(ခ)-မြောက်ဦးမြို့ရှိ လေယာဉ် ကွင်းဟောင်းအား ပြန်လည်ပြုပြင်မွမ်းမံ၍ လေယာဉ် ခရီးစဉ်ပြေးဆွဲ ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအေ၀ (၁၅) ရက်မြောက်နေ့ (၆.၂.၂၀၁၃)

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့သို့ ၁၉၇၈ ခုနှစ်မှစတင်ကာ ရန်ကုန်-စစ်တွေ-မြောက်ဦး လေယာဉ်ခရီးစဉ်များကို Twin Autor လေယာဉ်များွဖင့် ပျံသန်းပြေးဆွဲပေးခဲ့ပါတယ်။ ၁၉၈၀ ခုနှစ် နောက်ပိုင်းတွင် လေယာဉ်ပျံသန်းမှုကိုရပ်နားထားခဲ့ရာ ယခုအချိန်အထိဖြစ်ပါတယ်။ မြောက်ဦး ဒေသဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ စုစည်းတည်ရှိသည့်နေရာဖြစ်သောကြောင့် ကမ္ဘာလှည့်ခရီးသည်များ၊ သုတေသီများ၊ စာတမ်းပြုစုပြီး ပါရဂူဘွဲ့ယူမည့်ပုဂ္ဂိုလ်များ၊ ပြည်တွင်း ခရီးသွားများ အထူးစိတ်ဝင်တစား လာရောက်ကြည့်ရှုလေ့လာကြသော ဒေသလည်းဖြစ်ပါတယ်။ ယခင် လေယာဉ်ပျံသန်းပြေးဆွဲစဉ်က ဒေသဖွံ့ဖြိုးမှုနှေးကွေးနေခြင်း၊ ခရီးသည်အဝင်/အထွက် နည်းပါးခြင်းများရှိခဲ့ပါတယ်။ သို့သော်လည်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ တစ်နှစ်ထက်တစ်နှစ်ပိုမိုလာရောက် လည်ပတ်လျက်ရှိလာခဲ့ပါတယ်။ ယခု အစိုးရသစ်လက်ထက်တွင် ယခင်နှစ်များကထက်ခရီးသည် အဝင်/အထွက်ပိုမိုများလာကြောင်း လေ့လာသိရှိရပါတယ်။ သို့သော် ရေလမ်းနှင့် ကုန်းလမ်းကိုသာ အသုံးပြုရခြင်းကြောင့် အချိန်ကြန့်ကြာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းများရှိခဲ့၍ လျင်မြန်သောယာဉ်များဖြင့် ခရီးသွားလာလိုသူများရှိလာနေပြီဖြစ်သောကြောင့် ရပ်တန့်ထားတဲ့ လေယာဉ်ခရီးစဉ်ကို မြောက်ဦးမြို့သို့ပြန်လည်ပြေးဆွဲပေးနိုင်လျှင် နိုင်ငံခြားသားများအတွက်သာမက ပြည်တွင်းခရီးသွားများအတွက်ပါ အချိန်ကုန်၊ လူပင်ပန်းခြင်းမှ လွတ်မြောက်နိုင်မည်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ မြောက်ဦးမြို့အား ခရိုင်မြို့အဆင်‌့တိုးမြှင့် သတ်မှတ်လိုက်ပြီဖြစ်သဖြင့် မြောက်ဦးမြို့မှာရှိတဲ့ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော် အရာရှိကြီးများ၊ စစ်သည်တော်များ၊ နိုင်ငံ့ဝန်ထမ်းများဟာ အစိုးရကိစ္စများဖြင့်လည်းကောင်း၊ လုပ်သား ပြည်သူများဟာ ကိုယ်ရေးကိုယ်တာကိစ္စများဖြင့်လည်းကောင်း စစ်တွေ-သံတွဲ-ရန်ကုန်-နေပြည်တော် အထိ အချိန်တိုအတွင်းသွားရောက်နိုင်မည်ဖြစ်ပါတယ်။ ထို့ကြောင့် ယခင်ကအသုံးပြုခဲ့သော လေယာဉ်ကွင်းဟောင်းကို ပြန်လည်မွမ်းမံပြင်ဆင်ပြီးအသုံးပြုလျှင် နိုင်ငံတော်အတွက်ကုန်ကျစရိတ် သက်သာပြီး ပြည်တွင်းပြည်ပခရီးသွားများအဝင်/အထွက်များလာခြင်းဖြင့် နိုင်ငံ့ဘဏ္ဍာပိုမိုရရှိလာမည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များ အထူးစိတ်ဝင်စားရာမြောက်ဦးမြို့သို့ အချိန်တိုအတွင်း လာရောက်လည်ပတ်ဝင်ထွက်နိုင်ရန် မြောက်ဦးမြို့ရှိလေယာဉ်ကွင်းဟောင်းကို ပြန်လည်ပြုပြင်ဆောင်ရွက်ပေးရေးနှင့် လေယာဉ်ခရီးစဉ်များပြန်လည်ပြေးဆွဲပေးရေးကို ဒေသခံများ အထူးစောင့်မျှော်လျက်ရှိနေပါသောကြောင့် ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ မြောက်ဦးမြို့ရှိ လေယာဉ်ကွင်းဟောင်းအား ပြန်လည်ပြုပြင်မွမ်းမံ၍ လေယာဉ်ခရီးစဉ်ပြေးဆွဲပေးရန် အစီအစဉ် ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက် ပေးမည်ကိုသိရှိလိုပါသောကြောင့် ဖြေကြားပေးနိုင်ပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပိုင် ရခိုင် ပြည်နယ်၊ မြောက်ဦးမြို့မှာတည်ရှိတဲ့မြောက်ဦးလေယာဉ်ကွင်းဟာ လေယာဉ်ပြေးလမ်းအလျား ၂၅၀၀ ပေ၊ အကျယ် ၁၀၀ ပေ၊ ပြေးလမ်းဦးတည်ရပ် ၀၁၀ ဒီဂရီ/ ၁၉၀ ဒီဂရီဖြစ်ပြီးတော့ ပြေးလမ်း အမျိုးအစားမှာ မြေကြီးကွင်းအမျိုးအစားဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်မှာ တွင်အော်တာလေယာဉ်များ ပျံသန်းပြေးဆွဲခဲ့ပြီးတော့ နှစ် ၃၀ ကျော်ကြာရပ်တန့်ထားမှုကြောင့် လေယာဉ်ကွင်းမှာ အသုံးပြုနိုင်တဲ့ အခြေအနေမရှိတော့ကြောင်းတွေ့ရှိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ စစ်တွေလေယာဉ်ကွင်း၊ ကျောက်ဖြူလေယာဉ်ကွင်း၊ သံတွဲလေယာဉ်ကွင်း၊ အမ်းလေယာဉ်ကွင်းများတွင် လေကြောင်းလိုင်းများ ဖြစ်တဲ့ မြန်မာ့လေကြောင်း၊ Yangon Airways၊ Air Mandalay၊ Air KBZ၊ Air Bagan၊ Asia Wings စတဲ့လေယာဉ်တွေနေ့စဉ်ပြေးဆွဲပျံသန်းလျက်ရှိပါတယ်။ ဒီလေယာဉ်ကွင်း ၄ ကွင်းအနက် စစ်တွေလေယာဉ်ကွင်းဟာ မြောက်ဦးမြို့နဲ့အနီးဆုံးဖြစ်ပြီးတော့ မိုင် ၄၀ ခန့်သာ ကွာဝေးပါတယ်။ စစ်တွေလေယာဉ်ကွင်းကို အလေးဝန်ပိုမိုများပြားတဲ့လေယာဉ်ကြီးတွေအတက်/အဆင်း အသုံးပြုနိုင်ဖို့ အတွက် လက်ရှိလေယာဉ်ပြေးလမ်း အလျား ၆၀၀၀ ပေ၊ အကျယ် ၁၅၀ ပေကို အလျား ၈၅၀၀ ပေ၊ အကျယ် ၁၅၀ ပေရရှိဖို့အတွက် အလျား ၂၅၀၀ ပေထပ်မံတိုးချဲ့ဖို့ဆောင်ရွက်နေပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ အခုလက်ရှိလေယာဉ်ပြေးလမ်း ပေ ၆၀၀၀ ကနေပြီးတော့ မြောက်ဘက်ကို ၁၅၀၀ ပေထပ်ချဲ့ပြီးတော့ ကွန်ကရစ်တိုးချဲ့ခင်းတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားဖို့ ရန်ပုံငွေတင်ပြတောင်းခံထားပြီးဖြစ်ပါတယ်။ မြောက်ဦးမြို့သို့ စစ်တွေလေယာဉ်ကွင်းမှတစ်ဆင်‌့ ကုန်းလမ်းခရီး၊ ရေလမ်းခရီးတို့ဖြင့်သွားလာပါက လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ခက်ခဲမှုမရှိဘဲ သွားလာနိုင်တဲ့ဒေသဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းလေကြောင်းပို့ဆောင်ရေးမှာ ပြေးဆွဲပျံသန်းလျက် ရှိတဲ့ လေယာဉ်တွေရဲ့ပြေးလမ်းလိုအပ်ချက်ကလည်း အနည်းဆုံးပေ ၅၀၀၀ လိုအပ်လျက်ရှိပါတယ်။ မြောက်ဦးလေယာဉ်ကွင်းဟာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာ ကျရောက်နေပြီးတော့ ထပ်မံတိုးချဲ့ဖို့အခက်အခဲများစွာရှိတဲ့အပြင် ကုန်ကျစရိတ်လည်း လွန်စွာများပြားမှာဖြစ်တဲ့အတွက် ကြောင့်မို့ လက်ရှိအခြေအနေမှာ မြောက်ဦးလေယာဉ်ကွင်းဟောင်းအား ပြန်လည်ပြုပြင်နိုင်မည့် အခြေအနေမရှိပါကြောင်းနှင့် လေယာဉ်ခရီးစဉ်ပြေးဆွဲပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည် ဖြေကြားပါသည်။