ကချင်ပြည်နယ်နှင့် ဆက်စပ်လျက်ရှိသော မဘိမ်းမြို့နယ်ရှိ ဗျူဟာလမ်းကြီးမှာ မိုးကုတ်-မိုးမတ်-မဘိမ်း-ဗန်းမော်လမ်းမကြီး ဖြစ်ပါကြောင်း၊ ၁၉၇၃ ခုနှစ် စတင်ဖောက်လုပ် ခဲ့သော်လည်း နယ်မြေမအေးချမ်းမှု၊ တရားဥပဒေမစိုးမိုးမှုကြောင့် ယနေ့အထိ နွေရာသီ၌်သာ ပိုမိုတွင်ကျယ်စွာသွားလာနိုင်ကြောင်း၊ ယင်းလမ်းမကြီးမှာ အဓိက လမ်းမကြီးဖြစ်သဖြင့် မိုးမိတ်မြို့နှင့် မဘိမ်းမြို့နယ် ရွှေလီ စီမံကိန်း တံတားကြီးပြီးစီးပါက မန္တလေး-မိုးကုတ်-မဘိမ်း-ဗန်းမော် ခရီးစဉ်သွားမည့် လုပ်သားပြည်သူများ ပိုမိုအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ရွှေလီမြစ်ကို မော်တော်ငယ်များဖြင့် ကူးနေရသဖြင့် ခရီးလမ်းကြန့်ကြာမှု၊ ကုန်ဈေးနှုန်းနှစ်ဆ ကြီးမှုတို့ကို ခံစားနေရပါကြောင်း၊ ယခုအခါ ရွှေလီစီမံကိန်းတံတားသည် ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီး ကျန် ၅၀ ရာခိုင်နှုန်းပြီးစီးမှုကို ဆောင်ရွက်ပေးပါက ဒေသခံလုပ်သားပြည်သူများလည်း အကျိုးဖြစ်ထွန်းမည်ဖြစ်သည့် အတွက် ရွှေလီစီမံကိန်းတံတားကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း တံတား၏ ပြီးစီးမှု ကျန် ၅၀ ရာခိုင်နှုန်းကို ဖြည့်စွက်ရန်ပုံငွေဖြင့် လျာထားပေးပြီး အပြီးသတ်ဆောက်လုပ်ရန် အစီ အစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ပြီးစီးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ရွှေလီ (၃)ရေအားလျှပ်စစ်စီမံကိန်းရှိ မြစ်ကူးတံတားတည်ဆောက်မှု လုပ်ငန်းနှင့် ပတ်သက်ပြီး မြစ်ကူးတံတားရဲ့ Sub Structure အပိုင်း အသေးစိတ်ဒီဇိုင်းပုံစံအချက် အလက်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တံတားဦးစီးရဲ့ အတည် ပြုချက်ရယူပြီးတဲ့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်တွင်းတိုင်းရင်းသား ကုမ္ပဏီတစ်ခု ဖြစ်သော ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမီတက်ကို လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ရာမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်း Sub Structure အပိုင်း တည်ဆောက်မှုလုပ်ငန်းများအားလုံး ပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ Sub Structure အပိုင်းတည်ဆောက်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီ ဖြစ်တဲ့အတွက် မြစ်ကူးတံတား တစ်စင်းလုံးရဲ့ လုပ်ငန်းဆောင်ရွက်မှုအနေနဲ့ ၅၀ ရာခိုင်နှုန်းပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ တံတားတည်ဆောက်မှုလုပ်ငန်းရဲ့ ကျန်ရှိသော ဒုတိယအပိုင်းဖြစ်တဲ့ Super Structure သံမဏိ သံပေါင် အပိုင်းတည်ဆောက်မှုလုပ်ငန်းများကို နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ပြည်တွင်းတိုင်းရင်း သား ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့်ဖိတ်ခေါ်၍ ရွေးချယ်ကာလုပ်ငန်းအပ်နှံဆောင်ရွက်သွားမည် ဖြစ်ရာ လက်ရှိအချိန်မှာ တင်ဒါခေါ်ယူနိုင်ရေးအတွက် လိုအပ်သော တံတား Super Structure အပိုင်း Specification များကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့များနှင့် ပေါင်းစပ်ပြီး ပြုစုလျက်ရှိပြီးတော့ အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့များရဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ စိစစ်မှုအတည်ပြုသတ်မှတ်ချက်များဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုအခါ တင်ဒါခေါ်ယူဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များ ပြုစုစစ်ဆေးဆဲဖြစ်ပြီး တင်ဒါခေါ်ယူခြင်း၊ အဆိုပြုတင်ဒါစိစစ်ခြင်း၊ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ တံတားသံမဏိသံပေါင် များထုတ်လုပ်ခြင်း၊ တပ်ဆင်တည်ဆောက်ခြင်း၊ အရည်အသွေးခံနိုင်ဝန်စစ်ဆေးခြင်းစတဲ့ လုပ်ငန်း အဆင့်များစွာ ဆက်တိုက်ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် လုပ်ငန်း၏သဘောသဘာဝအရ ယခု ဘဏ္ဍာရေးနှစ်အတွင်း မပြီးစီးနိုင်သဖြင့် ဖြည့်စွက်ရန်ပုံငွေ တောင်းခံခြင်းမပြုဘဲ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာသာ ရန်ပုံငွေတောင်းခံ၍ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ရှင်းလင်း ဖြေကြားပါသည်။
