(က)-မြန်မာနိုင်ငံတွင် ငါးတက္ကသိုလ် (Fisheries University) ဖွင့်လှစ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၈.၃.၂၀၁၃)

 

ပြည်ထောင်စုမြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ အကြီးဆုံးသောကုန်းမြေအဖြစ် အအေးပိုင်း၊ အပူပိုင်း၊ သမပိုင်းရာသီဥတုအခြေအနေ တစ်ကြိမ်တည်းနဲ့ ၃ မျိုးစလုံးတည်ရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ ကုန်းမြေဧရိယာရဲ့ ၆ ပုံ ၁ ပုံဟာ ၆ လအထိရေအောက်မှာရှိပါတယ်။ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းစတဲ့မြစ်ကြီးများဟာ မြစ်ငယ်များဟာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်မှာရှိနေပါတယ်။ ဧရာဝတီမြစ်ကြီးဟာလည်း မြစ်ပေါက်ကြီး ၉ ပေါက်ရဲ့ လက်ယှက်ထိုး နေတဲ့ မြစ်လက်တက်ချောင်းငယ်များ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကြီးကို ဖြစ်ပေါ်စေလျက်ရှိပါ တယ်။ ရေချိုငါးလုပ်ငန်းမှအဓိကဖြစ်တဲ့ အင်းကြီး၊ အင်းကောင်းပေါင်း ၃၅၀၀ ကျော်အပြင် ခေတ်အဆက်ဆက်ကတည်းကတည်ဆောက်ခဲ့တဲ့ ရေလှောင်ဆည်၊ ရေလွှဲဆည်များလည်း နိုင်ငံ တစ်နံတစ်လျားမှာရှိနေပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မိုင်ပေါင်း ၁၇၀၀ ကျော်ရှည်လျားတဲ့ မြန်မာ့ကမ်းရိုးတန်းဟာလည်း မြစ်ကြီး၊ မြစ်ငယ်များကပို့ချတဲ့ သဘာဝ မြေသြဇာများနဲ့ကြွယ်ဝနေတဲ့အပြင် ရေသတ္တဝါနှင့် အပင်များပေါက်ဖွားရာကျွန်းပေါင်း ၈၀၀ ခန့် ရှိပါတယ်။ ဒီလို ပေါကြွယ်ဝတဲ့ရေအရင်းအမြစ်တွေထဲမှာ ကျွန်တော်တို့ အားလုံးစားသုံးနေတဲ့ ငါးတွေရှိနေပါတယ်။ မြန်မာနိုင်ငံငါးလုပ်ငန်းဆိုင်ရာဥပဒေမှာ ငါးဆိုသည်မှာ ဘဝတစ်လျှောက်လုံး သော်လည်းကောင်း၊ ဘဝအစိတ်အပိုင်းသော်လည်းကောင်း ရေထဲတွင်နေထိုင်ကျက်စားသည်‌့ ရေသတ္တဝါအားလုံး၊ ယင်းတို့၏ဥများ၊ သားလောင်းများ၊ သားပေါက်ကောင်များ၊ မျိုးများကိုဆိုပါတယ်။ ဒီ အဓိပ္ပာယ်ရဲ့အဓိကကတော့ ငါးသတ္တဝါဟာ တစ်နည်းအားဖြင့် မိကျောင်း၊ လိပ်၊ ဖား၊ ဝေလနှင့် ရေနေနို့တိုက်မွေးမြူသော သတ္တဝါများ၊ ဂဏန်း၊ ပုစွန်၊ ပြည်ကြီးငါး၊ ကျောက်ပွင့်၊ သန္တာခက်စသည်ဖြင့် များပြားစွာတည်ရှိနေတာကိုတွေ့ရှိရပါတယ်။ အဆိုပါငါးများကို နည်းအမျိုးမျိုးထုတ်လုပ်သုံးစွဲခဲ့ရာမှာ ငါးလုပ်ငန်းဆိုင်ရာစာရင်းဇယားများအရ ၂၀၁၁ ခုနှစ်မှာ တန်ချိန်သန်းပေါင်း ၄.၁ သန်းထုတ်လုပ် ခဲ့ကြောင်းသိရှိရပါတယ်။ ၂၀၁၀ ခုနှစ် ကုလသမဂ္ဂစားနပ်ရိက္ခာစိုက်ပျိုးရေးအဖွဲ့ FAO ရဲ့အစီရင်ခံစာ ထဲမှာ ကျွန်တော်တို့ရဲ့ရေချို၊ ရေငန်ငါးဖမ်းလုပ်ငန်းဟာ ကမ္ဘာ့အဆင့် ၁၀၊ ရေချိုငါးဖမ်းလုပ်ငန်းမှာ ကမ္ဘာ့အဆင့် ၄၊ ငါးမွေးမြူရေးမှာ ကမ္ဘာ့အဆင့် ၁၂ ဖြစ်ကြောင်းဖော်ပြလေ့လာတွေ့ရှိရပါတယ်။ GDP ရဲ့ ရာခိုင်နှုန်းမှာလည်း ၇.၆၂ အဆင့် ၅ နေရာမှာရပ်တည်ခဲ့ပါတယ်။ ငါးကဏ္ဍမှာ နိုင်ငံခြားဝင်ငွေ ရှာပေးနိုင်မှုကိုကြည်‌့မယ်ဆိုလည်း ယခင်နှစ်က အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်တင်ပို့ရောင်းချ ခဲ့ရပါတယ်။ ဒါတောင် စုစုပေါင်းငါးထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာတင်ပို့ရောင်းချရခြင်းဖြစ်ပါ တယ်။ ယခုကဲ့သို့တင်ပြနေခြင်းမှာ ပြည်သူပြည်သားများနေ့စဉ်အသားဓာတ်ကို ဖြည့်ဆည်းပေးနေတဲ့ ငါး၊ နိုင်ငံခြားဝင်ငွေတိုးတက်အောင် ရှာဖွေနိုင်တဲ့ငါး၊ ရာသီဥတုအလိုက်အမျိုးမျိုးမြောက်မြားစွာ ရှိနေတဲ့ငါးတွေရဲ့အရေးပါမှု၊ ပေါကြယ်ဝမှု၊ အလားအလာရှိမှုတွေကို အကျဉ်းချုပ်တင်ပြရခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ သစ်တော၊ စီးပွားရေးကဏ္ဍများတွင် တက္ကသိုလ်ပညာ ရှိနေသော်လည်း ဤကဲ့သို့နိုင်ငံအတွက် များစွာအရေးပါသည့် ငါးကဏ္ဍနှင့်ပတ်သက်သည့် ငါးတက္ကသိုလ်မရှိသေးကြောင်း သတိပြုတင်ပြအပ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါငါးလုပ်ငန်းနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ နော်ဝေ၊ ရုရှား၊ ဂျပန်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်စတဲ့နိုင်ငံများမှာလည်း ငါးတက္ကသိုလ်များ အသီးသီးဖွင့်လှစ်ပြီး သင်ကြားပို့ချလျက်ရှိပါတယ်။ ဒါကြောင့် ရှေ့အလားအလာကောင်းများရှိတဲ့ သားငါးကဏ္ဍအတွက် ငါးတက္ကသိုလ်ဖွင့်လှစ်ပေးရန်နှင့်ပတ်သက်၍ မေးမြန်းပါသည်။


ဖြေကြားသူ
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

မွေးမြူရေး နှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ငါးသယံဇာတများရေရှည်တည်တံ့ ထုတ်ယူ သုံးစွဲနိုင်ရေးအတွက် ငါးလုပ်ငန်းဆိုင်ရာအသိအမြင်ဗဟုသုတများပြန့်ပွားရန်၊ ငါးလုပ်ငန်းစီမံခန့်ခွဲမှု များစနစ်တကျရှိစေပြီး နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်နိုင်စေရန်၊ ငါးလုပ်ငန်း ဆိုင်ရာဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများကို ဒေသတွင်းအခြားနိုင်ငံများနဲ့ တန်းတူဆောင်ရွက်နိုင် စေရန် မြန်မာနိုင်ငံငါးကဏ္ဍကို တိုးမြှင့်ဆောင်ရွက် ပေးနိုင်မည့် ငါးလုပ်ငန်းတက္ကသိုလ်တစ်ခုကို ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော် သို့မဟုတ် နိုင်ငံတကာအကူအညီအထောက်အပံ့များရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးရရှိပါက ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ပထမနှစ်သင်တန်းလက်ခံဖွင့်လှစ် နိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါတယ်။ ငါးလုပ်ငန်းတက္ကသိုလ်ထူထောင်ဖွင့်လှစ်နိုင်ခြင်းဖြင့် မြန်မာ့အဏ္ဏဝါနှင့် ကုန်းတွင်းပိုင်း ရေနေသယံဇာတများကို စနစ်တကျထုတ်ယူသုံးစွဲနိုင်မည်‌့ ငါးလုပ်ငန်းဆိုင်ရာပညာဗဟုသုတ ကြွယ်ဝသည့် မျိုးဆက်သစ်ပညာတတ်ဝန်ထမ်းငယ်များကို မွေးထုတ်နိုင်ခြင်း၊ ရေလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ရေလုပ်သားများသို့ ငါးဖမ်းဆီးခြင်း၊ ငါးမွေးမြူခြင်း၊ ပြုပြင်စီမံထုတ်လုပ်ခြင်းများကို စနစ်တကျပညာပေးဖြန့်ဝေနိုင်ခြင်း၊ ရေလုပ်သားများ မှလည်း ရေလုပ်ငန်းဆိုင်ရာကုန်ထုတ်လုပ်ငန်းကြီးများကို နိုင်ငံတကာဈေးကွက်နဲ့အညီဆောင်ရွက် နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကိုတိုးတက်ရရှိ၍ ၎င်းတို့၏လူမှုစီးပွားရေးအခြေအနေများ တိုးတက်မြင့်မားလာခြင်းဖြင့် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းစသည့် အကျိုးကျေးဇူး များကိုရေရှည်ခံစားရရှိမည်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းရဲ့ မြန်မာနိုင်ငံတွင်ငါးတက္ကသိုလ် (Fisheries University) ဖွင့်လှစ်ရန်မေးခွန်းနှင့်ပတ်သက်၍ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် Fisheries University သို့မဟုတ် University of Fisheries Sciences ငါးလုပ်ငန်းတက္ကသိုလ်တစ်ခုတည်ရှိရန်သည် ခေတ်စနစ်နဲ့ လွန်စွာကိုက်ညီပြီး မပျက်မကွက်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် အမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများ (National Comprehensive Development Plan-NCDP) တွင် နိုင်ငံတော်အဆင့်စီမံကိန်း (National Project) အဖြစ်ထည်‌့သွင်း၍မိတ်ဖက်အလှူရှင်နိုင်ငံ (Partner Donor Countries) များ၏ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။