(က)-ဒီမိုကရေစီနှင့်အညီမသန်မစွမ်းသူများ၊အသက် (၆၅)နှစ်ကျော်သက်ကြီးသူများကိုလူမှုရေးထောက် ပံ့ကြေးများတစ်လလျှင်သုံးသောင်းကျပ်နှုန်းဖြင့်နိုင်ငံ တကာNGO/INGOတို့နှင့်ပူးပေါင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၇)ရက်မြောက်နေ့ (၁၆.၃.၂၀၁၅)

ယခုလက်ရှိဆောင်ရွက်ပေးနေသော အသက် ၉၀ နှင့် ၁၀၀ တို့သည် တချို့တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများတွင် ထိရောက်မှု မရှိသောကြောင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်အညီ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အို အသက် ၆၅ သို့မဟုတ် ၇၀ ကျော်သူများကို လူမှုရေးထောက်ပံ့ချက်အဖြစ် တစ်လလျှင် သုံးသောင်း သို့မဟုတ် နှစ်သောင်းကျပ်နှုန်းဖြင့် အမြန်ဆုံးထောက်ပံ့ပေးနိုင် ပါရန်နှင့် နိုင်ငံတကာ NGO/INGO တို့နှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ
အဖြေ

လူကယ်ပြန် ဒုဝန်ကြီး ဦးဘုန်းဆွေလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ကိုယ်စား နိုင်ငံအတွင်း လူမှုရေး အကူအညီလိုအပ်နေသော ကလေးသူငယ်များ၊ လူငယ်လူရွယ်များ၊ အမျိုးသမီးများ၊ သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းသူများကို လူမှုကာကွယ်စောင့်ရှောက်ရေးနည်းစနစ်များ အသုံးပြု၍ ကာကွယ်စောင့်ရှောက်မှုပေးနေသော ဝန်ကြီးဌာနတစ်ခုဖြစ်ပါကြောင်း၊ အသက်အရွယ်အပိုင်းအခြား အသီးသီးတွင်ရှိနေသော လူမှုရေးအကူအညီ လိုအပ်နေသူများကို လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှဦးဆောင်ပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်  ပူးပေါင်းရေးဆွဲခဲ့ပြီး ၃၀.၁၂.၂၀၁၄ ရက်နေ့က အတည်ပြုမိတ်ဆက်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ အဆိုပြုအစီအစဉ်များတွင် မသန်စွမ်းသူများ၊ သက်ကြီး ရွယ်အိုများကို ထောက်ပံ့နိုင်ရေးအတွက် ထည့်သွင်းရေးဆွဲထားရှိပါကြောင်း၊ မသန်စွမ်းသူများအား ထောက်ပံ့ကြေးပေးခြင်းအစီအစဉ်နှင့် ပတ်သက်၍ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းအား လွှတ်တော်သို့တင်ပြထားပြီး အဆိုပါဥပဒေပြဋ္ဌာန်းပြီးမှသာ ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ထောက်ပံ့ရေးအစီအစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

သက်ကြီးရွယ်အိုများအား ငွေကြေးထောက်ပံ့ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်တွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတစ်ဦးချင်းအား ထောက်ပံ့သွားနိုင်ရေး အဆိုပြုတင်ပြထားရှိပြီး ၇-၂-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖိုရမ်တွင်လည်း လူမှုရေးထောက်ပံ့မှုများအား NGO/INGO များနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းဆောင်ရွက် ထားရှိပါကြောင်း၊ ထို့အပြင် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင်  အသက် ၉၀ နှစ်နှင့် ၁၀၀ နှစ်အကြား အဘိုး၊ အဘွားများအား လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများအရ ထောက်ပံ့နိုင်ရေးအတွက် ၃၀-၁-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ကျင်းပပြုလုပ်သည့် အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင်လည်း ဘဏ္ဍာငွေ တင်ပြတောင်းခံထားရှိပြီး ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းရှိ အသက် ၁၀၀ နှစ်နှင့်အထက် သက်ကြီးဝါကြီးဘိုးဘွားများအား နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေးထိုးထားသည့် အသိအမှတ်ပြု လက်မှတ်ချီးမြှင့်နိုင်ရေးနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ချီးမြှင့်ငွေ ၂၅ ရာခိုင်နှုန်း စုဆောင်းငွေမှ အဘိုး၊ အဘွားတစ်ဦးလျှင် ထောက်ပံ့ချီးမြှင့်ငွေ ကျပ် ၂၀၀၀၀၀ စီအား ထောက်ပံ့နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးမူဝါဒတွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေးထောက်ပံ့ပေးရန် မူဝါဒအဖြစ် ထည့်သွင်းရေးဆွဲထားရှိပြီး လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ၌လည်း အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေး ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန် ထည့်သွင်းရေးဆွဲထားရှိပါကြောင်း၊ သို့ရာတွင် အသက်အရွယ်ကန့်သတ်ချက် အပြောင်းအလဲရှိနိုင်ကြောင်း ဖော်ပြထားရှိသည့်အပြင် မသန်စွမ်းသူများဆိုင်ရာ လုပ်ငန်းအစီအစဉ်ကိုလည်း ထည့်သွင်းရေးဆွဲထားပါကြောင်း။

မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေကို မသန်စွမ်းသူများ၏အခွင့်အရေးများဥပဒေ ပြဋ္ဌာန်းပြီးပါက မှတ်ပုံတင်ထားသည့် မသန်စွမ်းသူများအား ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူဖြစ်ကြောင်း မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ပါက လုပ်ငန်းအစီအစဉ်ကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရည်မှန်းချက်ပန်းတိုင်မှာ မသန်စွမ်းသူအားလုံး သာယာဝပြောရေးအတွက် ပံ့ပိုးမှုပေးရန်နှင့် အထူးသဖြင့် ကလေးဘဝတွင် ဘက်စုံဖွံ့ဖြိုးရေးနှင့် အကောင်းဆုံးအကျိုးစီးပွားများကို အားပေးမြှင့်တင်နိုင်မည့် ဝန်ဆောင်မှုများ ရယူနိုင်ရေးပံ့ပိုးပေးရန် ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် မသန်စွမ်းသူများအား သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြု လုပ်ငန်းများဖြင့် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး သက်ကြီးရွယ်အိုများအား စောင့်ရှောက်ရေးနှင့် ပတ်သက်၍ INGO များနှင့်ပူးပေါင်းပြီး သက်ကြီးသူ အချင်းချင်းကူညီစောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသက် ၆၅ နှစ် နှင့် ၉၀ နှစ်အကြား အဘိုးအဘွားများအား ဘဏ္ဍာရေးနှစ်အလိုက် ရရှိသော ဘဏ္ဍာငွေပေါ်မူတည်၍ တစ်နှစ်ပြီးတစ်နှစ် တိုးမြှင့်ထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီမိုကရေစီနှင့်အညီ မသန်စွမ်းသူများ၊ အသက် ၆၅ နှစ်ကျော် သက်ကြီးရွယ်အိုများကို လူမှုရေးထောက်ပံ့ကြေးများ တစ်လလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် နိုင်ငံတကာ NGO/ INGO တို့နှင့်ပူးပေါင်းပြီး ထောက်ပံ့ပေးရန် ယခုအချိန်တွင် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။