၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အွခေခံဥပဒေပုဒ်မ ၂၃ တွင် နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရန်နှင့် စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်ပေးမည်ဟု ပြဋ္ဌာန်းထားပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်၏ လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ တောင်သူလယ်သမားမိသားစုဝင်များ ဖြစ်ကြပါတယ်။ တောင်သူလယ်သမားများ၏ လူနေမှုဘဝ အဆင့်အတန်းမြင့်မားလာသည်နှင့်အမျှ နိုင်ငံတော်ကြီးအဆင့်အတန်းမြင့်မားလာမည်။ စီမံကိန်း၊ စီမံချက်များ ချမှတ်အကောင်အထည်ဖော်လျက်ရှိသော ကျေးလက်နေပြည်သူများ၊ ဆင်းရဲ နွမ်းပါးမှုများလျော့ကျသွားနိုင်မည်ဖြစ်ပါကြောင်း လယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်သော ကောက်ပဲသီးနှံများ ထုတ်လုပ်မှုတွက်ခြေကိုက်သော ဈေးကွက်၊ ဈေးကောင်းရဖို့ လိုအပ်လျက်ရှိ ပါတယ်။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သက်ကြီးစပါးဈေး၊ သက်ကြီးစပါးများ၏ အရည်အသွေးသည် နိုင်ငံတကာတွင် ပထမအဆင့်ရှိသည်ဟု သိရပါသည်။ အဆိုပါ သတင်းအရ စပါးဈေးကောင်းမည်ဆိုပြီး ၂၀၁၂ ခုနှစ် မိုးရာသီတွင် လယ်သမားများသည် သက်ကြီးစပါးများကို ပိုမိုစိုက်ပျိုးထုတ်လုပ်ကြပါသည်။ ယခုအချိန်တွင် သက်ကြီးစပါးဈေးမှာ တင်း ၁၀၀ လျှင် ၄၅၀၀၀၀ ခန့် ရှိပါသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် တစ်ဧကအထွက်နှုန်းမှာ သက်ကြီးစပါးတင်း ၄၀ သာ ရရှိပါသည်။ ပေါက်ဈေးအရတွက်ပါက ၁၈၀၀၀၀ သာ ဖြစ်ပါသည်။ တစ်ဧကကုန်ကျစရိတ် ၁၅၀၀၀၀ ခန့်နုတ်လျှင် ၃၀၀၀၀ သာ ခံစားရပါကြောင်း ၆ လကျော် စောင့်ဆိုင်းမျှော်လင့်၍ လုပ်ကိုင်လာကြ သော လယ်သမားမိသားစုများ၏ စာရေး၊ ဝတ်ရေး၊ နေရေးပညာရေးတို့အတွက် လုံလောက်မှုမရှိဘဲ မပြေလည်မှုများဖြင့် သံသရာလည် ကြုံတွေ့နေရပါသည်။ ဒါကြောင့် လယ်သမားများ စိုက်ပျိုး ထုတ်လုပ်သော သက်ကြီးစပါးဈေးကွက်ရှာပေးရန် လိုအပ်ပါကွောင်း အာမခံနိုင်သော၊ အရှုံးမပေါ် သော စပါးဈေးကွက်များရှိဖို့လိုကြောင်း သုံးသပ်ရရှိပါတယ်။ နိုင်ငံတော်သည် ဈေးကွက်သွက်လက်မြင့်မားစေရန် အရန်စပါးများဝယ်ယူခဲ့ပါသည်။ တင်ဒါရရှိသည့် အဖွဲ့သည် ဝယ်ယူသည့်ဒေသများ ကွက်ပြည့်မဆောင်ရွက်နိုင်ခဲ့ခြင်း၊ အနည်းငယ် သတ်မှတ်ဝယ်ယူ ခြင်းတို့ကြောင့် ဝယ်ယူခြင်းမရှိသော ဒေသများ၏စပါးဈေးများကို နှိမ်ယူဝယ်ယူခြင်းများရှိခဲ့ပါ ကြောင်း လယ်သမားလက်တွင် စပါးမရှိသောအချိန်မှ မြှင့်၍ဝယ်ယူခြင်းမှာ ဈေးကောင်းမခံစားရသော အခြေအနေများတွင်ရှိခဲ့ပါကြောင်း စပါးပေါ်ချိန်တွင် နိုင်ငံတော်အနှံ့ မြို့နယ်တိုင်းတွင် တရားဝင် အဝယ်ဒိုင်ဖွင့်လှစ်ဝယ်ယူမည်ဆိုပါက လယ်သမားများ၏ ဈေးအနှိမ်မခံရကြောင်း သုံးသပ်ရရှိပါသည်။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများ ထုတ်လုပ်သော သက်ကြီးစပါး ဈေးကွက် ကောင်းမွန်ရန် လိုအပ်ပါသဖြင့် တောင်သူလယ်သမားအကျိုးငှာ အောက်ပါမေးခွန်းများ မေးမြန်းရခြင်းဖြစ်ပါသည်။ မေးခွန်း(၁)တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်သော သက်ကြီးစပါးဈေးအား အရှုံးမပေါ် သော ထုတ်လုပ်မှုစရိတ်ကာမိစေသော ဈေးကွက်ရရှိရေးအတွက် မည်သို့စီမံဆောင်ရွက်ထားပါ သနည်း။ မေးခွန်း(၂) သက်ကြီးစပါးဈေးများ မည်သည့်အချိန်၊ မည်သည့်အခြေအနေအရ စပါး ဈေးကွက်ကောင်းနိုင်ပါမည်နည်း သိလိုသည့်အတွက် မေးမြန်းပါသည်။
မြန်မာနိုင်ငံမှာ မိုးစပါးဧက ၁၆ သန်းကျော်နှင့် နွေစပါးဧက ၂.၆ သန်းကျော်ဖြင့် စုစုပေါင်း စပါးဧက ၁၈ သန်းကျော်ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပါတယ်။ ထိုသို့ မိုးစပါးစိုက်ပျိုးရာမှာ စိုက်ပျိုး ထုတ်လုပ်မှုအနေနဲ့ ရေတော် မိုးတော်ဧက ၁၀.၆ သန်း စိုက်ဧကရဲ့ ၆၅.၉၃ ရာခိုင်နှုန်း၊ ရေကြီးကွင်း ၁.၂၈ သန်း(၇.၂၉ ရာခိုင်နှုန်း)၊ ရေနက်ကွင်း ၈ သိန်းကျော် (၄.၉၈ ရာခိုင်နှုန်း)၊ သဲဆန်ကုန်းကြော ၂.၃၉ သန်း(၁၄.၈၄ ရာခိုင်နှုန်း)၊ တောင်ယာဧက ၆.၅ သိန်းကျော်(၄ ရာခိုင်နှုန်း)၊ ယာသက်သက် စိုက်ဧက ၂ သောင်းကျော် (ဝ.၁၆ ရာခိုင်နှုန်း)နဲ့ ပင်လယ်ရေငန်ဝင်ဧက ၂.၃ သန်း ကျော် (၁.၄၄ ရာခိုင်နှုန်း)နှင့် အခြားဒေသများမှာ ၁.၁၅ သိန်း (ဝ.၇၁ ရာခိုင်နှုန်း) စိုက်ပျိုးလျက်ရှိပါတယ်။ ၎င်းအပြင် မိုးစပါးကို စပါးသက်တမ်းအလိုက် သက်လျင်စပါးမျိုး ၁.၈ သန်းကျော် (၁၁.၂၈ ရာခိုင်နှုန်း)၊ သက်လတ်စပါးမျိုး ၁၀.၈၆ သန်း(၆၇.၃၃ ရာခိုင်နှုန်း)နှင့် သက်ကြီးစပါးမျိုးဧက ၃.၄၅ သန်း(၂၁ ရာခိုင်နှုန်း)ကျော် စိုက်ပျိုးလျက်ရှိရာ သက်လျင်နှင့် သက်လတ်စပါးမျိုးများကို မိုးစပါး၊ နွေစပါး နှစ်ရာသီလုံးမှာ စိုက်ပျိုးပြီး သက်ကြီးစပါးမျိုးတွေကိုတော့ ရေကြီးကွင်း၊ ရေနက်ကွင်းနှင့် ဆားငန်ရေ ဝင်ဒေသများမှာ အများဆုံးမိုးစပါးရာသီမှာသာ အဓိကစိုက်ပျိုးကြပါတယ်။ ထို့အပြင် စပါးမျိုးများကို သက်တမ်းစပါးမျိုးနဲ့ ရာသီစပါးမျိုးဟူ၍ နှစ်မျိုးရှိရာ သက်ကြီးစပါးမျိုးမှာ ရာသီစပါးမျိုးများ ဖြစ်ပါတယ်။
သက်ကြီးစပါးမျိုးများဖြစ်တဲ့ ပေါ်ဆန်း၊ ကမာကြည်၊ မီးဒုံး၊ ငကျွဲ၊ ငစိန်၊ ရွှေတဆုပ်၊ နှံကား၊ မီးကောက်၊ လက်ရုံးကြီး၊ အဏ္ဏဝါဗိုလ်၊ တစ်တောင်ပို၊ ဆစ်ဖွားစတဲ့စပါးမျိုးကွဲပေါင်း ၂၂ မျိုး စိုက်ပျိုး လျက်ရှိရာမှာ ၂၀၁၁-၂၀၁၂ ခုနှစ် မိုးစပါးမှာ ဧက ၂.၁၇ သန်းကျော်စိုက်ပျိုးခဲ့ပြီး ၂၀၁၁-၂၀၁၂ ခုနှစ် စုစုပေါင်းစိုက်ဧကရဲ့ ၁၆ သန်းကျော်မှာ(၁၃.၄၅ ရာခိုင်နှုန်း)ရှိပါတယ်။ ပျမ်းမျှအထွက်နှုန်းအားဖြင့် ၅၀ ပတ်ဝန်းကျင်ဖြင့် စပါးတင်းပေါင်း ၁၂၄ သန်း မြန်မာနိုင်ငံမှာ သက်ကြီးစပါးထုတ်လုပ်ပြီး စုစုပေါင်းထုတ်လုပ်မှုရဲ့ ၈.၉၄ ရာခိုင်နှုန်းပါဝင်ပါတယ်။ ၂၀၁၂-၂၀၁၃ မိုးစပါးရာသီမှာလည်းပဲ သက်ကြီးစပါးစုစုပေါင်း ၂.၄ သန်းကျော်စိုက်ပျိုးပြီး မိုးစပါးစုစုပေါင်း စိုက်ဧကရဲ့ ၁၅ ရာခိုင်နှုန်း ကျော်ရှိပါတယ်။ သက်ကြီးစပါးများကို များသောအားဖြင့် ရေကြီးကွင်း၊ ရေနက်ကွင်းများ၊ ဒီရေ အတက်အကျရှိသော ဒေသများအပါအဝင် အခြားရေမြေသဘာဝ သင့်တော်တဲ့နေရာတွေမှာ စိုက်ပျိုး လျက်ရှိပါတယ်။ သက်ကြီးစပါးမျိုးအုပ်စုမှာ ပါဝင်တဲ့စပါးမျိုးများကို များသောအားဖြင့် ဒေသတွင်း စားသုံးမှုအတွက် ကြိုက်နှစ်သက်မှုရှိကြပြီး ပေါ်ဆန်းအုပ်စုစပါးများမှာ စားသုံးမှုအရည်အသွေး ကောင်းမွန်မှုကြောင့် ဈေးကောင်းရတဲ့စပါးမျိုး ဖြစ်ပါတယ်။ သက်လျင်၊ သက်လတ် စပါးမျိုးများဟာ သက်တမ်းစပါးမျိုးဖြစ်သဖြင့် မိုးစပါးရာသီမှာ အချိန်စောပြီး ရိတ်သိမ်းရတဲ့ စပါးမျိုးများ ဖြစ်ပါတယ်။ သက်ကြီးစပါးအုပ်စုစပါးမျိုးများမှာ များသောအားဖြင့် နိုဝင်ဘာလနောက်ပိုင်းမှသာ ရိတ်သိမ်းနိုင်တဲ့ စပါးများဖြစ်သဖြင့် မိုးစပါးလှိုင်လှိုင်ပေါ်ပြီးမှ ထွက်ရှိလာတဲ့စပါးမျိုးများ ဖြစ်ကြပါတယ်။ သို့ဖြစ်၍ မိုးစပါးပေါ်စကာလမှာ အခြားစပါးမျိုးများနှင့် ကျယ်ကျယ်ပြန့်ပြန့် ယှဉ်ပြိုင်ရောင်းချမှုရှိပြီး ဈေးကွက် အနေအထားမှာ ရောင်းလိုအား(Supply)ဟာ ဝယ်လိုအား (Demand) ထက်များသဖြင့် အခြား စပါးမျိုးများနည်းတူ စပါးဈေးအတူတူလို ဖြစ်နိုင်ပါတယ်။
သက်ကြီးစပါးအုပ်စုမျိုးများဟာ ပေါ်ဆန်းအုပ်စုဝင် ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းဘေးကြား၊ ပေါ်ဆန်းယဉ်စတဲ့စပါးများဟာ စားသုံးမှုအရည်အသွေးကောင်းမွန်သဖြင့် စားသုံးသူဈေးကွက်၌ ဈေးကောင်းရရှိတဲ့စပါးမျိုးများ ဖြစ်ကြပါတယ်။ အခြားသက်ကြီးအုပ်စုဝင် စပါးမျိုးများဖြစ်တဲ့ငစိန်၊ လက်ရုံးကြီး၊ အဏ္ဏဝါဗိုလ်၊ ကမာကြည်စတဲ့ စပါးမျိုးများဟာ ပေါ်ဆန်းအုပ်စုဝင်စပါးများထက် စားသုံးမှုအရည်အသွေးကောင်းမှု လျော့နည်းတဲ့အတွက် မုန့်လုပ်ငန်းများနဲ့ အခြားလုပ်ငန်းများမှာ အသုံးများလာသဖြင့် ဈေးကွက်ရှိလာပါတယ်။ ပေါ်ဆန်းကဲ့သို့သော အဆင့်မြင့်စပါးမျိုးများကို ဈေးနှုန်းကြီးကြီးမားမားမမြင့်သော်လည်း အခြားဧည့်မထစပါးများဖြစ်တဲ့ မနောသုခ၊ ဆင်းသုခ စတဲ့စပါးများနဲ့ နှိုင်းယှဉ်လျှင် ဈေးနှုန်းဟာ ပိုမိုရရှိလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ သို့ရာတွင် စပါးဈေးနှုန်းမှာ စပါးအမျိုးအစားကိုလိုက်ပြီး အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှု ဖြစ်ပေါ်သကဲ့သို့ ဝယ်လိုအားပေါ်မှာ မူတည်ပြီးလည်း ဈေးနှုန်းပြောင်းလဲမှုရှိပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ဦးဆောင်ပြီး ဆန်ကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်းတို့မှ ပြည်တွင်းပြည်ပ ဆန်ရောင်းဝယ်မှုလုပ်ငန်းများကို ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ ပါဝင်ဆောင်ရွက်လျက်ရှိကြရာမှာ ဆန်ပြည်ပတင်ပို့ရောင်းချမှုမှာ သက်ကြီးစပါးမျိုး များဖြစ်တဲ့ စားသုံးမှုအရည်အသွေးကောင်းမွန်တဲ့ ပေါ်ဆန်းအုပ်စုဆန်များ ဈေးကွက်ရှာဖွေတင်ပို့နိုင် ရေး၊ ဈေးနှုန်းရရှိရေးတို့ကို မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းချုပ်မှ ဦးဆောင်ညှိနှိုင်းဆောင်ရွက် လျက်ရှိပါတယ်။ ၎င်းအပြင် အရန်ဆန်များကိုလည်း လယ်သမားများ နစ်နာမှုမရှိစေရန် ဒေသအလိုက် ဝယ်ယူလျက်ရှိပါတယ်။
ထိုသို့ အရည်အသွေးကောင်းဆန်များကို ဈေးကွက်လိုအပ်ချက်နဲ့အညီ တင်ပို့ရောင်းချနိုင် ရေးအတွက် မျိုးကောင်းမျိုးသန့် သက်ကြီးအုပ်စုစပါးမျိုးများကိုလည်း ဒေသအလိုက် မျိုးသန့်ဇုန်များ တည်ထောင်ပြီး စိုက်ပျိုးဆောင်ရွက်သွားနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဟာ လယ်ယာထွက်ကုန်သီးနှံများ ဈေးကောင်းရရှိရေးနှင့် တွက်ခြေကိုက်ရေး တို့အတွက်ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိရာမှာ ဈေးကွက်မှာ ဆန်ကောင်းမှ ဈေးကောင်း ရရှိနိုင်သည်ဟူသော ဆောင်ပုဒ်ကို အလေးထားလျက်ရှိပါတယ်။ သို့ဖြစ်ရာ သက်ကြီးစပါးအပါအဝင် စပါးသီးနှံများအားလုံးနှင့် အခြားသီးနှံများကို အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးနိုင်ရေး၊ သိပံ်ပနည်းကျစိုက်ပျိုး နည်းစနစ်များဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနဲ့ လေလွင့်ဆုံးရှုံးမှုများ သက်သာစေရေး၊ အရည်အသွေးမြင့်မားရေးအတွက် ရိတ်သိမ်းချိန်လွန်နည်းပညာများ အသုံးပြုထုတ်လုပ်ရေး၊ အရည်အသွေးမြင့်ဆန်များ ကြိတ်ခွဲထုတ်လုပ် နိုင်ရေးတို့အတွက် ခေတ်မီဆန်စက်ကြီးများ တည်ထောင်ကြိတ်ခွဲနိုင်ရေးတို့ကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိက အခန်းကဏ္ဍမှ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးမှသည် အရည်အသွေးမီ ကုန်ချောများ ထုတ်လုပ် သည်ထိ လုပ်ငန်းစဉ်အဆင့်ဆင့်အားလုံးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးကိုလည်း တိုက်တွန်း အားပေး ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
