အသည်းရောင်ဘီရောဂါကာကွယ်ဆေး ထုတ်လုပ်မှုနှင့်စပ်လျဉ်းတဲ့မေးခွန်းကိုမေးမှာ ဖြစ်ပါတယ်ခင်ဗျား။ ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ ဘီဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ဘီပိုးဆိုတာ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ ဘီပိုးဟာ အသည်းရောင် အသားဝါရောဂါကို ဖြစ်စေနိုင်သလို အသည်းမာကြွပ်သောရောဂါ၊ အသည်းပျက်စီးသောရောဂါနှင့် အသည်းကင်ဆာရောဂါများကိုလည်း ဖြစ်နိုင်စေပါတယ်။ ဒီရောဂါဟာ မြန်မာပြည်မှာ အဖြစ်များတဲ့ ရောဂါလည်းဖြစ်ပါတယ်။ နောက်ထပ်သိဖို့ကောင်းတဲ့အချက်တစ်ချက်က ဒီရောဂါဟာ ကာကွယ်လို့ ရပါတယ်။ ဆေးထိုးပြီးတော့ ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးဝန်ကြီး ဌာနအောက်မှာရှိတဲ့ ဆေးသုတေသနဌာန အောက်မြန်မာပြည်က ၁၉၉၀ ခုနှစ်မှာ လူနာများရဲ့ သွေးရည်ကြည်ကနေတစ်ဆင့်ထုတ်လုပ်နိုင်တဲ့ Plasma drive Vaccine ကို USA က နည်းပညာ များကို ရယူပြီးတော့ မြန်မာနိုင်ငံမှာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၉၂၊ ၁၉၉၄ ခုနှစ်များမှာ အောင်မြင် စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။ ကာကွယ်ဆေးကိုလည်း DMR Clinic ကသက်သာသော ဈေးနှုန်း နှင့်ရောင်းချပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ဒီထက်အဆင့်မြင့်တဲ့ Technology နဲ့ ကာကွယ်ဆေးကို ထုတ်ပေးရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောင်အဆင့်မြင့်တဲ့ Technology နဲ့ထုတ်ကာမှ ယခင်ထုတ်ထားတဲ့ ကာကွယ်ဆေးထက် ပိုမိုပြီးတော့ ထိရောက်မှုရှိသလို ပိုမိုပြီးတော့ ယုံကြည်စိတ်ချရမှာလည်း ဖြစ်ပါတယ်။ ဒါတင်မကပါဘူး နိုင်ငံတော်ရဲ့ လိုအပ်ချက်က တစ်နှစ်မှာ ကာကွယ်ဆေး Dose ၅ သန်းလောက်လိုတာဖြစ်တဲ့အတွက်ကြောင့် ခုန ကျွန်တော်ပြောတဲ့ Plasma drive Technology နဲ့ ဆက်ပြီးတော့ ထုတ်လုပ်နေလို့ မရနိုင်တော့ပါဘူး။ အဆင့်မြင့်တဲ့ ကျွန်တော်တို့ရဲ့ အခေါ်အရ Recombinant Technology ဆိုတဲ့ နည်းပညာကို အသုံးပြုပြီးတော့မှ ထုတ်ရမှာ ဖြစ်ပါတယ်။ ဒီနည်းပညာကို အသုံးပြုနိုင်ဖို့ရာအတွက် မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ ဟာ အကြိမ်ကြိမ် အကျေအလည်ဆွေးနွေးခဲ့ရပါတယ်။ အဲ့ဒီလိုဆွေးနွေးပြီးခဲ့တဲ့ နောက်ကျတော့မှ ၂၀၀၁ ခုနှစ် ကိုရီးယားနိုင်ငံနှင့် အကြိမ်ကြိမ်ဆွေးနွေးပြီးတဲ့နောက်မှာ Samsung ကုမ္ပဏီနှင့်ပူးပေါင်း ပြီးတော့မှ လှည်းကူးမြို့ ရွာသာကြီးမှာ ကာကွယ်ဆေးစက်ရုံကို ၂၀၀၃ ခုနှစ်မှာ အပြီးအစီး တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီလိုတည်ဆောက်တဲ့နေရာမှာ မြန်မာနိုင်ငံက မြေနေရာပေးရပါတယ်။ ငွေကြေးအားဖြင့် သန်းပေါင်းများစွာ ထည့်သွင်းရပါတယ်။ ဒါတင်မကသေးဘူး ကိုရီးယားနိုင်ငံ EXIM Bank ကနေတစ်ဆင့် US ဒေါ်လာ ၁၂.၆ သန်းသက်သာ ချောင်ချိသောနှုန်းနဲ့ ငွေချေးပြီးတော့ ထည့်ခဲ့ ရပါတယ်။ ကိုရီးယားနိုင်ငံဘက်က စက်ရုံဆောက်ပေးပါတယ်။ လိုအပ်တဲ့စက်နှင့် စက်ပစ္စည်းများ ထည့်သွင်းပြီးတော့ ပေးပါတယ်။ Technology Transfer လည်းပေးခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ ၂၀၀၄ ခုနှစ်မှာ ဒီနည်းပညာနှင့် ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ခဲ့ပြီးတော့ အဆင့်ဆင့် စမ်းသပ်မှုများပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ ယုံကြည်စိတ်ချရသော အရည်အသွေးပြည့်မီ၍ ထိရောက်မှုရှိသော ကာကွယ်ဆေးကို ၂၀၀၆ ခုနှစ်မှာ ၁.၅ သန်း Dose ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ခုန ကျွန်တော်ပြောသလို အရည်အသွေးလည်းပြည့်ဝတယ် နောက်ပြီးတော့ ထိရောက်မှုလည်းရှိတယ်။ ယုံကြည်စိတ်ချမှုလည်းရှိတယ်။ ပြည်သူလူထုအများစုကိုလည်း သက်သာချောင်ချိတဲ့နှုန်းနဲ့ ရောင်းချ နိုင်ပါတယ်။ WHO ရဲ့ GMP သတ်မှတ်ချက်အဆင့်များနဲ့လည်းကိုက်ညီပါတယ်။ ၂၀၀၆ ခုနှစ် သြဂုတ်လမှာ ဒီစက်ရုံကထုတ်တဲ့ ကျွန်တော်တို့ ၁.၅ သန်း Dose နဲ့အတူ စက်ရုံကို ကျန်းမာရေးဝန်ကြီး ဌာနကနေပြီးတော့ စက်မှု(၁)ဝန်ကြီးဌာနသို့ ပြောင်းလဲပေးအပ်ခဲ့ပါတယ်။ အဲ့ဒီလိုပေးအပ်တဲ့အခါမှာ ပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ ကျွမ်းကျင်ပညာရှင် ၉၀ ကျော် အဲ့ဒီဌာနကို လွှဲပြောင်းပေးခဲ့ပါတယ်။ နောင်တစ်ချိန်မှာ တချို့ဟာ ကျန်းမာရေးဝန်ကြီးဌာနကို ပြန်လည်ရောက်ရှိလာပါတယ်။ အခုအချိန်မှာ တော့ ထိုစက်ရုံကစက်များဟာ ချို့ယွင်းပျက်စီးနေပြီးတော့ ယခင်သုတေသနဌာနမှ ထုတ်ပေးခဲ့တဲ့ ကာကွယ်ဆေးများကိုသာ လီပြီးတော့ သုံးစွဲနေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံက ထုတ်တဲ့ကာကွယ် ဆေးက ကျပ် ၃၀၀၀ ကနေ ၄၀၀၀ လောက်ကုန်ကျပါတယ်။ ဝယ်ရပါတယ်။ ဒီလောက်နှုန်းနဲ့။ ဘယ်လ်ဂျီယန်ကနေ ဝယ်သုံးနေရတဲ့ဆေးက 1 Vial ကို ၁၀၀၀၀ လောက်ကျပါတယ်။ ကိုရီးယားနိုင်ငံ ကဆိုလို့ရှိရင် ၇၀၀၀ လောက်ကျပါတယ်။ ကျွန်တော်တို့ထုတ်နိုင်တဲ့ဆေးထက် အများကြီး စရိတ်က ကြီးမားပါတယ်။ ပြည်သူတွေဝယ်ရတာအတွက်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကာကွယ်ရေး စီမံကိန်းသူတို့မှာ ရှိတဲ့အနက်မှ ယခုကာကွယ်ဆေး ၅ မျိုးပါတဲ့အထဲမှာ UNDP နဲ့ GAVI က အလကား ပေးတဲ့စောင့်ရှောက်တဲ့အထဲမှာ ကာကွယ်ဆေးလည်းပါတဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်က လုံလုံလောက်လောက် မထုတ်နိုင်တာဟာ ဒီကာကွယ်ရေးစီမံချက်ကိုတော့ လတ်တလောမှာ ထိခိုက် နိုင်စရာ အကြောင်းမရှိပါဘူး။ သို့ပေမယ့် ဒီစီမံချက်နှင့်မဝင်တဲ့ တခြားကလေးတွေ၊ တခြားလူငယ် လူရွယ်တွေ ရောဂါဖြစ်ပွားနိုင်မှု Vials ရှိနေတဲ့လူတွေကတော့ ဒီကာကွယ်ဆေးကို ဈေးကြီးကြီးနှင့် ဝယ်ပြီး အသုံးပြုနေရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ စဉ်းစားရတာလေးတွေ ရှိပါ တယ်။ ကျွန်တော်တို့ ဒီနည်းပညာကို ရရှိဖို့ရာအတွက် ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲလေးတွေ ရှိနေတယ်ဆိုတာကို သိတဲ့အတွက်ကြောင့်မို့လို့ ၂၀၁၂ ခုနှစ်တုန်းက ဒီစက်ရုံရဲ့ အခြေအနေကို ဆေးသုတေသနဦးစီးဌာန၌ စက်မှု(၁)ဝန်ကြီးဌာနတို့က ပူးပေါင်းစုံစမ်းစစ်ဆေးပြီးတော့ အစီရင်ခံစာ တင်တယ်လို့ သိရှိရပါတယ်။ ဒီအစီရင်ခံစာရဲ့အသေးစိတ်ကိုတော့ မသိပါဘူး။ ဒီနေရာမှာ ပြည်သူ အများစုအတွက် စဉ်းစားစရာတွေ၊ ပညာရှင်တွေအတွက် စဉ်းစားစရာတွေ ဖြစ်နေတာ ကျွန်တော်တို့ လည်း ကိုယ်တိုင်သိခဲ့တာပဲ။ နည်းပညာရရှိပြီးတော့ စက်ရုံတစ်ခု တည်ဆောက်ဖို့ရာအတွက် အများကြီး ဆွေးနွေးခဲ့ရပါတယ်။ အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ရပါတယ်။ အခက်အခဲတွေလည်း အများကြီးကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက်တော့ နည်းပညာရရှိပြီးတော့ စက်ရုံတစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါတယ်။ အဆင့်မီသော၊ အရည်အသွေးပြည့်ဝသော၊ ထိရောက်စွာကာကွယ် စောင့်ရှောက်မှုပေးနိုင်သော ကာကွယ်ဆေးကိုလည်း လုံလောက်စွာထုတ်လုပ်နိုင်ပြီးတော့ သက်သာ သောဈေးနှုန်းနှင့် ပြည်သူလူထုကိုလည်း ရောင်းချနိုင်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ဘက်က သိရှိ ချင်တဲ့အချက်အလက်လေးတွေက (၁) စက်ရုံ၏ လက်ရှိလည်ပတ်နိုင်မှုအခြေအနေအရအတိုင်းအတာ၊ ကာကွယ်ဆေးထုတ်လုပ်နိုင်မှုစွမ်းအားနှင့် အဲ့ဒီစွမ်းအား မည်၍မည်မျှရှိသနည်း။ မည်ကဲ့သို့ဆက်လက် ဆောင်ရွက်ရန် အစီအစဉ်ရှိသည်ဆိုတာများကို ပြည်သူလူထုအများစုနှင့် အထူးကုဆရာဝန်ကြီးများက ကျွန်တော်မှတစ်ဆင့် မေးမြန်းပေးပါလို့ ပြောတဲ့အတွက် အခြေခံကျတဲ့လေ့လာမှုများကို ရှာဖွေပြု လုပ်ပြီးတဲ့နောက်မှာ ကျွန်တော်အခုလို လေးစားစွာ မေးမြန်းရခြင်းမေးမြန်းပါသည်။
ဒေါက်တာမောင်မောင်ဝင့်ရဲ့ အသည်းရောင်အသားဝါဘီကာကွယ်ဆေး စက်ရုံ၏လက်ရှိလည်ပတ်နိုင်မှု အခြေအနေနှင့် ကာကွယ် ဆေးထုတ်လုပ်နိုင်မှုစွမ်းအားတို့အား မည်သို့ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်ရှိသည်ကိုသိရှိလို ကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာနဟာ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးစက်ရုံကို ၂၀၀၆ ခုနှစ်က ကျန်းမာရေးဝန်ကြီးဌာနက လွှဲပြောင်းရယူခဲ့ပါတယ်။ ထိုသို့ လွှဲပြောင်းစဉ်က ဝန်ထမ်းဦးရေ ၉၁ ဦးပါရှိခဲ့ပါတယ်။ ၉၁ ဦးထဲမှ ၁၅ ဦး ကတော့ ကျန်းမာရေးဝန်ကြီးဌာနကို ပြန်လည်အမှုထမ်းလိုတဲ့အတွက်ကြောင့် ပြန်လည် လွှဲပြောင်းပေး ခဲ့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနလက်ထက်မှာတုန်းကတော့ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးအား သွေးရည်ကြည် (Plasma) မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သော်လည်း စက်မှုဝန်ကြီးဌာနမှ လွှဲပြောင်းရယူပြီးတဲ့နောက်ပိုင်းမှာ WHO ရဲ့ Guideline အရ လူ၏သွေးနှင့် သွေးရည်ကြည် (Plasma) မှနေပြီးတော့ ဆေးကိုထုတ်လုပ်ခြင်းဟာ သွေးမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားနိုင်တယ်လို့ပါရှိတဲ့အတွက်ကြောင့် ၂၀၀၇ ခုနှစ်မှစပြီးတော့ ကမ္ဘာ့အဆင့်မီ ဗီဇနည်းပညာ ဖြစ်တဲ့ စောစောကလည်း ဒေါက်တာမောင်မောင်ဝင့် တင်ပြသွားသလို Recombinent Hepatitis "B" Vaccine များကိုသာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုရဲ့ ခွင့်ပြုချက်နည်းစဉ်ဖြင့်သာ စတင်ပြီး ထုတ်လုပ်ခဲ့ပါတယ်။
UNICEF ကနေပြီးတော့ Global Aliance Vaccine Immunization (GAVI) Project အရ ၂၀၀၂ ခုနှစ်ကနေစပြီးတော့ အသည်းရောင်အသားဝါဘီကာကွယ်ဆေးများကို Child Dose နှစ်သန်း ကို ကျန်းမာရေးဝန်ကြီးဌာနသို့ နှစ်စဉ် လှူဒါန်းကြောင်းလည်း လေ့လာတွေ့ရှိရပါတယ်။ ဒါ့ကြောင့် GAVI Project အရ လှူဒါန်းမှုဖြင့်သာ ပြည်တွင်းရဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်နိုင် ခဲ့ပါတယ်။ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးစက်ရုံအနေနဲ့ မေးမြန်းထားတဲ့အတိုင်း တစ်နှစ်စွမ်းအားထုတ်လုပ်မှုအနေနဲ့ လူကြီး Dose သုံးသိန်း နှင့် ကလေး Dose ငါးသိန်းထုတ်လုပ်နိုင် တဲ့ စွမ်းအားရှိပါတယ်။ သို့သော် ၂၀၀၆ ခုနှစ် ကျန်းမာရေးဝန်ကြီးဌာနမှ လွှဲပြောင်းစဉ်တုန်းကတော့ ကာကွယ်ဆေး လက်ကျန် လွှဲပြောင်းပေးခဲ့ခြင်းမရှိပါဘူး။ ၂၀၀၇ ခုနှစ်မှစတင်ပြီးတော့ စက်မှုဝန်ကြီး ဌာနအနေနဲ့ ကမ္ဘာ့အဆင့်မီတဲ့နည်းစဉ်နဲ့ ထုတ်လုပ်လာတဲ့အတွက်ကြောင့် လူကြီး Dose စုစုပေါင်း ၈၀၅၈၂၄ ခု ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ကာကွယ်ဆေးတစ်လုံးကို ၂၈၀၀ ကျပ်ဖြင့် ဈေးနှုန်း သက်သာစွာ ရောင်းချပေးခဲ့ပါတယ်။ ထိုကဲ့သို့ စက်စွမ်းအားပြည့်မထုတ်တာကတော့ ကျန်းမာရေးဝန်ကြီးဌာန ကလည်း မဝယ်တာတစ်ပိုင်း ပြင်ပဈေးကွက်ရဲ့ ဝယ်လိုအားပေါ်မူတည်ပြီးတော့ ထုတ်လုပ်ရတာ လည်း တစ်ပိုင်း၊ ဆေးရဲ့ အာနိသင်သက်တမ်းက ၃ နှစ်ပဲရှိတဲ့အတွက်ကြောင့် လိုအပ်ချက်အပေါ် မူတည်ပြီးတော့ ဆက်လက်ပြီးတော့ ထုတ်လုပ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား အပ်ပါတယ်။ စက်မှုဝန်ကြီးဌာနအနေဖြင့် စက်ရုံတွေကို လက်ခံရရှိပြီးတဲ့နောက်ပိုင်းမှာ စက်ရုံမှ ထုတ်လုပ်တဲ့ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ် အထိ GAVI Project မှ လှူဒါန်းနေတဲ့အတွက်ကြောင့် ဝယ်ယူခဲ့ခြင်းမရှိသော်လည်း ၂၀၁၃ ခုနှစ် မတ်လမှာတုန်းကတော့ လူကြီး Dose ၁၈၀၀၀၀ ဝယ်ယူခဲ့ပါတယ်။ မိမိတို့စက်ရုံမှ ထုတ်လုပ်တဲ့ ဆေးတွေကိုလည်း ရောင်းချနိုင်ရေးအတွက် အသည်းရောင်အသားဝါဘီကာကွယ်ဆေးထိုးတဲ့ ဆေးခန်း များကိုလည်း ဖွင့်လှစ်ပါတယ်။ ဆေးထိုးအဖွဲ့တွေကိုလည်း ပြည်နယ်နှင့် တိုင်းတွေကို သွားရောက်ပြီး စက်ရုံတွေ၊ အလုပ်ရုံတွေ၊ ရုံးဌာနတွေ၊ စာသင်တိုက်ကြီးတွေ၊ စာသင်ကျောင်းတွေ၊ အဖွဲ့အစည်းတွေကို လိုက်လံပြီးတော့ ဆေးထိုးပေးပါတယ်။ သတင်းစာတွေ၊ ဂျာနယ်တွေမှာလည်း ထည့်သွင်းပြီးတော့ ကာကွယ်ဆေးထိုးနှံဖို့အတွက်လည်း ပညာပေးခြင်းကို ဆောင်ရွက်လာတဲ့အတွက်ကြောင့် ထုတ်လုပ် ထားတဲ့ အသည်းရောင်အသားဝါဘီကာကွယ်ဆေးစုစုပေါင်း ၈၀၅၈၂၄ လုံးအနက်က ၇၅၅၈၂၄ လုံး ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ ယခုအခါ စက်ရုံမှာ ၅၀၀၀၀ ခန့် လက်ကျန်ကျန်ရှိပါတယ်။ ဒီဆေးတွေကို လည်း ဆက်လက်ပြီးတော့ ထုတ်လုပ်ဆောင်ရွက်နေပါတယ်။ အသည်းရောင်အသားဝါဘီ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်နှင့် ဦးနှောက်အမြှေးရောင်ရောဂါစသည့် ရောဂါ ၅ မျိုးကာကွယ်တဲ့ Penta Valent ကို GAVI Project ကနေပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနကို လှူဒါန်းပြီးတော့ အဆိုပါ ကာကွယ်ဆေးများကို အသက်နှစ်လကျော်မှ စတင်ထိုးရသော ကာကွယ်ဆေးများလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်က အသည်းရောင်အသားဝါဘီ ရောဂါပိုးကူးစက်ခံ ထားရသူများ ဖြစ်တဲ့အတွက်ကြောင့် Penta Valent Vaccine မထိုးမီစပ်ကြား မွေးကင်းစမှ အသက်နှစ်လအထိ ကလေးများကိုတော့ အသည်းရောင်အသားဝါဘီ ရောဂါအချိန်မီမကူးစက်နိုင် ရေးအတွက် မွေးကင်းစကလေးတွေကိုလည်း ဘီပိုးကာကွယ်ဆေးများ ထိုးပေးသင့်ကြောင်း လေ့လာ တွေ့ရှိရပါတယ်။
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ အသည်းရောင်အသားဝါဘီကာကွယ်ဆေးစက်ရုံ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ လိုအပ်ချက်အတိုင်း ကလေး Dose များကိုလည်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသွားရန် စီစဉ်ထားသလိုပဲ ပြည်သူများနှင့် သံဃာတော်များအတွက်လည်း လူကြီး Dose လိုအပ်ချက်ကိုလည်း ဆက်လက်ထုတ်လုပ်သွားရန် လျာထားဆောင်ရွက်လျက်ရှိပါတယ်။ WHO ကနေ ပညာရှင်တွေကလည်း ၁၇-၁-၂၀၁၃ ရက်နေ့မှာ စက်ရုံကို လာရောက်ပြီးတော့ WHO, GMP ရရှိရေးကို ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးညှိနှိုင်းပြီးတော့ ဆောင်ရွက်နေပါ တယ်။ ထို့အပြင် ကိုရီးယားနိုင်ငံ EXIM Bank ကနေပြီး Economic Development Cooperation Fund မှ Technical Experts များကလည်း စက်ရုံကို လာရောက်ပြီးတော့ ဆက်လက်ပြီးတော့ အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း ကျွန်တော်တို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ စက်များကိုလည်း လည်ပတ်နိုင်ဖို့အတွက် Technical Service အဖွဲ့များနှင့်လည်း စစ်ဆေး ကြပ်မတ်လျက်ရှိပါတယ်။ နိဂုံးချုပ်အနေနဲ့ တင်ပြရလျှင် ပြည်သူလူထုအတွက် လိုအပ်သော ကာကွယ် ဆေးများကို နိုင်ငံပိုင်စက်ရုံမှ ထုတ်လုပ်နိုင်ရေး၊ ကာကွယ်ဆေးထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပြီးတော့ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးစက်ရုံ ကို နိုင်ငံပိုင်စက်ရုံအနေနဲ့ ဆက်လက်ထားရှိသွားမည့်အပြင် စက်ရုံအတွက် WHO မှ နည်းပညာရရှိ ရေး၊ ကိုရီးယားနိုင်ငံ EXIM Bank မှ ငွေကြေးထောက်ပံ့မှုနည်းပညာအကူအညီများရရှိရေးကို ဆောင် ရွက်လျက်ရိှိပါကြောင်းနှင့် အသည်းရောင်အသားဝါဘီကာကွယ်ဆေးစက်ရုံကိုလည်း WHO, GMP နှင့် ညီညွတ်စေရန်အတွက် အဆောက်အဦနှင့် စက်ပစ္စည်းအချို့ လိုအပ်တာများကိုလည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှာ တင်ပြတောင်းခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြား ပါသည်။
