(က)-လုံရုံးအုပ်စု လောက်ဖန်းကျေးရွာအတွက် ကျေးလက် ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန်နှင့် မည်သည်‌့ အချိန်ကာလတွင် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ (၄.၇.၂၀၁၃)

နောင်ချိုမြို့နယ်သည် စုစုပေါင်း ၈ ရွာဖြင့် ဖွဲ့စည်းထားပြီး ၂၅ ခုတင်ဆံ့ဆေးရုံနှင့် ၈ မိုင်ကွာဝေးကြောင်း၊ အိမ်ခြေစုစုပေါင်း ၄၃၅ အိမ်၊ လူဦးရေ စုစုပေါင်း ၂၆၂၆ ဦးနှင့် လောက်ဖန်း ဘိလပ်မြေစက်ရုံမှ  ဝန်ထမ်းမိသားစုဦးရေ ၄၅၀ ကျော်ရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုဖွင့်လှစ်ပေးခြင်းဖြင့် လောက်ဖန်းကျေးရွာအပြင် နီးစပ်ရာကျေးရွာများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်မှာဖြစ်ပါ၍  လုံရုံးအုပ်စု လောက်ဖန်း ကျေးရွာ အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဖွင့်လှစ် ပေးမည်ဆိုပါက မည်သည့် အချိန်ကာလတွင် ဖွင့်လှစ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းသွားခဲ့ပါသည်။


ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးရုံအသစ်ဖွင့်လှစ်ခြင်း၊ ဆေးရုံခုတင် အဆင့်မြှင့်တင်ခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများ အသစ်ဖွင့်လှစ် ခြင်းတို့ကို စီမံကိန်းနှစ်အလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် လုံရုံး ကျေးရွာအုပ်စု လောက်ဖန်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု ဖွင့်လှစ်ခွင့်ရရှိရေး အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြား ပါသည်။