင်းဒေသကြီးအနှံ့ ပြည်ထောင်စု အလံတော် သယ်ဆောင်ခြင်းအခမ်းအနားကို ပြန်လည်ဖော်ထုတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ မေးမြန်း ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းရဲ့ နှစ်စဉ်ပြည်ထောင်စုနေ့ အခမ်းအနား ပြပွဲ၊ ပြိုင်ပွဲ၊ အားကစားပွဲ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဖော်ထုတ်ပွဲတို့ဖြင့် အမြို့မြို့အနယ်နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပရန်အစီအစဉ်ရှိ/မရှိနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့ ပြည်ထောင်စုအလံတော်သယ်ဆောင်ခြင်းအခမ်းအနားကို ပြန်လည်ဖော်ထုတ် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ကိုယ်စား ကျွန်တော် ဒုတိယဝန်ကြီး ဦးသောင်းထိုက်မှ ဖြေကြား သွားမှာဖြစ်ပါတယ်ခင်ဗျား။ နှစ်စဉ်ပြည်ထောင်စုနေ့အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ခရိုင်၊ မြို့နယ်များမှာ ကျင်းပလျက်ရှိပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပွဲ များကိုတော့ ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပြည်ထောင်စုနေ့ကျင်းပရေးကော်မတီအဆင့်ဆင့်တို့ရဲ့ ဦးဆောင်မှု၊ လမ်းညွှန်မှုဖြင့် အားကစား ဝန်ကြီးဌာန ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အဆင့် ဆင့်မှ ကျင်းပပေးလျက်ရှိပါတယ်။ ပြည်ထောင်စုနေ့အလံတော်ကို ပြည်နယ်နှင့်တိုင်းဒေသကြီးအနှံ့ သယ်ဆောင်ခြင်းအခမ်းအနားကို နိုင်ငံတော် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီမှ ဆောင်ရွက် မည်ဆိုပါက အားကစားဝန်ကြီးဌာနအနေဖြင့် အားကစားကွင်း၊ အားကစားရုံများတွင် အလံတော် ရပ်နားရန် စီစဉ်ဆောင်ရွက်ပေးခြင်းအပါအဝင် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ဖြေကြား ပါသည်။
