ရခိုင်ပြည်နယ် မြေပုံမြို့နယ်ဟာ ကျွန်းဆွယ်တှေနဲ့ ဖွဲ့စည်းထားပြီးတော့ ကျွန်းတစ် ကျွန်း၊ ရွာတစ်ရွာဆိုသလိုပဲ လမ်းပန်းဆက်သွယ်ရေးဟာ အလွန်ခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ မြေပုံမြို့ဟာဆိုရင်လည်းပဲ ကြက်ဆင်ကျွန်းရဲ့တောင်ဘက်စွန်းမှာ တည်ရှိပြီးတော့ အနီးဆုံးဖြစ်တဲ့ မင်းပြားမြို့နယ်နဲ့တောင်မှ ကားလမ်းအဆက်အသွယ်မရှိပါဘူး။ အဲ့ဒီလို လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ကုန်စည်စီးဆင်းမှုနှေးကွေးပြီးတော့ ဒေသရဲ့ စားဝတ်နေရေးဟာ လည်း အလွန်ကြပ်တည်းတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြို့နယ်ကို တချို့က မြေပုံမှာ ကားလမ်းအဆက်အသွယ်မရှိတဲ့မြို့ဟာ မြေပုံမြို့ပဲလို့ ပြောကြပါတယ်။ အဲလို အဘက်ဘက် က နိမ့်ကျနေတဲ့ အထဲမှာ ၂၀၁၂ ဂီရိမုန်တိုင်းဒဏ်ကြောင့် မြေပုံမြို့ရဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ဟာ အခုထက်ထိ နလန်မထူအောင်ဖြစ်ကြရပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာ နိုင်ငံတော်အစိုးရ သစ်တက်လာပြီးတော့ ကျွန်တော်တို့ မြေပုံမြို့နယ်နှင့် ပတ်သက်ပြီးတော့ နိုင်ငံတော်အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့အစည်းကနေပြီး မြေပုံမြို့နယ်နှင့်ပတ်သက်တဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ စီမံချက်နှစ်ခုကို အတည်ပြုခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီအစည်းအဝေးကို ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် တက်ရောက်ပြီးမိန့်ခွန်း ပြောခဲ့ပါတယ်ခင်ဗျား။ အဲဒီအစည်းအဝေးကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဒုတိယဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ စာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူ များ တက်ရောက်ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အထူးစီမံကိန်း ၁၉ ခုကို စာလုံးမဲကြီးတွေနဲ့ အထင်အရှားပြသခဲ့တဲ့အတွက် ဒီသတင်းကို ကြားရတော့ ကျွန်တော်တို့ မြို့နယ်က ပြည်သူတွေဟာ တော်တော်ကို ဝမ်းသာပီတိဖြစ်ကြရပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ခဲ့ရပါ တယ်။ အဲဒီလမ်းနှစ်ခုကတော့ (၁) မြေပုံ-ကံသာ-ကပိုင်လမ်း ဖောက်လုပ်ခြင်းနှင့် (၂) မြေပုံ-ကံသာ- ကပိုင်လမ်းပေါ်ရှိ ပေ ၁၈၀ အထက်တံတားနှစ်စင်းတည်ဆောက်ခြင်း စီမံကိန်းနှစ်ခုဖြစ်ပါတယ်။ အဲ့ဒါကို အထူးစီမံကိန်းအဖွဲ့က အကောင်အထည်ဖော်ပေးတဲ့အတွက် ကျွန်တော်တို့ အလွန်ပဲ အားရ ဝမ်းသာလည်းဖြစ်တယ်။ မျှော်လင့်လည်း မျှော်လင့်ခဲ့တယ်။ အဲ့ဒီလို ဖြစ်တဲ့အချိန်မှာ ၂၃-၄-၂၀၁၁ အဲ့ဒီ သတင်းစာမှာလည်း စာလုံးမဲကြီးတွေနဲ့ အထင်အရှားဖော်ပြထားပါတယ်။ အဲ့ဒီလမ်းနှင့်ပတ်သက်ပြီး တော့ ရခိုင်ပြည်နယ် ပင်လယ်ကမ်းနားမြို့ဖြစ်သည့် မြေပုံမြို့မှ ရန်ကုန်-စစ်တွေကားလမ်းနှင့် ဆက်စပ် ၍ ဒေသအသီးသီးသို့ သွားလာနိုင်ရန် ရည်ရွယ်လျက် မြေပုံ-ကံသာ-ကပိုင်လမ်းကို ကတ္တရာလမ်းသစ် အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းအရှည် ၁၂ မိုင် ၄ ဖာလုံရှိပြီး ပေ ၁၅၀ အကျယ်ရှိ တဲ့ ပဲကောက်ချောင်းတံတား၊ ပေ ၁၀၈၀ အကျယ်ရှိတဲ့ ပြွန်ရှည်ချောင်းတံတား၊ ပေ ၂၃၇၂ ပေ အကျယ် ရှိတဲ့ ကျောင်းဂမော်မြစ်ကူးတံတား အဲ့ဒီတံတားတွေကို သံကူကွန်ကရစ် နှစ်ထပ်လမ်းအဖြစ်၊ သံပေါင် နှစ်လမ်းသွားအဖြစ် အခိုင်အမာတည်ဆောက်ပေးသွားမှာ ဖြစ်တယ်လို့ သတင်းစာမှာ ဖော်ပြထားပါ တယ်။ ဒါပေမယ့် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ ကြမ်းအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြန်လည်တင်ပြခြင်းဆိုတဲ့စာအုပ် စာမျက်နှာ ၉ မှာ အမှတ်စဉ် ၁၆ မြေပုံ-ကံသာ-ကံပိုင်လမ်း ခန့်မှန်းတန်ဖိုး သန်း ၂၀၀၀ ဟု ဖော်ပြထားရှိပြီးတော့ ၁၀၀ ရာခိုင်နှုန်း လွှတ်တော်က ဖြတ်တောက်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီလိုအထူးစီမံကိန်း အကောင်အထည်ဖော်ရေးအဖွဲ့က အတည်ပြုထားတဲ့ မြေပုံမြို့နယ်အတွက်လည်း တကယ်တမ်း လိုအပ်နေတဲ့ အထီးကျန်ဆန်ပြီး ထွက်ပေါက်မရှိတဲ့ဒေသကို မျှော်လင့်နေတဲ့ ဒီလမ်းကိုမှ ရွေးပြီးတော့ လွှတ်တော်က ၁၀၀ ရာခိုင်နှုန်းဖြတ်တောက်တယ်ဆိုတာ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်။ လွှတ်တော်က ဖြတ်တောက်တယ်ဆိုရာမှာလည်း ကျွန်တော်တို့က လွှတ်တော်ဘတ်ဂျက်ကတော့ အကောင်အကြီးတွေကို ပစ်တာပါ။ ဘယ်လိုလုပ်ပြီးတော့ နှံပြည်စုတ်ငှက်ကို သွားမှန်သလဲတော့ မပြော တတ်ပါဘူး။ သိပ်ပြီးတော့ စိတ်ဆင်းရဲရပါတယ်။
အဲ့ဒါကြောင့် ကျွန်တော် မေးလို တာကတော့ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ နိုင်ငံတော်၏ အထူးစီမံကိန်း လမ်းတစ်ခုဖြစ်တဲ့ မြေပုံ-ကံသာ-ကပိုင်လမ်းအား ဆက်လက်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိပါသလား။ အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် ဆက်လက်ဆောင်ရွက်ပါမည်နည်း။ စီမံကိန်းရပ်စဲသည်ဆိုပါက မည်သည့် အတွက်ကြောင့် ရပ်စဲပါသနည်း။ အခြားမြို့နယ်နှင့်ကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိ သော မြေပုံမြို့အား လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလာအောင် နိုင်ငံတော်က မည်သို့ကူညီ ဆောင်ရွက်ပါမည်နည်းသိလိုပါသည်ဆိုပြီးတော့ ၉-၁-၂၀၁၃ ရက်နေ့က မေးခွန်းလွှာ တင်သွင်းခဲ့ပါ တယ်။ အခုတင်ပြခဲ့တာတွေကလည်း ဒီ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း အပေါ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်တင်ပြခြင်းမှာပါတဲ့ မြေပုံ-ကံသာ-ကပိုင်လမ်းအား လွှတ်တော်က ၁၀၀ ရာခိုင်နှုန်းဖြတ်တောက်ဆိုတဲ့အပေါ်မှာ အခြေခံပြီး ဆွေးနွေးခြင်းဖြစ်ပါတယ်။
မေးခွန်းလွှာ တင်သွင်းပြီးနောက်တစ်နေ့ ၁၀-၁-၂၀၁၃ မှာ ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုလျာထားချက်၊ ၂၀၁၃-၂၀၁၄ အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှု လျာထားချက်မူကြမ်းတွေကို လွှတ်တော်ကိုယ်စားလှယ်များ လက်ထဲသို့ ဖြန့်ဝေခဲ့ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တည်ဆောက်ရေးငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက်စာမျက်နှာ ၄၉ မှာ မြေပုံ-ကံသာ-ကပိုင်လမ်းအတွက် သန်း ၅၀၀ အဆိုပြုထားပြီး သန်း ၁၀၀ ကိုပဲ ခွင့်ပြုခဲ့တာကို တွေ့ရပါတယ်။ မြေသားလမ်း ၄ ဖာလုံအတွက်လို့ ဖော်ပြထားတာကို တွေ့ရ ပါတယ်။ မြေသားလမ်း ၄ ဖာလုံ အထူးစီမံကိန်း ဒီအတိုင်းဆိုရင် တစ်မိုင်ကို ၂ နှစ်၊ ၁၂ မိုင် ၄ ဖာလုံ ဆိုတော့ ၂၅ နှစ် ကျောက်ခင်းမယ်၊ ကတ္တရာခင်းမယ် အဲ့ဒီလိုဆိုရင်တော့ ဒီလမ်းက ကျွန်တော်တို့ တစ်သက်ကားတွေစီးရမှာ မဟုတ်တော့ပါဘူး။ ဘာနှင့်တူသလဲဆိုတော့ တကယ်တမ်းလိုအပ်နေတဲ့ နေရာမှာ ဒီလောက်အရေးကြီးတဲ့ မြို့နှင့်အဆက်အသွယ်ပြတ်နေတဲ့ မြို့နယ်တစ်ခုကို ဒီလို ၄ ဖာလုံ အထူးစီမံကိန်းကြီးလုပ်ခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်နေတဲ့လူကို ကွမ်းရွက်ပြုတ်ရေနှင့် ဆားခတ် တိုက်သလို ဖြစ်နေပါတယ်။ ဒါပေမယ့် ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှု လျာထားချက်မူကြမ်းမှာ နောက်ဆက်တွဲ စာမျက်နှာ ၃၉၉ မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြွန်ရှည် တံတားအတွက် သန်း ၃၂၄၀ ၊ ပဲကောက်ချောင်းတံတား သန်း ၂၅၅၀၊ ကျောင်းဂမော်တံတားအတွက် သန်း ၈၃၂ သန်းတို့ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ လျာထားရေးဆွဲထားတာကို တွေ့ရ၍ မျက်ရည် လည်မတတ်ဝမ်းသာမိပါတယ်။ ဝန်ကြီးဌာနကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ ဒါပေမယ့် လျာထား ချက်မူကြမ်းဖြစ်လို့ ၁၀၀ ရာခိုင်နှုန်းနဲ့တွေ့မှာကိုလည်း စိုးပါတယ်။ ဆန်ခါတင်စာရင်းမှာ ပါနိုင်ပါစေ လို့လည်း ဆုတောင်းပါတယ်ခင်ဗျား။
ဝမ်းသာလိုက်၊ ဝမ်းနည်းလိုက်ဖြစ်နေတဲ့ ဒီမြေပုံ-ကံသာ-ကပိုင်လမ်းနှင့် ပတ်သက်လို့ အခြေအနေအပြောင်းအလဲအရ မေးခွန်းကို အနည်းငယ်ပြောင်းလဲပြီးတော့ မေးလိုပါ တယ်။ နိုင်ငံတော်အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြေပုံ-ကံသာ-ကပိုင်လမ်းအား မည်သည့်ခုနှစ်တွင် အပြီးသတ်ဆောင်ရွက် ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းပါသည်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းမှာရှိတဲ့ မြေပုံ-ကံသာ-ကပိုင်လမ်းဟာ ၁၂ မိုင် ၄ ဖာလုံ ရှည်လျားပါတယ်။ ဒီအဆို ပါလမ်းမှာ ကံသာရွာမှ မြေပုံမြို့အထိ ၃ မိုင် ၆ ဖာလုံမှာ မြေပုံ-မင်းပြားလမ်းမှာ ပါဝင်ပြီးတော့ ကံသာ-ကပိုင်အပိုင်းဟာ ၈ မိုင် ၆ ဖာလုံရှိပါတယ်။ ဒီလမ်းပိုင်းကို မြေပုံမြို့မှ ရန်ကုန်-စစ်တွေလမ်းသို့ သွား ရောက်ရာတွင် မင်းပြားမြို့ကို မပတ်ဘဲနှင့် အနီးဆုံးအနေနဲ့ ရောက်ရှိနိုင်အောင် ရည်ရွယ်ပြီး ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ မြေပုံ-ကံသာ-ကပိုင်လမ်းဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ မြေသား တာပေါင်ဆောင်ရွက်ရန် ကျပ် ၄၅၅.၂၅ သန်း ခွဲဝေရရှိခဲ့ပြီးတော့ ကပိုင်ကနေပြီးတော့ ၂ မိုင် ၂ ဖာလုံ ကို ၃၄ ပေ အကျယ်မြေသားတာပေါင်တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာတော့ လမ်းဟောင်းများ ကောင်းမွန်ရေးကို ဆောင်ရွက်ခဲ့တဲ့အတွက် ငွေလုံး ငွေရင်းရန်ပုံငွေမရရှိခဲ့ပါဘူး။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၁၀၀ တင်ပြထားပြီးတော့ လမ်းတံတားတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တောင်းခံ ထားပါတယ်။ မြေပုံ-ကံသာ-ကပိုင်လမ်းဟာ ကတ္တရာလမ်းအဆင့်အထိ ဆောင်ရွက်မယ်ဆိုရင် ခန့်မှန်း ကုန်ကျငွေကျပ် ၄၃၉၅ သန်းလောက် ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ အဆိုပါလမ်းပေါ်မှာ ရှိနေတဲ့ ရေပြွန်ခန့်မှန်းခြေ ၁၀၀ လောက်ရှိပြီးတော့ အဓိကကျတဲ့ ပေ ၁၈၀ အောက်တံတားနှစ်စင်းနဲ့ ပေ ၁၈၀ အထက် တံတားနှစ်စင်း ပြွန်ရှည်ချောင်းတံတား ၁၀၈၀ ပေ၊ ကျောင်းဂမော်တံတား ၂၃၂၇ ပေကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ရေပြွန်နှင့်တံတားများ တည်ဆောက်မှုအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၁၆၀၀၀ သန်းခန့်ကုန်ကျနိုင်ပါတယ်။ အဆိုပါလမ်းပိုင်းအား လမ်းတံတားအဆင့်မြှင့်တင်ခြင်း လုပ်ငန်း များဆောင်ရွက်သွားရန် ၅ နှစ်စီမံကိန်းမှာတော့ ထည့်သွင်းလျာထား ထားပါတယ်။ ရခိုင်ပြည်နယ် စစ်တွေခရိုင်မှာရှိတဲ့ ပင်လယ်ကမ်းနားမြို့ဖြစ်တဲ့ မြေပုံမြို့ဟာ ရခိုင်ပြည်နယ်အတွင်း လမ်းကွန်ရက်များ နှင့် ကားလမ်းဆက်စပ်မှုရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ မြေပုံ-မင်းပြားလမ်းဟာ လမ်းအရှည် ၂၄ မိုင် ၇ ဖာလုံရှိပြီးတော့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း ၄၀၀ ဖြင့် ကျောက်ချောလမ်းခင်းခြင်း ၈ မိုင်၊ ကျောက်စီကမ်းကပ်ခုံနှင့် သစ်သားတံတား ၁၇ စင်း၊ မြေသား တာပေါင် ၁ မိုင်တို့ကို တိုးချဲ့ဆောင်ရွက်ပြီး ရာသီမရွေးသွားလာနိုင်တဲ့အဆင့်ကို ရောက်ရှိအောင် ဆောင်ရွက်ထားပါတယ်။ ဒါကြောင့်မို့လို့ မြေပုံမြို့မှ မင်းပြားမြို့၊ မင်းပြားမြို့မှ ရခိုင်ပြည်နယ်အနှံ့သို့ လည်းကောင်း၊ နိုင်ငံတစ်ဝန်းသို့လည်းကောင်း ခရီးလမ်းချောမွေ့စွာ သွားလာနိုင်တဲ့ အနေအထားမှာ ရှိကြောင်း တင်ပြအပ်ပါတယ်။
မြေပုံ-ကံသာ-ကပိုင်လမ်းဟာ လမ်းသစ်ဖြစ်တဲ့အတွက် တံတားကြီးများလည်း တည်ဆောက်ရန်ပါဝင်နေတဲ့အတွက် နိုင်ငံတော်ရဲ့ ရန်ပုံငွေလျာထားမှု အခြေအနေအရ ရန်ပုံငွေတင်ပြတောင်းခံပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဖေသန်း (မြေပုံမဲဆန္ဒနယ်) ။ ။ ကျွန်တော်အားတစ်ဆက်တစ်စပ် ဖြေရှင်းမေးမြန်းခွင့်ပြုပါခင်ဗျား။ ဝန်ကြီးပြောသွားတဲ့ အထဲ မှာ မြေပုံ-မင်းပြားလမ်းပြီးနေတယ်လို့ အကြောင်းပြချက် တစ်ခုပါပါတယ်ခင်ဗျား။ မြေပုံ-မင်းပြားလမ်း ပြီး၊ မပြီးကိုတော့ ကျွန်တော်ျတို့အသိဆုံးပါ။ ဆိုင်ကယ်နှင့်သွားတာတောင်မှလမ်းမှာ တံတားတွေ ကျိုးလို့၊ မြစ်ကိုမကူးနိုင်လို့၊ လမ်းကကြမ်းလို့ မိုင် ၂၀ ခရီးကို သုံးနာရီကျော်ကျော်သွားရပါတယ်။ ကား ဆိုတာ တစ်စီးမှမရှိပါဘူးခင်ဗျား။ ထွေလာဂျီဆိုတာလဲ ကံသာနဲ့ မြေပုံကို မောင်းနေတဲ့ တစ်စီးနှစ်စီး လောက်ပဲရှိပါတယ်။ ဒါကြောင့်ဝန်ကြီးရဲ့ မင်းပြား-မြေပုံကားလမ်းဟာ သွားလို့ရနေပြီဆိုတဲ့ အနေ အထားဟာ လုံးဝမဟုတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်ပြလိုပါတယ်။ ဒုတိယတစ်ချက် က ကျွန်တော်မေးမြန်းတဲ့အထဲမှာ ဒီလမ်းကိုဘယ်တော့ ပြီးနိုင်မယ်ဆိုတဲ့ ဝန်ကြီးဆီက ထင်မြင်ချက်ကို အနည်းဆုံးပေးသင့်ပါတယ်။ ခုနှစ်ကို ကျွန်တော်အတိအကျမပြောလိုပါဘူး။ ကျွန်တော် ရဲ့လိုလားချက် က ဒီလိုမရေမရာမသေချာတဲ့ အဖြေမျိုးမဖြစ်ဖို့ အနီးဆုံးခန့်မှန်းပြီးတော့ ဘယ်နှစ်ခုနှစ်လောက်မှာ ပြီးနိုင်မယ်ဆိုတာလေးသိချင်ပါတယ်ခင်ဗျား။ လွှတ်တော်ဥက္ကဋ္ဌကြီးကတစ်ဆင့် ရိုသေလေးစားစွာ တင်ပြမေးမြန်းအပ်ပါတယ်။
ဦးကျော်လွင်(ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)။ ။ ကျွန်တော့်အနေနဲ့ ပြန်လည်ဖြေကြားပေးပါ့မယ်။ ကျွန်တော်တို့ရဲ့ဆောင်ရွက်မှုအနေအထားအရ သက်ဆိုင်ရာ တိုင်းအင်ဂျင်နီယာများကိုမေးမြန်းပြီးတဲ့အခါမှာ စောစောကပြောတဲ့ မင်းပြားနှင့်မြေပုံလမ်းဟာ သွားလို့ရတယ်ဆိုတဲ့ အနေအထားမျိုး ကျွန်တော်တို့သိရှိရပါတယ်။ စောစောကလို ကိုယ်စားလှယ် တော်ကြီးပြောတဲ့အတိုင်း သွားမရဘူးဆိုရင်တော့ ဆက်လက်ပြီးတော့သွားရအောင် လုပ်ပေးမယ် ဆိုတာကို ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ဒီနှစ်ထဲမှာ ဒီဟာနဲ့ပတ်သက်ပြီးတော့ တိုင်းဒေသကြီး ရန်ပုံငွေကျပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော် အမြန်ဆုံးလွှတ်ပြီးတော့ ဒီအခြေအနေ တွေကို မေးမြန်းပြီးပြန်လည်တင်ပြပါမယ်။ နောက်တစ်ခုကတော့ ဘယ်နှစ်မှာပြီးမလဲဆိုတဲ့ဟာ ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတော်ကနေပြီးတော့ ကျွန်တော်တို့ ငွေတွေ တင်ပြတိုင်း ရတာမဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ တစ်ခါတလေမှာ ရန်ပုံငွေကို ဒီနှစ်မှာဆိုရင် ၃ ကြိမ်၊ ၄ ကြိမ်လောက် ပြန်လည်ပြီးပြုပြင်ရပါတယ်။ မူလ ပေးထားတဲ့ငွေနဲ့မရဘူး။ ကျွန်တော်တို့ GDP အရမကိုက်ဘူး။ ကျွန်တော်တို့ ရန်ပုံငွေတွေအကြောင်း လို့ဆိုတာ ပြန်လည်လျှော့ပါဆိုတဲ့ ကျွန်တော်တို့က ဒီတင်ထားတဲ့လုပ်ငန်းတွေအားလုံးထဲကလည်း တချို့လုပ်ငန်းတွေကို ဦးစားပေးအနေအထားအရ ပြန်လျှော့ရတာရှိပါတယ်။ အဲဒီတော့ ဒီအပေါ်မှာ မူတည်ပြီးတော့ ဒီ မြေပုံ-ကံသာ-ကပိုင်လမ်းဟာလည်းပါသွားတဲ့အနေအထားရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ဖက်ကလည်း ကျွန်တော်တို့မှာ လမ်းဟောင်းတွေအများကြီးရှိပါတယ်။ လမ်းဟောင်းတွေ ကိုကောင်းအောင် ပြုလုပ်တာလည်း ကျွန်တော်တို့ရဲ့တာဝန်ဖြစ်သလို လမ်းသစ်တွေကိုလည်း ကျွန်တော်တို့ ဆောက်လုပ်ဖို့တာဝန်တွေရှိပါတယ်။ စောစောက စီမံကိန်းမှာ ခွင့်ပြုခဲ့ပြီးဖြစ်ပေမယ့် ရန်ပုံငွေတွေအနေအထားအရ ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ နိုင်ငံတော်က ခွင့်ပြုမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒီ ၅ နှစ်စီမံကိန်းမှာ ထပ်မံပြီးတော့ ရန်ပုံငွေများတောင်းခံပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အားလုံးက ကျွန်တော်တို့ ခွင့်ပြုတဲ့ ရန်ပုံငွေပေါ်မှာမူတည်ပါတယ်။ ကျွန်တော်တို့ကတော့ ရန်ပုံငွေထည့်သွင်းတင်ပြတောင်းခံသွားပါမယ် လို့ ပြန်ကြားအပ်ပါတယ်။
ဥက္ကဋ္ဌ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယခုမေးခွန်းပေါ်ဖြေကြားချက်နှင့် ဆက်စပ်ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကို အနည်းငယ်တင်ပြလိုပါတယ်။ ပထမတစ်ချက်က ဥပဒေပြုရေးအပိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်များဟာ ဥပဒေပြုရေးကို အဓိကတာဝန်ယူ ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းများဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ပြည်ထောင်စုအစိုးရကသာ တင်သွင်းခွင့်ရှိသော ဥပဒေကြမ်း ၃ မျိုးရှိပါတယ်။ ဒါတွေကတော့ စီမံကိန်းဥပဒေကြမ်း၊ ရသုံးငွေ သို့မဟုတ် ဘတ်ဂျက်ဥပဒေကြမ်းနဲ့ အခွန်ဆိုင်ရာဥပဒေကြမ်းများကို ပြည်ထောင်စုအစိုးရကသာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခွင့်ရှိပါတယ်။ အဲဒီလို တင်သွင်းလာတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်မှာပါဝင်ကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းလာတဲ့ ဥပဒေကြမ်း များအပေါ် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ အတည်ပြုခြင်းများပြုလုပ်ကြရပါတယ်။ ဒီနေ့ ဒီကာလဟာ ပြည်ထောင်စုအစိုးရက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် စီမံကိန်း၊ ရသုံးမှန်းခြေ (ဘတ်ဂျက်)နဲ့ အခွန်ဥပဒေကြမ်းများကို တင်သွင်းထားရှိပြီးဖြစ်ပါတယ်။ ဒီလိုတင်သွင်းထားချက်အပေါ် ပြည်ထောင်စု လွှတ်တော်မှာပါဝင်ကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်နေတဲ့ကာလလည်းဖြစ်ပါတယ်။ တစ်ခါ ဥပဒေကြမ်းများကို ပြည်ထောင်စုအစိုးရ သို့မဟုတ်လို့ရှိရင် ပြည်ထောင်စုအဖွဲ့အစည်းအသီးသီးက တင်ပြခွင့်ရှိသလို လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း ဥပဒေကြမ်းများကို တင်ပြခွင့်ရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ တင်ပြခွင့်ရှိတဲ့ ဥပဒေကြမ်းများကတော့ ပြီးခဲ့တဲ့အချိန်က ကျွန်တော်တင်ပြ တဲ့ ပြည်ထောင်စုအစိုးရကသာ တင်သွင်းနိုင်သော ဥပဒေကြမ်းများမှလွဲ၍ ကျန်သော ဥပဒေကြမ်းများ တင်သွင်းခွင့်ရှိပါတယ်။ အဲဒီလိုတင်သွင်းလာတဲ့ ဥပဒေကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ဆိုရင် ကျွန်တော်တို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အသီးသီးက တင်ပြလာတဲ့ဥပဒေကြမ်းများအပေါ် ဆွေးနွေးခြင်း၊ အကြံပြု ခြင်း၊ ဆုံးဖြတ်ခြင်းများ ပြုလုပ်နိုင်တာဖြစ်ပါတယ်။
ဒါကြောင့် ခုနက ဦးဖေသန်းတင်ပြတဲ့ လွှတ်တော်က ငွေကြေးများဖြတ်တောက်ခြင်းဆိုတဲ့ ကိစ္စဟာ ပြည်သူ့လွှတ်တော်မှာဆောင်ရွက်တဲ့ ကိစ္စမဟုတ်ပါဘူး။ ပြည်ထောင်စုလွှတ်တော်မှာ ဆောင်ရွက်တဲ့ကိစ္စဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း တင်ပြလာတဲ့ ဥပဒေကြမ်း အထူးသဖြင့်တော့ စီမံကိန်းဥပဒေကြမ်းပေါ်မူတည်ပြီးတော့ ဒီစီမံကိန်းဟာ ဆောင်ရွက်သင့်၊ မဆောင်ရွက်သင့်၊ ရပ်ဆိုင်းသင့်၊ ရွှေ့ဆိုင်းသင့်ဆိုတဲ့ဟာကိုတော့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး ပြီးတော့ အဲဒီရဲ့ရရှိလာတဲ့ ဆွေးနွေးချက်ပေါ်မူတည်ပြီးတော့ ဖြတ်တောက်ခြင်း သို့မဟုတ်ရင် ရွှေ့ဆိုင်း ခြင်း သို့မဟုတ်ရင် ဆိုင်းငံ့ခြင်းများ ပြုကြတာွဖစ်ပါတယ်။ ဒါကြောင့်မို့လို့ ဦးဖေသန်းတင်ပြတဲ့ လွှတ်တော်မှ ဖြတ်တောက်ခြင်းဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ပဲဖြစ်ပါတယ်။ ဒီနေ့ဒီကာလမှာ ပြည်ထောင်စုလွှတ်တော်ကို စီမံကိန်းဥပဒေကြမ်းများတင်သွင်းထားတဲ့အချိန်ဖြစ်တဲ့ အတွက် မိမိတို့ လွှတ်တော်မှာ တင်ပြဆွေးနွေးထားတဲ့ကိစ္စများကို သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်နှင့် ပြည်ထောင်စုဝန်ကြီးဌာနများက ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ ကတိကဝတ်များကို သက်ဆိုင်ရာကတိကဝတ်ကော်မတီက မှတ်တမ်းထားရှိတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုလို တင်ပြ လာတဲ့စီမံကိန်းများမှာ မိမိတို့တင်ပြခဲ့တဲ့နေရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်ထောင်စု အဆင့်များက ကတိကဝတ်ပေးထားတယ်ဆိုရင် မပါဘူးဆိုလို့ရှိရင် ပါအောင် သက်ဆိုင်ရာကော်မတီ များမှာပြန်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေလည်းပေးထားပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားတဲ့ စီမံကိန်းဘတ်ဂျက် အခွင့်ဥပဒေများဟာ နိုင်ငံတော် အတွက်အရေးကြီးသလို ကျွန်တော်တို့လွှတ်တော်အတွက်လည်း အရေးကြီးတဲ့ကိစ္စများဖြစ်တဲ့အတွက် တင်ပြလာတဲ့ ဥပဒေကြမ်းများကို ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များက သေသေချာချာ လေ့လာပြီးတော့ ကော်မတီနဲ့ဆိုင်တဲ့ကိစ္စတွေကို သက်ဆိုင်ရာ ကော်မတီတွေက ကော်မတီအပြင် ကျန်တဲ့ သက်ဆိုင်တဲ့ပုဂ္ဂိုလ်များကလည်း မိမိတို့ဒေသမှာရှိတဲ့ ပြည်သူလူထုများရဲ့ လိုအပ်ချက်အရ တင်ပြထားတဲ့ကိစ္စများရှိတယ်။ ဒါတွေကိုလည်း ကတိကဝတ်ထဲမှာပါပြီးပြီ။ သို့ရာတွင် မပါသေးဘူး ဆိုလို့ရှိရင် သက်ဆိုင်ရာ ကော်မတီတွေနဲ့ညှိနှိုင်းပြီးတော့ လွှတ်တော်ထဲမှာ ဆုံးဖြတ်ဆောင်ရွက်ပြီးတော့ တင်ပြလာတဲ့ စီမံကိန်းတွေကို ပြုပြင်ပြောင်းလဲသတ်မှတ်နိုင်ဖို့ရာ ပြည်ထောင်စုလွှတ်တော်ရဲ့ လက်ထဲ မှာရှိသလို တာဝန်လည်းရှိတာဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကျွန်တော်တင်ပြချင်တာ ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကိုတင်ပြထားတဲ့ စီမံကိန်းဥပဒေကြမ်း ရသုံးမှန်းခြေဘတ်ဂျက် ဥပဒေကြမ်းနှင့် အခွန်ဆိုင်ရာဥပဒေကြမ်းများကို ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက စိတ်ဝင်စားပြီးတော့ ကြည့်ရှုဖို့လိုပါ တယ်။ ဒီကာလဟာ အရေးကြီးဆုံး ခုနကပြောတဲ့ ဥပဒေကြမ်း ၃ ခုကို ကျွန်တော်တို့ အတည်ပြု ပေးရမယ့်ကာလလည်းဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ဒီကာလမှာ ကျွန်တော်တို့ နိုင်ငံအတွက် အရေးကြီးပြီးတော့ ပြည်သူအတွက်အရေးကြီးပြီးတော့ အရေးတကြီးပြဋ္ဌာန်းပေးဖို့ ဥပဒေများလည်း ရှိပါတယ်။ အဲဒီအထဲမှာ အခုဆိုရင် ဗဟိုဘဏ်ဥပဒေမူကြမ်း ကျွန်တော်တို့ လွှတ်တော်မှာ ဆွေးနွေးဖို့ ဆောင်ရွက်နေပါပြီ။ အဲဒီနည်းတူပဲ FDI ခေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အဲဒီကမှ ဆင့်ပွား ပေါ်ပေါက်လာတဲ့ နည်းဥပဒေများဟာလည်း လွှတ်တော်ထဲမှာ ပြီးခဲ့တဲ့ရက်က ကျွန်တော်တင်ပြထား ပြီးဖြစ်ပါတယ်။ အလားတူ ကျန်တဲ့ဥပဒေတွေလည်းရှိပါတယ်။ ဒီဥပဒေတွေသည် အရေးကြီးသလို အရေးကြီးပြဋ္ဌာန်းပေးရမှာဖြစ်ပါတယ်။ ဒီလွှတ်တော်ကာလအတွင်းမှာ ပြီးအောင် ပြဋ္ဌာန်းပေးမှ သာလျှင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အစိုးရများက ဒီဥပဒေအပေါ် ကျင့်သုံးပြီး ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အချိန်ကာလအားဖြင့်လည်း ဒီလွှတ်တော်ကာလအတွင်းမှာ ပြဋ္ဌာန်း ပေးဖို့လိုတယ်။ အရေးကြီးတဲ့ ဥပဒေများလည်းဖြစ်ပါတယ်။ သဘောကတော့ FDI ဥပဒေတစ်ခုတည်း နဲ့ မပြီးသေးပါဘူး။ ဒီဥပဒေကို အကောင်အထည်ဖော်ဖို့ဆိုရင် နည်းဥပဒေလိုပါတယ်။ ဆက်လက် ပြီးတော့ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များလည်း ထုတ်ပြန်ဖို့လိုပါတယ်။ အဲဒီလို ထုတ်ပြန်ဖို့ဆိုလို့ ရှိရင် ဒီနေ့ သက်ဆိုင်ရာပြည်ထောင်စုအဆင့်ကနေပြီးတော့ တင်ပြလာတဲ့ နည်းဥပဒေများကိုလည်း ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များက အသေးစိတ်လေ့လာပြီးတော့ ပါသင့်တာတွေ မပါသေး ဘူး။ မပါသင့်တာတွေပါနေတယ်ဆိုလို့ရှိရင် ဒါတွေကို ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်ဖို့ အရေးကြီး လိုအပ်တာဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ဘဏ်ဥပဒေဆိုလို့ရှိရင် ဒီနေ့ ကျွန်တော်တို့ ပြောဆိုနေကြပါ တယ်။ ဘဏ်စနစ်ဘဏ်ဥပဒေဟာ ကျွန်တော်တို့နိုင်ငံအတွက် အရေးတကြီးလိုအပ်နေတယ်။ ဘဏ် စနစ်နှင့် ဘဏ်ဥပဒေပီပီပြင်ပြင်မပြဋ္ဌာန်းဘူးဆိုလို့ရှိရင် ဝင်ရောက်လာမယ့် ရင်းနှီးမြှုပ်နှံမှုလုပ်လိုသူ များအတွက်ရော၊ ပြည်တွင်းမှာရော များစွာအခက်အခဲရှိနေမှာဖြစ်တဲ့ ဒီဘဏ်ဥပဒေကိုလည်း ကျွန်တော်တို့ အလေးထားပြီးတော့ စဉ်းစားပြီးတဲ့အခါမှာ ဝေဖန်သုံးသပ်ပြီး ဆုံးဖြတ်ဖို့လည်းလိုပါ တယ်။
ကျွန်တော်တင်ပြချင်တာကတော့ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့တာဝန်ကို မှန်မှန်ကန်ကန်အသုံးချသွားဖို့ လိုပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များရဲ့ အခွင့်အရေးဟာ ဥပဒေကြမ်းတင်သွင်းနိုင်တဲ့ အခွင့်အရေး၊ ထိုနည်းတူစွာပဲ တင်ပြလာတဲ့ ဥပဒေကြမ်းများအပေါ် ဆွေးနွေးဆုံးဖြတ်နိုင်တဲ့ အခွင့်အရေး ဒီအခွင့်အရေးတွေ ကိုလည်း ထိထိရောက်ရောက် အသုံးချရမှာဖြစ်ပါတယ်။ အဲ့ဒီလို အသုံးမချဘူးဆိုလို့ရှိရင်တော့ မိမိတို့ ပြည်သူ့အတွက် အလုပ်အကျွေးပြုချင်တယ်။ ပြည်သူ့အတွက်ဆောင်ရွက်ပေးချင်တယ်ဆိုတာက စိတ်ဆန္ဒသာရှိပြီးတော့ လက်တွေ့မှာ မပါမှာဖြစ်မှာဖြစ်တဲ့အတွက် အခုလို မိမိတို့ဆွေးနွေးဆုံးဖြတ် ရမယ့် ဥပဒေကြမ်းများကိုလည်း အလေးထားလေ့လာပြီးတော့ အချိန်မီဆောင်ရွက်နိုင်ရေးအတွက် လည်း အရေးကြီးပါတယ်။ တစ်ဆက်တည်းပဲ ခုနက ဆောက်လုပ်ရေးဝန်ကြီးတင်ပြဆွေးနွေးသွားတဲ့ နိုင်ငံတော်က ချမှတ်ပေးတဲ့ ဘဏ္ဍာငွေပေါ်မှာမူတည်ပြီးတော့ ဆောင်ရွက်ရမယ်ဆိုတဲ့ဟာလည်း ဒီနေ့ အဲဒီအတိုင်းပဲ ကျွန်တော်တို့ လွှတ်တော်က အဆုံးအဖြတ်ပေးရမယ်ဆိုတဲ့ဟာလည်း လက်ရှိအနေ အထားက ဒီလိုအမှန်ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ စီမံကိန်းများတင်ပြလာတဲ့အခါမှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက ဒီစီမံကိန်း ဘယ်နှစ်မှာစမယ်။ ဘယ်နှစ်မှာပြီးမယ်။ တစ်နှစ်တစ်နှစ်ကို ဘယ်လောက်ထိသုံးမယ်ဆိုတဲ့ဟာလည်း နောင်မှာ စီမံကိန်းရေးဆွဲတင်ပြရမယ်ဆိုရင် ဒီလိုဖြစ်အောင် ကျွန်တော်တို့လုပ်ဖို့လိုပါတယ်။ အခု ကျွန်တော်တို့ဆီမှာ ဒီနေ့တွေ့နေတဲ့ဟာတော့ စီမံကိန်းတွေ အများကြီးပဲ။ အသစ်လုပ်မယ့်စီမံကိန်းတွေလည်း အများကြီးပဲ။ အဟောင်းတွေ၊ on gone တွေလည်း အများကြီးပဲ။ အဲဒီလို အဟောင်းတွေ၊ on gone တွေ အများကြီးဖြစ်ပြီးတော့ ဘယ်စီမံကိန်းဟာ ဘယ်နှစ်မှာပြီးမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိပါဘူး။
အဲဒီအတိုင်းပဲ ဘယ်စီမံကိန်းကို ဘယ်နှစ်မှာဘယ်လောက်သုံးမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း မရှိတဲ့အတွက် အခုကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည်ဖြေကြားရာမှာ အခက်အခဲရှိသလို လွှတ်တော်ကိုယ်စားလှယ်များသိချင်တဲ့အချက်ကျတော့လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက အခု ကဲ့သို့ပဲ ဒီလိုပဲ ဖြေရမယ့်အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စီမံကိန်းတစ်ခုတင်ပြလာပြီဆိုလို့ ရှိရင် ဒီစီမံကိန်းကို ဆောင်ရွက်တဲ့အခါမှာ ခုနက တင်ပြတဲ့ Feasibility ရှိ၊မရှိ အကျိုးသက်ရောက်မှု ဘယ်လောက်ကောင်း၊မကောင်း ပြီးတဲ့အခါမှာ ဒီစီမံကိန်းက ဖြစ်ပေါ်လာမယ့် အကျိုးအမြတ်ရှိ၊မရှိ စသဖြင့် ဒီဟာတွေတွက်ဆပြီးတဲ့အခါမှာ ဒီစီမံကိန်း မရှိမဖြစ်၊ မလုပ်မဖြစ်လုပ်ရမယ်ဆိုရင် ဘယ်နှစ် ကစမယ်။ ဘယ်နှစ်မှာပြီးမယ်။ ဘယ်နှစ်မှာဘယ်လောက်သုံးမယ်ဆိုတဲ့ဟာကအစ နောက်ပိုင်းမှာ ဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်ပါတယ်။ တချို့ဆိုလို့ရှိရင် စီမံကိန်းတင်တဲ့အခါမှာ စီမံကိန်းအတိုင်းပဲ လုပ်တယ်။ လုပ်တဲ့အခါမှာ စီမံကိန်းစလုပ်တော့မှ အခက်အခဲတွေတွေ့လာတယ်။ ဘာဖြစ်လို့လဲ လိုအပ်တဲ့ Feasibility Steady ပြီးတဲ့အခါမှာ လိုအပ်တဲ့ စူးစမ်းလေ့လာမှု ပြည့်ပြည့်စုံစုံမရှိဘဲနဲ့ လုပ်ခဲ့တဲ့အတွက် ဒီနေ့ ကျွန်တော်တို့ဆီမှာ ဒီလိုအခက်အခဲမျိုးတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။ နှစ်ဖက်ပါ။ တစ်ဖက်ကလည်း ဝန်ကြီးဌာနများရဲ့အခက်အခဲ၊ တစ်ဖက်ကလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရဲ့ အခုလို အခက်အခဲ အဲဒီလို အခက်အခဲများဖြေရှင်းဖို့ဆိုရင် ဒီတစ်ပတ် တင်ပြလာတဲ့ စီမံကိန်း ဘတ်ဂျတ် သို့မဟုတ်လို့ရှိရင် ရသုံးမှန်းခြေငွေစာရင်းနှင့် အခွန်ဆိုင်ရာ ကိစ္စရပ် များကို သက်ဆိုင်ရာ ကော်မတီလိုက်၊ ကော်မတီလိုက် သေချာစိစစ်ပြီး စတင်ဆောင်ရွက်သွားမယ် ဆိုရင် နောင်နှစ်မှာ ဒီလိုပြဿနာမျိုးတွေမရှိပါဘူး။ ဒါကြောင့်မို့လို့ ဆိုကြပါစို့ ခုနက တံတား တည်ဆောက်ဖို့ဆိုလို့ရှိရင် တံတားတည်ဆောက်မယ်။ ဘယ်နှစ်မှာစတည်ဆောက်မယ်။ ဘယ်နှစ်မှာ ပြီးမယ်။ ဘယ်နှစ်မှာ ဘယ်လောက်သုံးမယ်ဆိုတဲ့ဟာက စပြီးတဲ့အခါမှာ သက်ဆိုင်ရာစီမံကိန်းတင်လာ ကတည်းက ဒီလိုပဲဖြစ်ရမယ်။ ပြီးလို့ရှိရင် အဲဒီလို စီမံကိန်းတင်လာတဲ့အခါမှာ ဒီစီမံကိန်းအတွက် သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းနဲ့ စိစစ်ပြီးပြီလား။ ဒီစီမံကိန်းလုပ်လို့ရှိရင် အကျိုးဖြစ်ထွန်းမှု ရှိပြီလား။ အဲဒီလိုရှိပြီဆိုတဲ့ ကတိကဝတ်တွေ၊ ခံယူချက်တွေ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဒီနေ့ ဒီမိုကရေစီခေတ်မှာ တာဝန်ခံမှု၊ တာဝန်ယူမှုတွေပါမှ စီမံကိန်းကိုလုပ်သင့်ပါတယ်။ အဲ့ဒီအတိုင်းပဲ လုပ်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်ဆိုတာလည်း လွှတ်တော်မှာဆောင်ရွက်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခေတ်ပြောင်းစနစ်ပြောင်း ခေတ်နဲ့စနစ်နဲ့လျော်ညီတဲ့လုပ်ငန်းများကို ကျွန်တော်တို့ လုပ်ဖို့ဆိုရင် ဒီနေ့ပြောရင်တော့ ပြုပြင်ပြောင်းလဲရေးပါ။ ဒါကြောင့်မို့လို့ တင်ပြလာတဲ့ စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းအပါအဝင် ကျန်တဲ့ကိစ္စများဟာ ခေတ်စနစ်နှင့်အညီ သက်ဆိုင်ရာ လွှတ်တော်၊ လွှတ်တော်ကော်မတီများက အဓိကတာဝန်ယူဆောင်ရွက်ရမှာွဖစ်သလို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကလည်း မိမိကော်မတီနဲ့ မသက်ဆိုင်ဘဲနဲ့ မိမိဒေသနဲ့သက်ဆိုင်တယ် ဆိုတဲ့ကိစ္စရပ်များမှာ အလေးထားစဉ်းစားပြီးတော့ လွှတ်တော်အတွင်းမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဆောင်ရွက်သွားခြင်းဖြင့် ဒီနေ့ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
