ပြီးခဲ့တဲ့ လပိုင်းအတွင်းက သီပေါမြို့နယ် နမ့်လန်ကျေးရွာရှိ ခလရ (၂၄၃) တပ်ရင်း၏ လက်နက်ဂိုဒေါင်မှ လက်နက်ခဲယမ်းမီးကျောက်များ ထော်လာဂျီတစ်စီးတိုက် စာမျှ ဖောက်ထွင်းခိုးယူခြင်းခံရသည်ဟု ကြားသိရပါတယ်။ အဆိုပါ ဖောက်ထွင်းခိုးယူသူကို ဖမ်းဆီးရမိ သော်လည်း နောက်ပိုင်းတွင် ထွက်ပြေးလွတ်မြောက်သွားသူမှာ တပ်ရင်း(၂၄၃)မှ တပ်ကြပ်ကြီးတင်စိုး ဆိုသူဖြစ်ပြီး မူးယစ်ဆေးစွဲနေသူတစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။ ၎င်းတို့သုံးစွဲတဲ့ စိတ်ကြွမူးယစ် ဆေးဝါးများကို နမ့်လန်ကျေးရွာအတွင်းတွင်ပင် ချက်လုပ်နေသည်ဟုသိရပြီး အဆိုပါ ထုတ်လုပ်ရောင်း ချသူမှာ ယခုအခါ ထွက်ပြေးသွားပြီဟုဆိုပါတယ်။ လွန်ခဲ့တဲ့ လပိုင်းအတွင်းကလည်း သီပေါမြို့လယ် လမ်းပေါ်မှာ မူးယစ်ဆေးစွဲသူတစ်ဦးမောင်းနှင်တဲ့ ကာစတန်တောင်းအေ့စ် ယာဉ်တစ်စီးက လူ ၇ ဦးကို တစ်ဆက်တည်းတိုက်ခိုက်ထွက်ပြေးကာ ချောက်ထဲကျတိမ်းမှောက်မှုဖြစ်ပွားသဖြင့် ကျောင်းသားလေး ၂ ဦးအပါအဝင် လူ ၃ ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ပါတယ်။ ပြည်သူများရဲ့ တိုင်တန်းသတင်းပေးပို့ ချက်အရ သိရှိရတာကတော့ သီပေါမြို့ ရဲစခန်းရဲ့ွမောက်ဘက် ကျောင်းစုကျေးရွာနှင့် နားဖုံကျေးရွာ အကြား ဘုရားကြိုဘုရားကြားများတွင် မူးယစ်ဆေးဝါးများကို ရောင်းဝယ်ဖောက်ကားသုံးစွဲနေကြ သည်မှာ ပွဲခင်းတမျှစည်ကားလှတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးကိစ္စကိုနှိမ်နင်းဖို့ လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ တိုင်ပင်ပြီး ဖမ်းဆီးမှုများကို ပြုလုပ်ခဲ့သော်လည်း ငြိမ်သက် မသွားဘဲ အရောင်းအဝယ်မပျက် ဆက်လက်ရှိနေကြောင်း ပြည်သူလူထုက သတင်းပေးလာကြ ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့အနေနဲ့လည်း မူးယစ်ဆေးဝါးချက်လုပ်ပြီး လက်ကားရောင်းချနေသူများမှာ တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်စပ်နေသူများဖြစ်ကြောင်း တွေ့ရှိရသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲမှုပပျောက်ရေးကိစ္စမှာ ၎င်းတို့ ရဲတပ်ဖွဲ့တစ်ဖွဲ့တည်းဖြင့် မနိုင်နင်းတော့ကြောင်း ပြည်သူလူထုအား ဝန်ခံအသိပေးထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကိစ္စဟာ ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းများနှင့်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့်လည်းကောင်း တိုင်ပင်ပြီး ဝိုင်းဝန်းနှိမ်နင်းကြမှသာ အောင်မြင်လိမ့်မယ်လို့ယူဆမိပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးအရေးယူပြီး ပြန်လည်ပြုပြင်ရေးစခန်းများတွင် ဆေးဖြတ် တောက်ရန် စီမံဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းများ ကို အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်မလာနိုင်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘိန်း စိုက်ပျိုးမှုပပျောက်စေရန်စီမံဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ ဖော်ထုတ် အရေးယူရာမှာ ပြည်သူလူထုကပါ ပူးပေါင်းပါဝင်လာစေရေးအတွက် လူထုလှုပ်ရှားမှုများ ပြုလုပ်ပြီး ဆုပေး၊ ဒဏ်ပေးစနစ်များ ပေါင်းစပ်ကျင့်သုံးသင့်တယ်လို့ ယူဆမိပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော်တို့ ရှမ်းပြည်နယ်ွမောက်ပိုင်းအပါအဝင် တစ်နိုင်ငံလုံးမှ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနေမှုများ နှိမ်နင်းပပျောက်ရေးကိစ္စ မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် မဟာဗျူဟာ ၂ ရပ်ကို ချမှတ်ပြီး နည်းဗျူဟာ ၃ ရပ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ၁၉၉၉-၂၀၀၀ ခုနှစ်မှ စတင်ဆောင်ရွက်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်အထိ ၅ နှစ်စီ ၃ ပိုင်းခွဲ ဆောင်ရွက်ခဲ့ရာမှာ ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ စီမံကိန်းကာလကုန်ဆုံးမှာဖြစ်ပါတယ်။ ၁၅ နှစ်စီမံကိန်းဆောင်ရွက်ရာမှာ ပထမ ၅ နှစ်စီမံကိန်းကို ရှမ်းပြည်နယ်မှာ ၂၂ မြို့နယ်၊ ဒုတိယ ၅ နှစ်စီမံကိန်းကို ရှမ်းပြည်နယ်နဲ့ ကချင် ပြည်နယ်တို့မှာ ၂၀ မြို့နယ်နဲ့ တတိယ ၅ နှစ်စီမံကိန်းကို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၉ မြို့နယ်၊ စုစုပေါင်း ၅၁ မြို့နယ်မှာ ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မူးယစ်ဗဟိုအဖွဲ့ အစည်း အဝေး (၂/၂၀၁၂) မှ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို နောက်ထပ် ၅ နှစ်တိုးမြှင့်ပြီး ၂၀၁၄-၂၀၁၅ မှ ၂၀၁၈-၂၀၁၉ အထိ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်များ ချမှတ် ပြီးတော့ စီမံကိန်းလုပ်ငန်းများကို ပိုမိုမြန်ဆန်ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် မူးယစ် ဗဟိုအဖွဲ့အောက်မှာ တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည် ဖော်ရေးအဖွဲ့၊ သီးနှံအစားထိုးစိုက်ပျိုးရေးအဖွဲ့၊ မွေးမြူရေးအဖွဲ့၊ ဆေးကုသရေးအဖွဲ့၊ ပြန်လည် ထူထောင်ရေးအဖွဲ့၊ ကျောင်းသားလူငယ်များအား အသိပညာပေးရေးအဖွဲ့၊ ပြည်သူများအား ပညာပေး လှုံ့ဆော်ရေးအဖွဲ့၊ နိုင်ငံတကာဆက်ဆံရေးအဖွဲ့နှင့် ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ ဆိုပြီး တူညီတဲ့ကဏ္ဍအလိုက် ပေါင်းစပ်ပြီးတော့ လုပ်ငန်းအဖွဲ့ ၁၀ ဖွဲ့နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။
ရှမ်းပြည်နယ်မွောက်ပိုင်းမှာ လားရှိုးမူးယစ်(အထူး) အဖွဲ့၊ မူဆယ်မူးယစ်(အထူး) အဖွဲ့၊ ကွမ်းလုံ မူးယစ်(အထူး)အဖွဲ့နဲ့ တန့်ယန်းမူးယစ်(အထူး) အဖွဲ့များ ဖွဲ့စည်းထားရှိပြီး ၂၀၁၁ ခုနှစ်အတွင်းမှာ မူးယစ်အမှုပေါင်း ၆၃၆ မှုနဲ့ တရားခံကျား ၇၀၉ ဦး၊ မ ၁၆၉ ဦး၊ စုစုပေါင်း ၈၇၈ ဦး၊ ၂၀၁၂ ခုနှစ် အတွင်းမှာ မူးယစ်အမှုပေါင်း ၉၁၅ မှုနဲ့ တရားခံကျား ၉၉၆ ဦး၊ မ ၁၈၀ ဦး၊ စုစုပေါင်း ၁၁၇၆ ဦး ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ပါတယ်။ စိတ်ကြွရူးသွပ်ဆေးပြားသိမ်းဆည်းရမိမှုအနေနဲ့ ၂၀၁၁ ခုနှစ် အတွင်းမှာ အမှုပေါင်း ၂၁၂ မှုမှာ ဆေးပြားပေါင်း ၄၁၀၀၇၄၈ ပြားနဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ အမှုပေါင်း ၂၉၆ မှုပါဝင်ပြီး ဆေးပြားပေါင်း ၁၉၀၁၉၃၂ ပြားတို့ကို သိမ်းဆည်းအရေးယူနိုင်ခဲ့ပါတယ်။
သီပေါမြို့နယ်အတွင်းမှာပဲ ၂၀၁၁ ခုနှစ်မှာ မူးယစ်ဆေးဝါးအမှုပေါင်း ၂၈ မှု၊ တရားခံကျား ၃၅ ဦးနှင့် မ ၇ ဦး၊ စုစုပေါင်း ၄၂ ဦး၊ ၂၀၁၂ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါးအမှုပေါင်း ၆၄ မှု၊ တရားခံ ကျား ၆၉ ဦး၊ မ ၁၀ ဦး၊ စုစုပေါင်း ၇၉ ဦးဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ပါတယ်။ မေးခွန်းမှာပါတဲ့ ဖြစ်စဉ်များနဲ့ပတ်သက်လို့ စိစစ်တဲ့အခါမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ အမှတ်(၂၄၃) ခြေလျင်တပ်ရင်းရဲ့ လက်နက်ဂိုဒေါင်မှ လက်နက်ခဲယမ်းမီးကျောက်များ ဖောက်ထွင်း ခိုးယူခံရခြင်း ဖြစ်စဉ်နဲ့ပတ်သက်လို့ ဖြစ်စဉ်အမှန်က စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း စစ်ဆေးချက်အရ တပ်ကြပ်ကြီးတင်စိုးမှာ လောင်းကစားမှုပြုလုပ်ကြောင်းသာ စုံစမ်းသိရှိခဲ့ရပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်း နှင့် ပတ်သက်လို့ စစ်ဆေးပေါ်ပေါက်ခြင်းမရှိကြောင်းနဲ့ နမ့်လန်ရဲစခန်းမှာရှိတဲ့ မှတ်တမ်းများအရ မူးယစ်ဆေးဝါးသုံးစွဲသူအဖြစ် မှတ်တမ်းတင်ခြင်းမရှိကြောင်း၊ သီပေါမြို့ပေါ်မှာ မူးယစ်ဆေးစွဲသူတစ်ဦး မောင်းနှင်တဲ့ ၈ဈ/၃၇၉၁ စူပါကာစတန် ခဲရောင်ယာဉ်တစ်စီးက လူ ၇ ဦး တစ်ဆက်တည်း တိုက်မိ ထွက်ပြေးပြီး ချောက်ထဲကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့လို့ ကျောင်းသား ၂ ဦးအပါအဝင် လူ ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းဖြစ်စဉ်နဲ့ပတ်သက်လို့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့ နေ့လယ် ၁၂း၄၅ အချိန်မှာ ကျော်ဝင်း(ဘ)ဦးစံကျော်၊ ဆောင်ကြဲကျေးရွာ၊ သီပေါမြို့နယ်နေသူ မောင်းနှင်တဲ့ ယာဉ်ကနေ လူ ၅ ဦးကိုတိုက်မိပြီး ချောက်ထဲတိမ်းမှောက်ခဲ့ကြောင်း၊ တိုက်မိသူများ အနက် သီပေါမြို့ အ.ထ.က(၂) ကိုဆိုင်ကယ်ဖြင့် ကျောင်းတက်ဖို့လာတဲ့ တုံဆင့်ကျေးရွာမှ စိုင်းမျိုးကျော်ပါ ၂ ဦး သေဆုံးခဲ့ကြောင်း၊ ယာဉ်မောင်းသူ ကျော်ဝင်းနှင့် တင်မောင်ဝင်းတို့ပါ ၃ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိမ်းမှောက်သွားတဲ့ မော်တော်ယာဉ်အတွင်း သက်သေများနှင့်အတူ ရှာဖွေခဲ့ရာမှာ ယာဉ်ရဲ့ဝဲဘက် နောက်ထိုင်ခုံဘေးမှာရှိတဲ့ ဆေးလိပ်ပြာခံခွက်အတွင်းက ပလပ်စတစ် အဖြူရောင်အိတ်အသေးနဲ့ ထည့်ထားတဲ့ ဘိန်းဖြူလို့ယူဆရတဲ့ အဖြူရောင်အမှုန့် အလေးချိန် ဝ.၂၇၂၂ ဂရမ်ခန့်ပါတဲ့ ပင်နယ်စလင်ပုလင်း တစ်ပုလင်းကို ရှာဖွေတွေ့ရှိပြီး ယာဉ်မောင်းကျော်ဝင်းရဲ့ ပစ္စည်း ဖြစ်ကြောင်း သိရှိရတဲ့အတွက် သီပေါရဲစခန်းကနေ (ပ) ၁၆၈/၁၂၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၉၊ ၃၃၈၊ ၃၀၄(က)၊ ၂၀၂ နဲ့ မူးယစ်ပုဒ်မ ၄၉/၂၀၁၂၊ မူး/စိတ် ၁၅/၁၆(ဂ) အရ အမှုဖွင့် အရေးယူဆောင်ရွက် ခဲ့ပြီး သီပေါမြို့နယ် တရားရုံးသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ တရားစွဲဆိုတင်ပို့ခဲ့ကြောင်း၊ အမှုမှ တရားခံဖြစ်သူကျော်ဝင်းကို သီပေါမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးစစ်ချက် မှတ်တမ်းရယူရာမှာ ၎င်းဆီက အရက်နံ့များရကြောင်း၊ မျက်လုံးနှစ်ဖက် နီရဲနေပြီး အရက်သောက် ထားကြောင်းနှင့် သူ့ရဲ့ ဆီးနမူနာကို ဓာတုဗေဒစစ်ဆေးရေးဌာနသို့ ပို့ဆောင်စစ်ဆေးချက်အရ မော်ဖိန်း ပါရှိကြောင်းသိရှိရတဲ့အတွက် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ သီပေါမြို့ ရဲစခန်းရဲ့ မြောက်ဘက် ကျောင်းစုကျေးရွာနဲ့ နားဖုံကျေးရွာအကြား ဘုရားကြိုဘုရားကြားမှာ မူးယစ်ဆေးဝါး များကို ရောင်းဝယ်ဖောက်ကားသုံးစွဲနေတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီးပြီး စခန်းမှူးနှင့်အဖွဲ့၊ မူးယစ်အထူးအဖွဲ့တို့က ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ သတင်းအတည်ပြုချက် ရယူခဲ့ကြောင်း၊ သတင်းအတည်ပြုချက်အရ အဲ့ဒီနေရာမှာမရှိဘဲ ရွာသစ် အုပ်စု၊ ကျောင်းစုကျေးရွာ သင်္ချိုင်းကုန်းအနီးမှာဖြစ်ကြောင်း သိရတဲ့အတွက် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ တရားခံ ၁၀ ဦးကို မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိခဲ့လို့ သီပေါရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဥပဒေဖြင့် အသီးသီးအမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ သီပေါမြို့နယ်ရဲတပ်ဖွဲ့က လားရှိုးမူးယစ် အထူးအဖွဲ့နှင့်အတူ မိဘပြည်သူများရဲ့ ပူးပေါင်းကူညီ သတင်းပေးချက်များအရ မူးယစ်ဆေးဝါး တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာမှာ မြို့နယ်ရဲတပ်ဖွဲ့တစ်ခုတည်းဖြင့် မနှိမ်နင်းနိုင် တော့ကြောင်းဆိုတာ ပြည်သူလူထုကို အသိပေးထားခြင်းမရှိကြောင်း စသည်ဖြင့် စိစစ်သိရှိရပါတယ်။
မူးယစ်ဆေးဝါးစိုက်ပျိုးပပျောက်မှုအတွက် မူးယစ်ဗဟိုအဖွဲ့က နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်တဲ့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (United Nations Office on Drugs and Crime- UNODC)တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် (China National Narcotics Control Commission NNCC)၊ အမေရိကန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့ (Drug Enforcement Administration-DEA) တို့နဲ့ပူးပေါင်းပြီးတော့ ဘိန်းစိုက်ပျိုး တဲ့ဒေသများမှာ တရားမဝင်ဘိန်းစိုက်ပျိုးမှုတိုင်းတာခြင်း၊ ကွင်းဆင်းစစ်ဆေးရှာဖွေ ဖျက်ဆီးခြင်း၊ လူမှုစီးပွားစစ်တမ်းများကောက်ယူခြင်း၊ နှစ်စဉ်အစီရင်ခံစာများထုတ်ပြန်ခြင်း၊ ဘိန်းခင်းတိုင်းတာရေး လုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ၂၀၁၃ ခုနှစ်မှာ ဘိန်းခင်းတိုင်းတာရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ ကျွမ်းကျင်သူများနဲ့ ညှိနှိုင်းဆွေးနွေးခဲ့ခြင်း စတဲ့လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် မူးယစ်ဗဟိုအဖွဲ့နှင့် UNODC ပူးပေါင်းပြီး ရှမ်းပြည်နယ်တစ်ခုလုံး အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ဒေသခံအာဏာပိုင်များ၊ တိုင်းရင်းသားအဖွဲ့အစည်း များ၊ ပြည်သူလူထုများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)နဲ့လည်း တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ကျန်တိုင်းရင်းသားအဖွဲ့ အစည်းများနဲ့လည်း တွေ့ဆုံဆွေးနွေးမှုများကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအကူအညီများ နဲ့ ရန်ပုံငွေရရှိရေးကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ မူးယစ်ဗဟိုအဖွဲ့အောက်မှာရှိတဲ့ တားဆီး နှိမ်နင်းရေးအဖွဲ့များက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၁၁ ခုနှစ်မှာ အမှုပေါင်း ၂၆၁၇ မှု၊ ဘိန်း ၈၂၈ ကီလို၊ ဘိန်းဖြူ ၄၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၉၄၁၈၈ ပြား၊ ဆူဒိုအက်ဖီဒရင်း ဆေးပြား ၁၁၀၀၄၈၇၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက် ၂ ခု၊ ၂၀၁၂ ခုနှစ်အတွင်းမှာ အမှုပေါင်း ၄၀၀၆ မှု၊ ဘိန်း ၁၄၇၀ ကီလို၊ ဘိန်းဖြူ ၃၃၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၁၆၂၀၅၂ ပြား၊ ဆူဒိုအက်ဖီဒရင်းဆေးပြား ၄၇၇၄၂၀၇၅ ပြား၊ ဆေးပြားရိုက်စက် ၇ ခုတို့ကို အရှိန်အဟုန်မြှင့် ဖမ်းဆီးနိုင်ခဲ့ပါတယ်။
မူးယစ်ဗဟိုမှာ အထူးအဖွဲ့ ၂၆ ဖွဲ့ဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များ နှင့်ပူးပေါင်းကာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါတယ်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှုကို နှိမ်နင်းပပျောက် ရေးကိစ္စနှင့်ပတ်သက်လို့ မူးယစ်ဗဟိုရုံးနှင့် မူးယစ်ဆေးဝါးပပျောက်ရေးဌာနက မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက်များရေးဆွဲပြီး မြို့နယ်များကို ဦးစားပေးအဆင့်များသတ်မှတ် ၍ မူးယစ်အထူးအဖွဲ့များနှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ပြည်သူလူထုပါဝင်တဲ့ တားဆီးနှိမ်နင်း ရေးလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
