(စ)ဦးဝင်းကို၊ ဆီဆိုင် မဲဆန္ဒနယ်၏ ဆီဆိုင်မြို့နယ်၊ တရားရုံးဝန်ထမ်း အိမ်ရာများပျက်စီး ယိုယွင်း၍ နေမရဖြစ်နေပါသဖြင့် သင့်လျော်သော အိမ်ရာ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁.၂.၂၀၁၃)

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ သစ်ဆီသို့လျှောက်လှမ်းရာမှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုသော မဏ္ဍိုင်ကြီး ၃ ရပ် ဖိုခနောက်ဒေါက်ညီမှသာ အလျင်အမြန်ရောက်ရှိမည်ဟု ကျွန်တော့်အနေနဲ့ယုံကြည်မိပါတယ်။ မည်သည့်မဏ္ဍိုင်မှာမဆိုပါဝင်နေကြတဲ့ ဝန်ထမ်းများလည်း ဘက်စုံအရည်အချင်းရှိတဲ့လူတော် လူကောင်းဖြစ်ဖို့လည်းလိုပါတယ်။ ဝန်ထမ်းများလည်း အူမတောင့်မှ သီလစောင့်နိုင်မည်ဖြစ်တဲ့အတွက် ဝန်ထမ်းများ လူမှုဘဝပြည့်စုံကြဖို့သည် ကျွန်တော်တို့တစ်တွေတာဝန်များဖြစ်ကြပါတယ်။ သန့်ရှင်း ကောင်းမွန်သည့် ပြည်သူယုံကြည်လေးစားသော အစိုးရဖြစ်ဖို့ ကျွန်တော်တို့ကြိုးစားကြရမှာဖြစ်ပါ တယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင် မြို့နယ်သည် နယ်စွန်နယ်ဖျား မငြိမ်းချမ်းသော ဆိုးကျိုးများကြောင့် မြို့နယ်ဖွံ့ဖြိုးရေးသည် တစ်မှ ပြန်လည်စရမှာဖြစ်ပါတယ်။ ဘက်စုံလိုအပ်ချက်အများအပြားမှတစ်ခုဖြစ်သော မြို့နယ်တရားရုံး ဝန်ထမ်းများအိမ်ရာသည် ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ပံ့ပိုးငွေ ၁၅၀၀၀ ဖြင့် ထရံကာအင်ဖက်မိုး ဆောက်လုပ်ခဲ့သည်ဟု သိရှိရပါတယ်။ အနှစ်နှစ် ဖာထေးပြုပြင်နေလာကြသော်လည်း ယခု မီးဘေး၊ ကျန်းမာရေး မြို့အင်္ဂါရပ်နဲ့မညီသည့်အပြင် ဝန်ထမ်းများစိတ်ဓာတ်ညှိုးနွမ်းနေမရဖြစ်နေပါသဖြင့် ခေတ်နှင့်လျော်ညီသော သင့်တော်သည့် ဆီဆိုင်မြို့နယ်တရားရုံးဝန်ထမ်းများအိမ်ရာ ဆောက်လုပ်ပေး ရန် အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်နည်း။ အစီအစဉ်မရှိပါက အဘယ်ကြောင့်နည်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွန့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကိုတင်ပြတဲ့အတိုင်း ပါပဲ။ ကျွန်တော်တို့ ဆီဆိုင်မြို့နယ် တရားရုံးအတွင်းမှာ အလျား ၃၀ ပေ X အနံ ၂၈ ပေရှိတဲ့ အင်ဖက်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းဝန်ထမ်းအိမ်ရာ အဆောက်အဦကို မြို့နယ်တရားသူကြီး အစဉ်အဆက်နေထိုင် ခဲ့ပါတယ်။ အဲ့ဒီ အဆောက်အဦရဲ့ အမိုးနှင့် ကြမ်းခင်း၊ ဘေးနံရံတို့ဟာ ဆွေးမြေ့နေတဲ့အတွက် ယာယီအစီအစဉ်အနေနဲ့ အမိုးကိုသွပ်မိုးရန်အတွက်လိုအပ်တဲ့ငွေကို မြို့နယ်တရားရုံးကတင်ပြ တောင်းခံခဲ့ပါတယ်။ တင်ပြတောင်းခံတဲ့အတွက် ၀၄-၀၂ အဆောက်အဦပြင်ဆင်ထိန်းသိမ်းစရိတ် ခေါင်းစဉ်အောက်ကနေပြီးတော့ ရန်ပုံငွေကျပ် ၁၂ သိန်းတိတိကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ချုပ် စာရင်းမှာခွဲဝေချထားပေးရန် ရှမ်းပြည်နယ် တရားလွှတ်တော်က စီစဉ်ထားပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာတော့ ဆီဆိုင်မြို့နယ်တရားရုံးဝန်ထမ်းအိမ်ရာအား အလျား ၃၀ ပေ X အနံ ၂၂ ပေ X အမြင့် ၂၄ ပေရှိတဲ့ နှစ်ထပ်အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်းနဲ့ ပြန်လည်ဆောက်နိုင်ရန်အတွက် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်နဲ့ ငွေလုံးငွေရင်းအသုံးစရိတ် အောက်ကနေပြီးတော့ ဖြည့်စွက်ရန်ပုံငွေတောင်းခံထားရန်စီစဉ်ထားပါကြောင်းနှင့် အဆိုပါ အဆောက်အဦကို ရန်ပုံငွေရရှိတဲ့အခါမှာ ဆက်လက်ဆောက်လုပ်ရန်အတွက် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ ။ ။ ဆီဆိုင်မဲဆန္ဒနယ်မှ ဦးဝင်းကိုမေးမြန်းမှုဟာလည်း အင်မတန်ကောင်းပါတယ်။ တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာကော်မတီရဲ့တွေ့ရှိတင်ပြချက်တွေ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့တွေ့ရှိချက်တွေကို မိမိလွှတ်တော်ဥက္ကဋ္ဌထံရောက်ရှိလာတာတွေရှိ ပါတယ်။ တရားရေးဝန်ထမ်းများနေထိုင်တဲ့နေအိမ်၊ အဆောက်အဦနှင့် ရုံးသုံးပစ္စည်းများဟာ အင်မတန်မှချို့တဲ့နေတယ်။ လိုအပ်နေတယ်။ အဲ့ဒီအတိုင်းပဲ သွားရေးလာရေးနှင့် ပတ်သက်ပြီးတော့ တချို့ရှိသင့်တဲ့အဆင့်အတန်းနဲ့လိုက်လျောညီထွေမရှိဘူး။ အဲ့လို ရှိနေခြင်းသည်ပင်လျှင် တရားရေး မဏ္ဍိုင်ကြံ့ခိုင်အောင်ဆောင်ရွက်ဖို့လုပ်တဲ့နေရာမှာ လိုအပ်ချက်တစ်ခုဖြစ်တယ်လို့ ဒီလိုပဲဆွေးနွေး တင်ပြတာတွေလည်းရှိပါတယ်။ ဒါကြောင့် ဦးဝင်းကိုမေးတဲ့မေးခွန်းအပေါ် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ကဖြေသွားတာလည်း ကောင်းပါတယ်။ ဒီနေရာမှာ တကယ်လိုအပ်နေတဲ့ နေအိမ် အဆောက်အဦ၊ ရုံးသုံးပစ္စည်းများနှင့် အခြားလိုအပ်တာများကိုလည်း အလျင်အမြန် ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့လိုပါတယ်။ ဒါကြောင့် ဒီနေ့စီမံကိန်းငွေရေးကြေးရေးများနှင့် လွှတ်တော်ကို တင်ပြလာတဲ့ကိစ္စများမှာ တကယ်လုပ်ပေးသင့်လုပ်ပေးထိုက်တဲ့ကိစ္စများကို စီမံကိန်းထဲမှာမပါတောင်မှ သက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းများအနေနဲ့ စေတနာထားပြီးတော့ ဆောင်ရွက်ပေးဖို့ တိုက်တွန်း လိုပါတယ်။ အဲ့လိုဆောင်ရွက်ပေးမှသာ တရားသူကြီးများ၊ တရားရေးဆိုင်ရာအဖွဲ့အစည်းများရဲ့ ဂုဏ်သိက္ခာ၊ အရပ်စကားနဲ့ပြောရမယ်ဆိုရင် လူရိုသေရှင်ရိုသေဖြစ်ပြီး မိမိတို့လည်း ဒီဂုဏ်သိက္ခာ ပေါ်မူတည်ပြီးတော့ တရားရေးမဏ္ဍိုင်ကြံ့ခိုင်အောင်ဆောင်ရွက်သွားမယ့် အနေအထားရှိကြောင်း လည်း ကျွန်တော့်အနေနဲ့ လွှတ်တော်ကို တင်ပြချင်ပါတယ်။