(က)-အင်းလေးကန် သန့်ရှင်း စိမ်းလန်းစိုပြေရေးအတွက် စွန့်ပစ် အမှိုက်များကို Recycle စက်ရုံတစ်ခု တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအေ၀ (၁၅) ရက်မြောက်နေ့ (၆.၂.၂၀၁၃)

ညောင်ရွှေမြို့နယ်အင်းလေးဒေသ သာလေးကျေးရွာအုပ်စု သာလေးရွာ၊ အိုးကုန်းရွာ နှစ်ရွာမှ ရွှေအင်းစား၊ လုခဲလူမှုရေးအဖွဲ့ဖွဲ့စည်းကာ အင်းလေးကန် မတိမ်ကောရေး၊ သန့်ရှင်းသာယာ စို‌ွပေစိမ်းလန်းရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ စည်းကမ်းတကျ အမှိုက်စွန့်ပစ်မှုစနစ်ဖြင့် အမှိုက်သိမ်းကိစ္စများဆောင်ရွက်နေခြင်း ကိစ္စတစ်ခု လည်း အပါအဝင်ဖြစ်ပါတယ်။ ထိုနည်းတူစွာ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းတွင် အခြား လူမှုရေးအဖွဲ့အစည်းများလည်း စနစ်တကျဖွဲ့စည်းကာ အင်းလေးကန်သာယာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါသည်။ သာလေးရွာ၊ အိုးကုန်းရွာ နှစ်ရွာအတွင်း၌ ပင်လျှင် ၅ ရက်တစ်ကြိမ် သိမ်းဆည်းရာ စွန့်ပစ်အမှိုက်ကုန်ချိန်ပေါင်း ၅၀၀ ပိဿာ ဝန်းကျင်ရှိပါ သည်။ ၅ ရက်တစ်ကြိမ် အမှိုက်သိမ်းစနစ်ဆောင်ရွက်နေသည်မှာ ၅ လနီးပါးရှိနေခဲ့ပြီး နန်းပန်၊ ဆေးကုန်းမီးသြင်္ဂိုလ် စက်နံဘေးမှာ ခြံဝင်းခတ်ပြီး ခေတ္တယာယီ စုပုံထားရှိပါတယ်။ ထိုသို့ဆောင်ရွက် လျက်ရှိရာ အမှိုက်များတိုးသထက်တိုးလာကာ (၁) နေရာအခက်အခဲ (၂) ပလပ်စတစ်များကိုလည်း မြေကြီးတွင်းတူးမြှုပ်ခြင်း၊ ရေထဲပြန်လည် စွန့်ပစ်ခြင်း၊ မီးဖြင့်ဖျက်ဆီးခြင်းများမှာ မသင့်တော်သော ကိစ္စဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် အင်းလေးကန် သန့်ရှင်းစိမ်းလန်းစိုပြေရေးအတွက် အင်းလေး ကန် အရှေ့ဘက်ကမ်း၌သော်လည်းကောင်း၊ အနောက်ဘက်ကမ်း၌သော်လည်းကောင်း စွန့်ပစ်အမှိုက် များကို Recycle ပြန်လည်ပြုလုပ်ထုတ်လုပ်ပေးနိုင်ရန် နိုင်ငံတော်ဝန်ကြီးဌာနများမှ Recycle စက်ရုံ တစ်ခု တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ၊ မရှိ သိလိုသည့် အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်၊ ညောင်ရွှေမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဆွေရဲ့ အင်းလေးကန် သန့်ရှင်းစိမ်းလန်းစိုပြေရေးအတွက် အင်းလေး ကန် အရှေ့ဘက်၌သော်လည်းကောင်း၊ အနောက်ဘက်၌ သော်လည်းကောင်း၊ စွန့်ပစ်အမှိုက်များကို Recycle ပြည်လည်ပြုပြင် ထုတ်လုပ်ပေးနိုင်ရန် နိုင်ငံတော်ဝန်ကြီးဌာနများမှ Recycle စက်ရုံတစ်ခု တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ၊ မရှိ နှင့်ပတ်သက်၍ သိလိုကြောင်း မေးမြန်းလာပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ စက်မှုဝန်ကြီးဌာနနှင့် သက်ဆိုင်တဲ့ အချက်များအပေါ် အခြေခံပြီးတော့ အင်းလေးကန် နယ်မြေရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှုကို ထိန်းသိမ်းနိုင်ရေး ဦးစားပေး ဆောင်ရွက်သွားရန် လိုအပ်ချက်များနှင့် အင်းလေးကန်ဒေသအတွင်း နေ့စဉ်ထွက်ရှိသော အမှိုက်များ ကို အသုံးပြုနိုင်သည့် Recycle စက်ရုံတစ်ရုံတည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိဟူသောအချက် များကို ရှင်းလင်းဖြေကြားသွားပါမည်။

အင်းလေးကန်နယ်မြေရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှုကို ထိန်းသိမ်းရန် အောက်ဖော်ပြပါ အချက် ၆ ချက်ကို ဦးစားပေးဆောင်ရွက်သွားလျက်ရှိပါတယ်-

(က)    သစ်တောများ ပြုန်းတီးမှုနှင့် စိုက်ပျိုးနိုင်မှု ဧရိယာကို လေ့လာခြင်း၊

(ခ)     စိုက်ပျိုးရေးတွင် ဓာတုဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံ မသုံးစွဲဘဲ ဇီဝဓာတ်မြေသြဇာသုံးစွဲနိုင်ရန် ဆောင်ရွက်ပေးခြင်း၊

(ဂ)     အင်းလေးကန်ဒေသအတွင်း အိမ်များ တိုးလာခြင်းကို စိစစ်ဆောင်ရွက်ခြင်း၊

(ဃ)    ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများမှ စွန့်ပစ် ပစ္စည်းများ နှင့် အညစ်အကြေးများ စည်းကမ်းတကျ စွန့်ပစ်ရန် စီမံဆောင်ရွက်ခြင်း၊

(င)     Municipal Waste များကို စနစ်တကျ သန့်စင်သည့် စနစ်များဆောင်ရွက်ခြင်း၊

(စ)     အင်းလေးကန်အတွင်း ငါးများရှော့ခ်ရိုက်ဖမ်းခြင်းများကြောင့် ငါးမျိုးများ ပြုန်းတီး လာမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရန် ပြန်လည်ဖြည့်ဆည်းပေးခြင်း စသည့်အချက်များ ဖြစ်ပါတယ်။

စွန့်ပစ်ပစ္စည်းများမှာ Municipal Waste, Hazardous Waste နှင့် Biological Waste အမျိုးအစားများရှိပြီးတော့ စွန့်ပစ်ပစ္စည်းအားလုံးကို Recycle လုပ်ဆောင်၍ မရနိုင်သောကြောင့် အင်းလေးကန်ဒေသအတွင်း နေ့စဉ်ထွက်ရှိနေတဲ့ အမှိုက်များကို Recycle ပြုလုပ်တဲ့ စက်ရုံ တည်ဆောက်မည်ဆိုပါက ရှေးဦးစွာ Feasibility Study ပြုလုပ်မည် ဖြစ်ပါတယ်။

ဒီ Feasibility Study ပြုလုပ်သကဲ့သို့ပဲ အောက်ဖော်ပြပါ အချက်များပေါ်တွင် မူတည်ပြီး တော့လည်း Recycle စက်ရုံတည်ထောင်နိုင်ရေးအတွက်လည်း စဉ်းစားဆောင်ရွက်သွားမှာဖြစ်ပါ တယ်-

(က)    မှန်ကန်သော တည်နေရာအနေအထား (Location) ဖြစ်ရပါမယ်။ လူနေအိမ်များ၊ ယဉ်ကျေးမှု အမွေအနှစ်ဝန်းကျင်ဒေသများနှင့် ဝေးကွာသော သီးသန့်အနေအထား ဖြစ်ရပါမယ်။

(ခ)     Recycle စက်ရုံများမှ ထွက်ရှိလာတဲ့ Waste များမှာ Chemicals, Plastics, Biological Waste များ စသည်ဖြင့် မျိုးစုံပါဝင်တဲ့အတွက်ကြောင့် ပတ်ဝန်းကျင် လေထု၊ မြေထုကို ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် မြင့်မားတဲ့ နည်းစနစ်များကိုလည်း အသုံးပြုရန် လိုအပ်မည် ဖြစ်ပါတယ်။

(ဂ)     Monitoring အဖွဲ့ဖွဲ့စည်းပြီးတော့လည်း စနစ်တကျစောင့်ကြည့် လေ့လာအကဲခတ် ရန်လည်း လိုအပ်မှာ ဖြစ်ပါတယ်။

(ဃ)    Recycle စက်ရုံတည်ထောင် လုပ်ကိုင်သူများဟာ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် ရေးနှင့် ပတ်သက်သော ဗဟုသုတအချက်အလက်များကိုလည်း သိရှိနားလည်ထားပြီး Waste အမျိုးမျိုးကိုအသုံးပြု၍ ဆိုးကျိုးနည်းနိုင်သမျှနည်းအောင် လုပ်ကိုင် ဆောင်ရွက်နိုင်သူများကိုသာ စက်ရုံတည်ထောင်ခွင့်ပြုရမှာ ဖြစ်ပါတယ်။

သို့ပါ၍ အင်းလေးကန် သန့်ရှင်းစိမ်းလန်းစိုပြေရေးအတွက် Recycle စက်ရုံ တည်ထောင်မည် ဆိုပါက နည်းပညာနှင့် ကုန်ကျစရိတ်များရှိတဲ့အတွက်ကြောင့် နေ့စဉ်ထွက်ရှိလာတဲ့ Waste အမျိုးအစားနှင့် ပမာဏအပြင် Feasibility Study အရ လုပ်ဆောင်ရမည့် အချက်အလက်များစွာ ပါရှိတဲ့အတွက်ကြောင့် အင်းလေးကန်ပတ်ဝန်းကျင်၌ စွန့်ပစ်အမှိုက်များကို အသုံးပြုမည့် Recycle စက်ရုံတစ်ခုတည်ဆောက်ပေးရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။