(ဇ)-၂၀၁၃ ခုနှစ်၊ မိုးစပါးချေးငွေများ ထုတ်ချေးရာတွင် ၂၀၁၂ ခုနှစ်၊ ချေးယူထားငွေများအတွက် စိစစ်ကာ ဆပ်/ချေး စနစ်ဖြင့် ထုတ်ချေးပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁.၂.၂၀၁၃)

၂၀၁၂ ခုနှစ် မိုးစပါးစိုက်ရာသီမှာ နိုင်ငံတော်ကနေ ပြီးတော့ မိုးစပါးအတွက်စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးခဲ့ပါတယ်။ မိုးနှောင်းကာလမှာ ရာသီဥတုမမှန်တဲ့အတွက်ကြောင့်မို့လို့ အောင်ရေမရရှိဘဲနဲ့ စပါးအထွက်နှုန်းဟာ ကျဆင်းခဲ့ရပါတယ်။ အချို့လယ်များဆိုလို့ရှိရင် တစ်ဧကကို အလွန်ဆုံး ၂၀ တင်းလောက်ပဲထွက်ပြီးတော့ တချို့လယ်ဆိုလို့ ရှိရင် နွားစာလောက်ပဲရိတ်ရတဲ့သဘောမှာရှိပါတယ်။ စိုက်ပျိုးစရိတ်ငွေများကို ပြန်လည်ပေးဆပ်ရန် လယ်သမားတွေမှာ အခက်အခဲရှိနေတာကိုလည်းတွေ့ရပါတယ်။ ဒီလယ်တွေဟာ မိုးတစ်သီးသာ စိုက်ပျိုးနိုင်တဲ့လယ်တွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ချေးငွေကို ပြန်လည်ပေးဆပ်ရေးမှာ များစွာ အခက်အခဲကြုံတွေ့နေရတာကို တောင်သူများနဲ့တွေ့ရှိတဲ့အခါမှာ တင်ပြလာတာကို သိခဲ့ရပါတယ်။ ဒီလိုအတွေ့အကြုံမျိုးကိုလည်းပဲ ဥက္ကဋ္ဌကြီး နယ်ဆင်းတဲ့အခါမှာလည်း တွေ့ရှိခဲ့ရကြောင်းကြားသိခဲ့ရ ပါတယ်။ သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာလည်း ပါပါတယ်။ ကျွန်တော်တို့ တစ်မြို့နယ်တည်းတင် မဟုတ်ပါဘူး။ ပြည်မြို့နယ်၊ သဲကုန်းမြို့နယ် ကျွန်တော်တို့နှင့် နီးစပ်နေတဲ့ မြို့နယ်တွေမှာ ဒီလိုပဲ အခက် အခဲတွေရှိနေတယ်ဆိုတာကို တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ တောင်သူများရဲ့ကိုယ်စား တင်ပြမေးမြန်းလို တာကတော့ လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲများ အဆင်ပြေစေရေးအတွက် ၂၀၁၃ ခုနှစ် မိုးစပါး ချေးငွေများကို ထုတ်ချေးရာတွင် ၂၀၁၂ ခုနှစ်က ချေးယူထားသော ချေးငွေများအတွက် စိစစ်ကာ ဆပ်/ချေးစနစ်ဖြင့် ထုတ်ချေးဆောင်ရွက်ပေးနိုင်ခြင်းရှိ၊မရှိ သို့မဟုတ်ပါက တောင်သူလယ်သမား များရဲ့အခက်အခဲများကို အခြားဖြေလျှော့မှုများနှင့် ကူညီဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

အလားတူမေးခွန်းနဲ့ ပတ်သက်ပြီးတော့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဝင်း၏မေးခွန်းကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဖြေကြားခဲ့ပြီးဖြစ်ပါတယ်။ ယခု ပိုမိုနားလည် သဘောပေါက်စေရန်အတွက် ထပ်မံရှင်းလင်းဖြေကြားပါမယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ မိုးစပါးချေးငွေများမှာ နှစ်ချင်းဆပ်ချေးငွေများဖြစ်၍ ရာသီအလိုက်သတ်မှတ်သည့်ကာလတွင် ပြန်လည်ပေးဆပ်ရပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ မတည်ရင်းနှီးငွေတစ်ခုတည်းဖြင့် ငွေချေးရန် မလုံလောက်သောကြောင့် နှစ်စဉ်နှစ်တိုင်းလိုပင် မြန်မာ့စီးပွားရေးဘဏ်မှ အတိုးဖြင့် ငွေချေးယူပြီး တောင်သူလယ်သမားများသို့တစ်ဆင့် ပြန်လည်ထုတ်ချေးပေးနေခြင်းဖြစ်ပါတယ်။ ထိုချေးယူငွေများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာ့စီးပွားရေးဘဏ်သို့ သုံးလပတ်တစ်ကြိမ် အတိုးပေးသွင်းရပါတယ်။ တောင်သူလယ်သမားများထံမှ ၂၀၁၂ ခုမိုးချေးငွေများ အပြည့်အဝပြန်လည် ကောက်ခံရရှိမှသာလျှင် မြန်မာ့စီးပွားရေးဘဏ်သို့ ငွေရင်းနှင့်တကွ ကျသင့် သောအတိုးကို အချိန်မီ ပြန်လည်ပေးဆပ်နိုင်မည် ဖြစ်ပါတယ်။ မြန်မာ့စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဘဏ် ၁၉၉၁ နည်းဥပဒေ အခန်း(၆) ပုဒ်မ ၂၉ အရ ဘဏ်ကထုတ်ချေးပေးသော မည်သည့်ချေးငွေ မျိုးကိုမဆို ချေးယူသူက အချိန်မှန်မှန်ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျှင် ဘဏ်သည် ယင်းပျက်ကွက်သူအား ချေးငွေသစ်များ ထုတ်ပေးခြင်းကို ရပ်ဆိုင်းထားရမည်ဟု ဖော်ပြပါရှိသဖြင့် နောက်ထပ်ချေးငွေအသစ် ထပ်မံထုတ်ချေးပေးနိုင်ရန်အတွက်မူ ချေးငွေ အဟောင်းကို ပြေကျေအောင် ပြန်လည်ပေးဆပ်ပြီးသည့် ကာလမှသာ စီစဉ်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါတယ်။ ယမန်နှစ်ကလည်း ယခုကဲ့သို့ပင် သီးနှံပျက်စီးမှုများ ရှိခဲ့သော်လည်း လယ်သမားများမှ မိုးစပါးချေးငွေကို ပြေကျေအောင် ပေးဆပ်ပြီးမှသာ ထပ်မံထုတ်ချေးပေးခြင်းဖြစ်ပါတယ်။ အစု အဖွဲ့အလိုက် ဝိုင်းကြီးချုပ်စနစ်ဖြင့် ထုတ်ချေးပေးသဖြင့် တစ်ဦးချင်းပြေကျေရုံသာမက အစုအဖွဲ့အလိုက် ပြေကျေရန်လည်း လိုအပ်ပါ တယ်။ အထူးကိစ္စရပ်အနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ထူးခြားအခြေအနေများအရ အမှန်တကယ် ထူးခြားအခက်အခဲကြုံတွေ့နေရသည့် မြို့နယ်၊ ကျေးရွာအချို့တို့ကို ခြွင်းချက်အနေဖြင့် ယမန်နှစ် နည်းတူ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ ထောက်ခံတင်ပြလာပါက ညှိနှိုင်း ကာလသတ်မှတ်ချက်ဖြင့် နောက်ဆုတ်၍ ပေးဆပ်နိုင်ခွင့်ပြုရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းအား နိုင်ငံအဝန်းဆောင်ရွက် နေရသော ဝန်ဆောင်မှုဖြစ်၍ နိုင်ငံတော်ဘဏ္ဍာငွေများ မဆုံးရှုံးစေရေးနှင့် အချိန်မီပြန်လည်ကောက်ခံရရှိရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်၍ သိရှိနားလည်ပေးနိုင်ပါရန် ရှင်းလင်းဖြေကြားပါသည်။