ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့အနောက်ဘက် ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်တည်ရှိတဲ့အပြင် မြစ်ကြီးများ၊ ချောင်းများပေါများပြီးတော့ ပင်လယ်ထွက်ပေါက်များတဲ့ဒေသ တစ်ခုဖြစ်သလို အနောက်ဘက်မှာ လူဦးရေသိပ်သည်းထူထပ်တဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုနဲ့ နယ်စပ်ချင်း မိုင် ၂၅၀ လောက်ဆက်စပ်တည်ရှိနေပါတယ်။ ဒီလို သွင်ပြင်လက္ခဏာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံ ဟာ အင်္ဂလိပ်နယ်ချဲ့အုပ်စိုးစဉ် အခြေအနေကြောင့်လည်းကောင်း၊ ခေတ်အဆက်ဆက်နိုင်ငံရေးပါတီ များရဲ့ တာဝန်မဲ့လုပ်ရပ်တွေကြောင့်လည်းကောင်း၊ လွတ်လပ်ရေးရပြီးစအချိန်အခါက နိုင်ငံ မတည်ငြိမ်မှုအခြေအနေများကြောင့်လည်းကောင်း ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို အိမ်နီးချင်းနိုင်ငံ ရဲ့နိုင်ငံခြားသားများ စဉ်ဆက်မပြတ်တရားမဝင် ဝင်ရောက်လာမှုတွေ အစဉ်မပြတ်ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေကြောင့် ရခိုင်ပြည်နယ်ရဲ့လူဦးရေအခြေအနေကိုပြန်ကြည့်လို့ရှိရင် ရခိုင်ပြည်နယ်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့အပြင်မှာ တိုင်းရင်းသားလူဦးရေ၊ လက်ရှိလူဦးရေတွေကို နိုင်ငံခြားသား၊ ဒီတိုင်းရင်းသားမဟုတ်တဲ့လူဦးရေတွေက လွှမ်းမိုးကျော်လွှားပြီး ဖြစ်တဲ့အပြင် လက်ရှိစစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်တွေမှာ တိုင်းရင်းသား လူဦးရေကိုကျော်လွန် လွှမ်းမိုးတော့မယ့်အခြေအနေတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေကြောင့်ပဲ ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ တိုင်းရင်းသားများနဲ့ ပြဿနာတွေကြီးမားစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အပြင် ဒီ ၂၀၁၂ မကုန်ခင်ကာလပိုင်းနဲ့ ၂၀၁၃ နှစ်ဆန်းပိုင်းလောက်မှာ ရခိုင်ပြည်နယ် အနောက်ဘက်မောင်တောမြို့နယ်မှာ လက်နက်ကိုင်တိုက်ခိုက်မှု ၃ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီးတော့ အသေအပျောက်ရှိခဲ့ပါတယ်။ လူအသေအပျောက်တွေရှိခဲ့ပါတယ်။ ဒီလိုအခြေအနေ တွေကြောင့် အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်အပါအဝင် ကျွန်တော်တို့ ပြည်ထောင်စုတစ်ခုလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ဘယ်လိုအန္တရာယ် တစ်စုံတစ်ရာ မျှမကျရောက်စေရေးအတွက် အလွန်အလေးဂရုပြုပြီးတော့ စူးစိုက်ဆောင်ရွက်သင့်ပြီလို့ ကျွန်တော့် အနေနဲ့ ရိုးသားစွာယုံကြည်ပါတယ်။ သို့ဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါမေးခွန်းများကို မေးမြန်းခွင့်ပြုပါရန် ရိုသေစွာပန်ကြားအပ်ပါတယ်ခင်ဗျား-
(၁) ရခိုင်ပြည်နယ်အနောက်ဘက်အိမ်နီးချင်းနိုင်ငံမှာ နိုင်ငံရဲ့နယ်စပ်ကင်းစခန်းများ နယ်မြေ များသို့ဆက်သွယ်သွားလာမှုလွယ်ကူစေရန် အမာခံလမ်းမကြီးများ ဥဒဟိုဖောက်လုပ် ထားရှိပါတယ်။ မိမိတို့နိုင်ငံအနောက်ဘက်နယ်စပ်မျဉ်းတစ်လျှောက်မှာ နယ်စပ်ခြံစည်းရိုး များကာရံထားရှိသော်လည်း ဆက်သွယ်သွားလာမှုလွယ်ကူစေရန် နယ်စပ်ခြံစည်းရိုး တစ်လျှောက် အမာခံကင်းလှည့်လမ်းများ၊ ချဉ်းကပ်လမ်းများဖောက်လုပ်ပေးရန် လိုအပ် လျက်ရှိနေပါသေးတယ်။ သို့ဖြစ်ပါ၍ နယ်စပ်ခြံစည်းရိုး တစ်လျှောက်အမာခံကင်းလှည့် လမ်းများ၊ ချဉ်းကပ်လမ်းများဖောက်လုပ်ပေးနိုင်ပါရန်အစီအစဉ်ရှိ၊ မရှိသိလိုပါတယ်။
(၂) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ ဘူးသီးတောင်- မောင်တောကားလမ်း၊ မောင်တော-တောင်ပြိုကားလမ်း၊ မောင်တော-အငူငေါ်ကားလမ်း တွေဟာ ရာသီမရွေးသွားလာနိုင်တဲ့ ကျောက်ကြမ်းလမ်းများအဆင့်သာဖြစ်ပြီးတော့ တောင်ပြို-ဗန္ဓုလကားလမ်းဟာ သာမန်မြေလမ်းအဆင့်သာရှိပါသေးတယ်။ မိုးတွင်းမှာ လုံးဝသုံးလို့မရတဲ့အခြေအနေဖြစ်ပါတယ်။ တံတားများမှာလည်း တည်ဆောက်ပြီးစီးချိန် ကြာမြင့်လာတာနဲ့အမျှ ကြံ့ခိုင်မှုအားနည်းလာတဲ့အတွက် မကြာခဏပြုပြင်ခြင်းများ ဆောင်ရွက်နေရပါတယ်။ အဆိုပါလမ်းတံတားများဟာ ပြည်တွင်းရန်၊ ပြည်ပရန် ကာကွယ်ရေးအတွက် လိုအပ်ပါက အချိန်မရွေးသွားလာအသုံးပြုရမည့် လမ်းတံတားများ ဖြစ်ပါတယ်။ သို့ဖြစ်တဲ့အတွက် အဆိုပါလမ်းတံတားများကို အမြန်ဆုံးအချိန်တိုအတွင်း အဆင့်မြှင့်တင်ပြုပြင် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းမှာ ကင်းစခန်းတစ်ခု နှင့် တစ်ခုဆက်သွယ်ထားသောလမ်းများနှင့် ခြံစည်းရိုးတစ်လျှောက်ကင်းလှည့် လမ်းများကို ဖောက်လုပ်ရန်ထည့်သွင်းဆောင်ရွက်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ငွေအပ်လုပ်ငန်း (Deposit Work) အဖြစ် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ခြံစည်းရိုးပထမအဆင့်အား နယ်မြေ (၃၊ ၄၊ ၅၊ ၆၊ ၇)ရှိ ကင်းစခန်းများသို့ ဆက်သွယ်နိုင်ရေးအတွက် ကျောက်ခင်းလမ်းအကျယ် ၁၂ ပေ၊ အရှည် ၆၀ မိုင် ၃ ဖာလုံနှင့် ကျောက်ရောမြေလမ်း ၃၈ မိုင် ၄ ဖာလုံဖောက်လုပ်ခြင်းအနေဖြင့်ဆောက်ရွက်ပြီးစီးမှုမှာ ရာခိုင်နှုန်း အားဖြင့် ၁၀၀ ရာခိုင်နှုန်း၊ စုစုပေါင်း ၉၈ မိုင် ၇ ဖာလုံအားလည်းကောင်း၊ ခြံစည်းရိုးတစ်လျှောက် ကင်းလှည့်နိုင်ရေးအတွက် ကျောက်ခင်းလမ်းအကျယ် ၁၂ ပေ၊ အရှည် ၄၀ မိုင် ၄ ဖာလုံ ဖောက်လုပ် ခြင်းအနေဖြင့်ဆောက်ရွက်ပြီးစီးမှုမှာ ရာခိုင်နှုန်းအားဖြင့် ၁၀၀ ရာခိုင်နှုန်း၊ ၄၀ မိုင် ၄ ဖာလုံ အား လည်းကောင်း ဖောက်လုပ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ခြံစည်းရိုးဒုတိယအဆင့်အား နယ်မြေ (၁၊ ၂၊ ၃) ရှိ ကင်းစခန်းများသို့ ဆက်သွယ်နိုင်ရေးအတွက် ကျောက်ခင်းလမ်းအကျယ် ၁၂ ပေ၊ အရှည် ၄၃ မိုင် ၂ ဖာလုံဖောက်လုပ်ခြင်းအနေဖြင့် ဆောင်ရွက် ပြီးစီးမှုမှာရာခိုင်နှုန်းအားဖြင့် ၃၂.၆၆ ရာခိုင်နှုန်း၊ မြေသားလမ်း ၂၈ မိုင် ၂ ဖာလုံကိုလည်းကောင်း၊ ခြံစည်းရိုးတစ်လျှောက်ကင်းလှည့်နိုင်ရေးအတွက် ကျောက်ခင်းလမ်းအကျယ် ၁၂ ပေ၊ အရှည် ၄၂ မိုင် ၁ ဖာလုံဖောက်လုပ်ခြင်းအနေဖြင့် ဆောင်ရွက်ပြီးစီးမှုမှာရာခိုင်နှုန်းအားဖြင့် ၂၉.၉၇ ရာခိုင်နှုန်း၊ မြေသားလမ်း ၂၅ မိုင် ၂ ဖာလုံအား ဖောက်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အချုပ်အားဖြင့်တင်ပြရရင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်ခြံစည်းရိုးကာရံခြင်း ပထမ၊ ဒုတိယအဆင့်တွင် ကင်းစခန်းများသို့ဆက်သွယ်သွားလာနိုင်ရေးအတွက် ကျောက်ခင်းလမ်း ၁၀၃ မိုင် ၅ ဖာလုံ၊ ကျောက်ရောမြေလမ်း ၃၈ မိုင် ၄ ဖာလုံ၊ စုစုပေါင်း ၁၄၂ မိုင် ၁ ဖာလုံနှင့် နယ်စပ်ခြံစည်းရိုး တစ်လျှောက်ကင်းလှည့်နိုင်ရေးအတွက် ကျောက်ခင်းလမ်းစုစုပေါင်း ၈၂ မိုင် ၅ ဖာလုံဖောက်လုပ် နိုင်ရေးဆောက်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
