ကျွန်မမဲဆန္ဒနယ်ဖြစ်သော ထန်တလန်မြို့သည် မြို့တစ်မြို့ဖြစ်ပါလျက် အင်ဂျင်စက်ငယ်ကလေးကို အမှီပြုပြီး မီးရရှိခဲ့ ပါတယ်ရှင်။ မီးရရှိမှုအွခေအနေမှာ ရပ်ကွက်သုံးရပ်ကွက်ဖြင့် ခွဲတမ်းချပြီး တစ်ပတ်လျှင် နှစ်ည၊ သုံးညသာရရှိပြီး ည ၆ နာရီမှ ၈ နာရီခွဲအထိပဲ ရရှိတာဖြစ်ပါတယ်ရှင်။ ကြားကာလမှာ စက်အင်ဂျင်ငယ်မို့လို့ ချို့ယွင်းချက်များ၊ ဓာတ်ဆီမလုံလောက်မှုများသဖြင့် မပေးနိုင်တဲ့ ညများလည်း များပြားလှပါတယ်ရှင်။ သို့ဖြစ်ပါ၍ အထူးသဖြင့် ပြည်သူ့စက်ရုံများ၊ ကျောင်းသူ ကျောင်းသားများဟာ အင်မတန်မှ ပြဿနာ အခက်အခဲများ ကြုံတွေ့ခဲ့ပါတယ်။ လူငယ်လူရွယ်များ တိုးတက်ဖွံ့ဖြိုးမှုဟာလည်း အရမ်းခက်ခဲလှပါ တယ်။ ခေတ်နဲ့လည်း မညီတော့ပါ။ သို့ဖြစ်ပါ၍ ထန်တလန်မြို့ကို ၂၄ နာရီ မီးရရှိနိုင်ရန် အကြံပြု လိုပါတယ်။ (၁)လောလောဆယ်အနေနဲ့ ယခုလက်ရှိအသုံးပြုသော အင်ဂျင်ငယ် ၃၁၅ ကေဗွီအေကို အင်ဂျင်ကြီး ၅၀၀ ကေဗွီအေဖြင့် လဲလှယ်ပေးရန်။ (၂) နှစ်စဉ်ရေရှည်စီမံကိန်းအတွက် ဗဟိုမှဆက် သော နေပြည်တော်လိုမျိုး မဟာဓာတ်အားလိုင်းများ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းပါသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် မီးသုံးသူ ၇၄၂ ဦးရှိပြီးတော့ နေ့စဉ်ဓာတ်အားသုံးစွဲမှုမှာ ၂၁၀ ကီလိုဝပ်နာရီခန့် ရှိပါတယ်။ ထန်တလန်မြို့ကို လိုင်ဗားရေအားလျှပ်စစ်စက်ရုံနှင့် ဌာနပိုင် ၃၀၀ ကေဗွီအေ မီးစက်များ ဖြင့် ဓာတ်အားပေးလျက်ရှိပါတယ်။ လိုင်ဗားရေအားလျှပ်စစ်စက်ရုံ ၃၀၀ ကီလိုဝပ်စက်နှစ်လုံးမှ ဟားခါးမြို့နှင့် ထန်တလန်မြို့များကို ၃ ရက်တွင် တစ်ည (ည ၁၈း၀၀ နာရီ မှ ၂၃း၀၀ နာရီအထိ) ငါးနာရီဓာတ်အားပေးထားပါတယ်။ လိုင်ဗားရေအားလျှပ်စစ်စက်ရုံမှ မီးပိတ်သောနှစ်ညကို ထန်တလန်မြို့ပေါ်သို့ ၃၀၀ ကေဗွီအေမီးစက်ဖြင့် (ည ၁၈း၀၀ နာရီမှ ၂၀း၀၀ နာရီအထိ) ၂ နာရီခွဲကြာ မီးပေးလျက်ရှိပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ဒီဇယ်ဓာတ်အားပေးစက်များအတွက် စက်သုံးဆီ ကို ကျခံသုံးစွဲနိုင်သောဘဏ္ဍာငွေအရ မီးပေးချိန်နှစ်နာရီစာတွက်ချက်ပြီး ဘဏ္ဍာရေးနှစ်အလိုက် စွမ်းအင်ဝန်ကြီးဌာနကို တောင်းခံပေးရပါတယ်။ စွမ်းအင်ဝန်ကြီးဌာနက စက်သုံးဆီရရှိမှုပေါ်မူတည် ပြီး ဒီဇယ်စက်မြို့များကို လစဉ်ပြန်လည်ခွဲဝေသတ်မှတ်ပြီး ဖြစ်ပါတယ်။ ထန်တလန်မြို့ရဲ့လက်ရှိ စက်သုံးဆီရရှိမှုဟာ တစ်လလျှင် ဂါလံ ၆၀၀ ဖြစ်ပါတယ်။ ဒီဇယ်မီးစက်များဖြင့် ဓာတ်အားပေးထား သောမြို့များအတွက် ဓာတ်အားပေးချိန်နှစ်နာရီကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပံ့ပိုးပေးသော ဒီဇယ်ဆီဖြင့် ဓာတ်အားဖြန့်ဖြူးပေးသည့်အတွက် တစ်ယူနစ်ကို ၃၅ ကျပ်၊ စက်မှုနှုန်း ၇၅ ကျပ်တို့ဖြင့် သာ ကောက်ခံပေးပါတယ်။ မီးပေးချိန်နှစ်နာရီထက် ပိုမိုရရှိလိုပါက လတ်တလောအခြေအနေမှာ ထပ်မံလိုအပ်တဲ့ စက်သုံးဆီကို ဒေသအာဏာပိုင်နဲ့ မြို့မီးပေးချိန်တိုးမြှင့်ရေးအဖွဲ့တို့က ဖြည့်ဆည်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျော-ဂန့်ဂေါမှ ဟားခါးမြို့ကို ၆၆ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ခြင်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ လျာထားပြီးဖြစ်ပါတယ်။ ဟားခါးမြို့ကို ဓာတ်အားစနစ်မှ ဓာတ်အားပေးပြီးလို့ရှိရင် ထန်တလန်မြို့သို့ ဓာတ်အားစနစ်နဲ့ ဓာတ်အားပေးနိုင်ရေး ကိစ္စအား ဆက်လက်တိုင်းတာပြီးတော့မှ လျာထားနိုင်ရန်အတွက် စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ လက်ရှိ ၃၁၅ ကေဗွီအေမှ ၅၀၀ ကေဗွီအေဓာတ်အားပေးစက် ပြောင်းလဲတပ်ဆင်ဖို့ကိစ္စကတော့ လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။
