(ဃ)-၁၉၄၄ ခုနှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့သော သူနာပြုတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်နှင့် ဆေးဘက် ဆိုင်ရာနည်းပညာတက္ကသိုလ်တို့သို့ ယနေ့အထိ တက်ရောက်အောင်မြင်ခဲ့သည့် အရေအတွက်နှင့် ရာထူးတိုးမြှင့်ခန့်ထားမှုနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ (၄.၇.၂၀၁၃)

(က)၁၉၉၄ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့သော သူနာပြုတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်နဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်တို့တွင် ယနေ့အထိ တက်ရောက် အောင်မြင်သောသူအရေအတွက် မည်မျှရှိပါသနည်း။ (ခ) လေးနှစ်တာ တက်ရောက်ခဲ့သော သူနာပြုသိပ္ပံဘွဲ့ရသူများကို သုံးနှစ်တာ တက်ရောက်ခဲ့ရသည့် သူနာပြု ဒီပလိုမှာ အောင်လက်မှတ်ရသူများနှင့် တန်းတူ၊ ရာထူးတူ၊ လစာတူ နှုန်းထားဖြင့် တာဝန်ခန့်ထားသည်မှာ မှန်ပါသလား။ (ဂ) ဆေးဝါးတက္ကသိုလ်နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်နှင့် ဘွဲ့ရသူများကို (၅၉၀၀၀-၁၀၀၀-၆၄၀၀၀)ကျပ်လစာနှုန်းဖြင့် စတင်ခန့်အပ်ခြင်း ခံရပြီးနောက် လုပ်သက်ခုနစ်နှစ် ပြည့်သော အခါ ပြန်တမ်းဝင်အရာရှိလစာနှုန်းဖြင့် ခန့်ထားပေးခြင်သည်မှာ မှန်ပါသလား။ (ဃ) သူနာပြုတက္ကသိုလ်ဆင်း ဘွဲ့ရ နိုင်ငံ့ဝန်ထမ်းများ၊ အခြားဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ နည်းပညာ တန်းတူညီမှုရရှိစေရန် အခြေခံ လစာနှုန်း ပြောင်းလဲသတ်မှတ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိသိလိုပါ သည်။ (င) အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် လစာရာထူးများကို မည်ကဲ့သို့ သတ်မှတ်ပြီး စတင် ဆောင်ရွက်ပါမည်နည်း စသည်ဖြင့် မေးမြန်းသွား ခဲ့ပါသည်။


ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံဦးစီးဌာနအနေဖြင့် ဆေးဝါးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်နှင့် သူနာပြုတက္ကသိုလ်တို့ကို တက္ကသိုလ်များ စတင်ဖွင့်လှစ် သည့် အချိန်မှစ၍ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အမှတ်များဖြင့် လူဦးရေကန့်သတ်ပြီး တက်ရောက်ခွင့်ပြုခဲ့ရာ  ယနေ့အထိ အောြင်မင်ခဲ့သူအရေအတွက် စာရင်းမှာ ဆေးဝါးတက္ကသိုလ်မှ ၂၇၃၇ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်မှ ၂၈၀၆ ဦးနှင့် သူနာပြုတက္ကသိုလ်မှ ၃၀၉၁ ဦး တို့ဖြစ်ပါတယ်။ ပညာသင်နှစ် လေးနှစ်တက်ရောက်ခဲ့သည့် သူနာပြုသိပ္ပံဘွဲ့ရသူများကို ပညာသင်နှစ် သုံးနှစ်တက်ရောက်ခဲ့ရသည့် သူနာပြုဒီပလိုမာ အောင်လက်မှတ်ရသူများနှင့်တန်းတူ ရာထူး၊ လစာတူ (၇၃၀၀၀-၁၀၀၀-၇၈၀၀၀၀)ကျပ်နှုန်းဖြင့် တာဝန်ပေးအပ်ခဲ့ခြင်းမှာ မှန်ပါသည်။ သူနာပြု (Trained Nurse)မှ အထက်တန်းသူနာပြုသို့ ရာထူးတိုးဖြေဆိုခွင့်လျှောက်ထားရာတွင် သူနာပြုသိပ္ပံဘွဲ့(BNSc) ရရှိသူများသည် လုပ်သက်နှစ်နှစ်တွင် လျှောက်ထားခွင်‌့ပြုပြီး သူနာပြုဒီပလိုမာများသည် သုံးနှစ်တွင်မှ လျှောက်ထားခွင့်ပြုပါတယ်။ ဆေးဝါးတက္ကသိုလ်နှင့် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များတွင် ပညာသင်နှစ် လေးနှစ်တက်ရောက်ပညာသင်ကြားခဲ့ပြီး ဘွဲ့ရသူများကို ဖွဲ့စည်းပုံလစ်လပ်မှု ဦးရေအရ ရေးဖြေ/နှုတ်ဖြေစာမေးပွဲများ စစ်ဆေးပြီး သရုပ်ပြရာထူးလစာနှုန်း (၇၉၀၀၀-၁၀၀၀-၈၄၀၀၀) အဖြစ် စတင်ခန့်အပ်၍ ပြန်တမ်းဝင်အရာရှိ လက်ထောက်ကထိကရာထူးလစာနှုန်း (၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀) အဖြစ် ရာထူးတိုးမြှင့်ခန့်ထားပေးခြင်းကို ဆောင်ရွက်ရာတွင် သရုပ်ပြရာထူးလုပ်သက် ခုနစ်နှစ်ပြည့်ရန် လိုအပ်ချက်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ သူနာပြုတက္ကသိုလ်ဆင်း သူနာပြုသိပ္ပံဘွဲ့ရ နိုင်ငံ့ဝန်ထမ်းများအား အ‌ွခေခံလစာနှုန်း ပြောင်းလဲသတ်မှတ်ပေးနိုင်ရန်အတွက် ၂၇-၂-၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကျန်းမာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး၌ ညှိနှိုင်းဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ သို့ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေကိစ္စနှင့် သက်ဆိုင်ပါသဖြင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စများ ရှိနေပါတယ်။ သူနာပြုရာထူးအဆင်‌့ များမှ သူနာပြုသိပ္ပံဘွဲ့မရရှိပါက ဆေးသိပ္ပံပညာဦးစီးဌာနတွင် သင်ကြားရေးဆရာများအဖြစ် ဆောင်ရွက်ခွင့်မရှိပါကြောင်းနှင့် ကျန်းမာရေးဦးစီးဌာနရှိ ရာထူးတိုးမြှင့်ရေးကိစ္စတွင်လည်း ဘွဲ့ရမှတ် အား သီးခြားထည့်သွင်းစဉ်းစားပါသဖြင့် သူနာပြုသိပ္ပံဘွဲ့ရရှိသူများမှာ သူနာပြုဒီပလိုမာရရှိသူများနှင့် ရာထူးတက်လမ်း ကွာခြားမှုရှိပါသည်။ သူနာပြုတက္ကသိုလ်ဘွဲ့ရနိုင်ငံ့ဝန်ထမ်းများ၏ အ‌ွခေခံလစာနှုန်း ပြောင်းလဲသတ်မှတ်ပေးရေးအတွက် သက်ဆိုင်ရာပညာရှင်များနှင့် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်း ဆွေးနွေးရန် လိုအပ်သည့်အပြင် ဘဏ္ဍာငွေကိစ္စပါရှိပါသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း ရန်အတွက်လည်းကောင်း၊ အချိန်ယူဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါသဖြင့် လက်ရှိအချိန်တွင်ဆောင်ရွက် ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြား ပါသည်။