(ဃ)-မွန်လူမျိုးတို့၏သုဝဏ္ဏဘူမိဒေသတစ်ခွင်တွင် သုတေသနလုပ်ငန်းများဆက်လက်တူးဖော်ခြင်းနှင့် မြန်မာ့ သမိုင်းအမွေအနှစ်စာရင်းဝင်အဖြစ်ထည်‌့သွင်းဖော်ပြပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၇.၃.၂၀၁၃)

 

မွန်ပြည်နယ်ရှိ၊ ရှေးဟောင်းဒေသတစ်ခုဖြစ်သည့် သုဝဏ္ဏဘူမိမြို့ဟောင်းဟုယူဆရသော သိုက်ကလား၊ အရပ်သည်မ၊ ဝင်းကမြို့ဟောင်းများတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေတူးဖော်သုတေသနပြုလုပ်ပေးရန် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး မှာ တင်ပြမေးမြန်းခဲ့ပြီး ဖြေကြားချက်များကိုရရှိပြီးဖြစ်သော်လည်း လက်တွေ့လုပ်ငန်းဆောင်ရွက်မှုများ ပီပြင်ပေါ်လွင်စွာမပြုလုပ်နိုင်ခဲ့သည်ကို သုံးသပ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ အဆိုပါကိစ္စကို ဆက်လက်မေးမြန်းရန်ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။

သုဝဏ္ဏဘူမိမြို့ဟောင်းသည် မြန်မာတစ်မျိုးသားလုံး၏ သမိုင်းအမွေအနှစ်အဖြစ်လည်းကောင်း၊ မွန်လူမျိုးများအတွက် သင်္ကေတပြယုဒ်တစ်ခုအဖြစ် လည်းကောင်း၊ ပျူယဉ်ကျေးမှုနှင့် မွန်ယဉ်ကျေးမှုတို့၏ပတ်သက်ဆက်နွယ်မှုကို ပေါ်လွင်ထင်ရှားစွာ သိရှိဖော်ထုတ်နိုင်ခြင်းဖြင့် တိကျခိုင်လုံသော ဖြေရှင်းချက်ပေးနိုင်မည့် နေရာဒေသတစ်ခုဖြစ်နိုင် ပါသဖြင့် အထူးအစီအစဉ်ဖြင့် တူးဖော်ပေးရန် သင့်တော်ပါကြောင်းအကြံပြုလိုပါတယ်။ သို့သော် ယခုအချိန်အထိ တူးဖော်ရှာဖွေ စုံစမ်းမှု အလွန်နည်းပါးသေးပါသဖြင့် အရှိန်အဟုန်မြှင့်တူးဖော်ရှာဖွေ နိုင်ရေးအတွက် စီမံကိန်းများတိုးမြှင့် ချမှတ်ပေးနိုင်ပါရန် အလေးအနက်တင်ပြလိုပါတယ်။ အဆိုပါ ရှေးဟောင်းအမွေအနှစ် ပစ္စည်းများကို ရှာဖွေတူးဖော်ရာတွင်အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ သုတေသီပညာရှင်များ၊ ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာတိုင်းရင်းသားပညာရှင်အစုအဖွဲ့တို့ကိုပါ လက်တွဲပါဝင်ပူးပေါင်း ဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်းနှင့် ဤကဲ့သို့ ပညာရှင်အစု အဖွဲ့စုံလင်ခြင်းအားဖြင့် တိကျသေချာခိုင်မာမှန်ကန်သောအဖြေများ ဖော်ထုတ်နိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် မူဝါဒများ၊ စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်အညီ စီမံဆောင်ရွက်လျက်ရှိနေပါကြောင်း ဖြေကြားထားပါသော် လည်း ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ်မှုအားနည်းပါလျှင် ရှေးဟောင်းပစ္စည်းအချို့ တို့သည် မသမာသူလက်ဝယ်သို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ ရာသီဥတုဒဏ်ကြောင့်လည်း ရှေးဟောင်းအုတ်ခွက်များ၊ ကျောက်ခွက်များ၊ ကျောက်ပြားများနှင့် ရှေးဟောင်းအမွေအနှစ်ပစ္စည်း ဟောင်းတို့သည် ပျောက်ဆုံးပျက်စီးခြင်းများဖြစ်နိုင်ပါသဖြင့် ကြိုတင်ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ထားရန် အထူးလိုအပ်လှပါကြောင်း အကြံပြုတင်ပြလိုပါတယ်။ သို့ဖြစ်ပါ၍ မေးလိုသည့် မေးခွန်းမှာ သမိုင်းအထောက်အထား ခိုင်လုံစွာရှိနေသော မွန်လူမျိုးတို့၏ယဉ်ကျေးမှုအမွေအနှစ် များဖြစ်ထွန်းခဲ့သည့် သုဝဏ္ဏဘူမိဒေသတစ်ခွင်တွင် အထူးအစီအစဉ်ဖြင့် သုတေသနလုပ်ငန်းများ ဆက်လက်တူးဖော်ခြင်းနှင့် သမိုင်းအထောက်အထားများ တွေ့ရှိချက်များအပေါ်မူတည်၍ မြန်မာ့ သမိုင်းအမွေအနှစ်စာရင်းဝင်အဖြစ် ထည်‌့သွင်းဖော်ပြပေးရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်
အဖြေ

သုဝဏ္ဏဘူမိမြို့ဟောင်းဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ် ရှာဖွေဖော်ထုတ်သုတေသနပြုခြင်းနှင့် ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်း အကြောင်းကိုမဖြေကြားခင်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနမှ မွန်ပြည်နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အထောက်အထားများ ရှာဖွေဖော်ထုတ် ထိန်းသိမ်းခဲ့မှုနှင့် ပတ်သက်၍ ဦးစွာတင်ပြ လိုပါတယ်ရှင်။ မွန်ပြည်နယ်ရှိ ယဉ်ကျေးမှုအမွေအနှစ် ရှာဖွေဖော်ထုတ်ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းကို ကိုလိုနီခေတ်တွင်လည်းကောင်း၊ လွတ်လပ်ရေးရပြီးခေတ်မှ ယနေ့ခေတ်အထိ ခေတ်အဆက်ဆက် ရှေးဟောင်းသုတေသန ပညာရှင်များ၊ သမိုင်းပညာရှင်များမှ ကွင်းဆင်းလေ့လာ မှတ်တမ်းတင်ခြင်း၊ တူးဖော်သုတေသန ပြုခြင်းနှင့် ရရှိသောယဉ်ကျေးမှုအမွေအနှစ်တို့ကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ အမျိုးသားအဆင်‌့ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်အဖြစ် သတ်မှတ်ပြဋ္ဌာန်းခြင်းတို့ကို အောက်ပါအတိုင်းဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်ရှင်-

          (က)    မွန်ပြည်နယ်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်ဒေသအချို့တို့အား ရှေးဟောင်း အဆောက်အအုံတည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်အဖြစ် အမျိုးသား အမွေအနှစ်စာရင်းအဖြစ်သတ်မှတ်ခြင်း၊ ဒီလိုသတ်မှတ်တဲ့အခါမှာ ယခုအချိန်အထိ ကျိုက်ထီးရိုးဘုရားနှင့် တောင်ထွတ်နယ်မြေကိုလည်းကောင်း၊ ကျိုက်မရောဒေသမှာ ရှိတဲ့ ခရုံဂူတို့ကိုလည်းကောင်း အမျိုးသားအမွေအနှစ်စာရင်းသတ်မှတ်ခြင်းသတ်မှတ် ပေးခဲ့ပြီးဖြစ်ပါတယ်။

          (ခ)     နိုင်ငံတော်မှစောင့်ရှောက်ပြုပြင်သော ရှေးဟောင်းအဆောက်အအုံများစာရင်းတွင် သတ်မှတ်ခြင်း။ အဲ့လိုသတ်မှတ်တဲ့အခါမှာတော့ ယခုအခါအထိ သထုံမြို့ရိုးဟောင်း၊ ဇုတ်သုတ်ကျေးရွာမှာရှိတဲ့ ဂဝံကျောက်တို့ဖြင့်ပြုလုပ်ထားတဲ့ ဆင်တပ်၊ မြင်းတပ်ဖြစ်ပါ တယ်။ 

          (ဂ)     ဘီးလင်းမြို့နယ်မှာရှိတဲ့ ဝင်းက၊ အရပ်သည်မဒေသများကို တူးဖော်သုတေသနပြုခြင်း၊ ကျိုက္ကသာ မြို့ဟောင်းတူးဖော်သုတေသနပြုခြင်း၊ ဝေါခရူမြို့ဟောင်းတူးဖော် သုတေသနပြုခြင်း၊ သထုံမြို့ဟောင်းတူးဖော်သုတေသနပြုခြင်းတို့ဖြစ်ပါတယ်။

          (ဃ)    ရာမညဒေသနှင့် ပတ်ဝန်းကျင်ရှေးဟောင်းသုတေသနဆိုင်ရာ မှတ်တမ်းအထောက် အထားများ၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ဂဝံယဉ်ကျေးမှုဆိုင်ရာ အထောက် အထားများ၊ မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ ယဉ်ကျေးမှုအထောက်အထားများ မှတ်တမ်းတင်စုဆောင်း ထားရှိခြင်းတို့ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တော်ကြီး အကြံပြုတင်ပြထားတဲ့ သုဝဏ္ဏဘူမိမြို့ဟောင်းသည် မြန်မာ နိုင်ငံသားအားလုံး၏ သမိုင်းအမွေအနှစ်အဖြစ်လည်းကောင်း၊ မွန်လူမျိုးများအတွက် သင်္ကေတ ပြယုဒ်တစ်ခုအဖြစ်လည်းကောင်း၊ ပျူယဉ်ကျေးမှုနှင့် မွန်တို့၏ယဉ်ကျေးမှုပတ်သက်ဆက်နွယ်မှုကို ပေါ်လွင်ထင်ရှားသိရှိဖော်ထုတ်နိုင်ခြင်းဖြင့် တိကျခိုင်လုံသောဖြေရှင်းချက်ပေးနိုင်မည့် နေရာဒေသ တစ်ခုဖြစ်နိုင်ပါသဖြင့် အထူးအစီအစဉ်ဖြင့်တူးဖော်သင့်ပါကြောင်း အကြုံပြူတင်ပြချက်နှင်ပတ်သက် ၍ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ဤကိစ္စနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည်‌့တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့သည် သထုံမြို့ရှိ နန်းတော်ရာဟုယူဆရသောနေရာ၊ ဘီးလင်းမြို့နယ်ရှိ ဝင်းက၊ အရပ်သည်မကျေးရွာရှိ တူးဖော်သုတေသနပြုခဲ့သောနေရာများ၊ ဇုတ်သုတ်ကျေးရွာ ဂဝံကျောက်တို့ဖြင့် ပြုလုပ်ဖန်တီးခဲ့သော ဆင်တပ်၊ မြင်းတပ်နှင့် မြို့ဟောင်းအထောက်အထား နေရာများကို ကွင်းဆင်း လေ့လာခဲ့ခြင်း၊ မော်လမြိုင်ဌာနခွဲတာဝန်ခံနှင့် မွန်ပြည်နယ် ယဉ်ကျေးမှုတာဝန်ခံတို့မှ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ် အထောက်အထားများကို ထပ်မံကွင်းဆင်းလေ့လာခဲ့ပြီး ဖော်ပြပါတွေ့ရှိချက် ရလဒ်တို့အပေါ်မူတည်ပြီး ရှေ့ဘဏ္ဍာရေးနှစ်များ၌ ဆောက်ရွက်ရန် စီစဉ်ခဲ့ပြီးဖြစ်ပါတယ်ရှင်။ သုတေသနပြုထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေများလည်းလျာထားတောင်းခံ ထားရှိပြီးဖြစ်ပါတယ်ရှင်။

ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များအား ရာသီဥတုဒဏ်ကြောင့် လည်းကောင်း၊ မသိနားမလည်သူတို့ဖျက်ဆီးခြင်းကြောင့်လည်းကောင်း၊ မသမာသူတို့ ပြည်ပသို့ခိုးယူ ရောင်းချခြင်းကြောင့်လည်းကောင်း ပျောက်ဆုံးပျက်စီးဆုံးရှုံးမှုများမဖြစ်စေရေးအတွက်လည်း ဌာန ဝန်ထမ်းများနှင့် မိမိတို့ကိုယ်တိုင်လည်း ဒေသခံပြည်သူများနဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ အသိပညာပေးခြင်းများဖြင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းသော သုဝဏ္ဏဘူမိမြို့ဟောင်းဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍လည်း ခိုင်မာပြည်‌့စုံသည့်အထောက်အထားများ၊ အကြံပြုချက်များ ရရှိနိုင်ရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနမှဦးစီးပြီး ရှေးဟောင်း သုတေသနပညာရှင်များ၊ သမိုင်းပညာရှင်များ၊ ပထဝီနှင့်ဘူမိဗေဒဆိုင်ရာ ပညာရှင်များ၊ သုတေသီများ၊ ဒေသခံများနှင့် သက်ဆိုင်ရာတိုင်းရင်းသားပညာရှင်များပါဝင်သော အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ် သွားရန်လည်း စီစဉ်ထားရှိပြီးဖြစ်ပါတယ်။ ဤအလုပ်ရုံဆွေးနွေးပွဲရလဒ်အပေါ် မူတည်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်းမှာ ၂ နေရာ၊ ၃ နေရာခန့် ရွေးချယ်တူးဖော် သုတေသနပြုလုပ် သွားမည်ဖြစ်ပြီး နောင်နှစ်များမှာလည်း ဆက်လက်ပြီးတော့ တူးဖော်သုတေသနပြု လုပ်သွားရန် စီမံချက်ရေးဆွဲထားရှိပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ သုဝဏ္ဏဘူမိယဉ်ကျေးမှုအမွေအနှစ် အထောက်အထားရှာဖွေဖော်ထုတ်မှုအပေါ်အခြေပြုပြီး မွန်ပြည်နယ်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ် တို့အား

          (က)    ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကွင်းဆင်းလေ့လာတူးဖော်သုတေသနပြုခြင်း

          (ခ)     ရှေ့ဘဏ္ဍာရေးနှစ်များတွင်လည်းကောင်း၊ ၂၀၁၅-၂၀၂၀ နှစ်များအထိလည်းကောင်း တူးဖော်သုတေသနပြုခြင်း

          (ဂ)     တူးဖော်တွေ့ရှိသော ယဉ်ကျေးမှုအမွေအနှစ်တို့အား ထိန်းသိမ်းခြင်းနှင့် ကာကွယ် စောင်‌့ရှောက်ခြင်း 

          (ဃ)    ခိုင်မာသောသမိုင်းအထောက်အထားတွေ့ရှိချက်များရရှိလာပါက အမျိုးသားအမွေ အနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားခြင်း စသည်တို့ကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။