(င)-ကျောက်တန်းမြို့နယ်၊ မီးပြစံပြကျေးရွာ အုပ်စုအတွင်းရှိ တိုက်နယ်ဆေးရုံအား အသစ် ပြန်လည်တည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအေး (၁၁) ရက်မြောက်နေ့ (၃၀.၁.၂၀၁၃)

ကျွန်တော်တို့ ကျောက်တန်းမြို့နယ်အတွင်းမှာရှိတဲ့ မီးပြစံပြကျေးရွာဟာ ပင်လယ်ကမ်းစပ်မှာ တည်ရှိပြီးတော့ ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိကြပါတယ်။ အိမ်ခြေအားဖြင့် ၁၄၀၀ ကျော်ရှိပြီး လူဦးရေ ၆၇၀၀ ကျော်မှီတင်းနေထိုင်ကြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကျေးလက်ကျန်းမာရေးဆေးခန်း တစ်ခုတည်ရှိပါတယ်။ အဆိုပါ ဆေးခန်းဟာလည်း ယခု ပင်လယ် ရေငန်တားဒီရေတားတာနှင့် နီးကပ်စွာတည်ရှိပါတယ်။ ယခုအခါမှာ တိုက်နယ်ဆေးရုံအဆင့် ဖွဲ့စည်းပုံ ကျပြီးဖြစ်ပြီးတော့ ဆရာဝန်နှင့်ဝန်ထမ်းအင်အား ရှိပြီးဖြစ်တယ်လို့ သိရှိရပါတယ်။ ဒေသခံမိဘပြည်သူ များအနေဖြင့် တိုက်နယ်ဆေးရုံသစ်တစ်ဆောင်တည်ဆောက်ပေးနိုင်ရန် လိုလားလျက်ရှိကြပါတယ်။ မြေနေရာလည်း သတ်မှတ်ပြီးဖြစ်ပါတယ်။ တိုက်နယ်ဆေးရုံ တည်ဆောက်ပေးမည်ဆိုပါက ပတ်ဝန်းကျင် အကျုံးဝင်ကျေးရွာများဖြစ်တဲ့ ခလောက်ဆွဲ၊ ဇွဲပါကုန်းလမ်း၊ ရွှေမုဋ္ဌော၊ ဘုရားငုတ်တို၊ ဘော်ကလွတ်အစရှိတဲ့ ကျေးရွာများမှ မိဘပြည်သူများဟာ ကျန်းမာရေးစောင်‌့ရှောက်မှုခံယူနိုင်မှာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် တိုက်နယ်ဆေးရုံသစ် တစ်ဆောင်တည်ဆောက်ပေးနိုင်ရန် မေးခွန်း အဖြစ် မေးမြန်းတင်ပြအပ်ပါတယ်။ ကျွန်တော့်ရဲ့ မေးခွန်းကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ မီးပြစံပြကျေးရွာမှာ တိုက်နယ်ဆေးရုံသစ်တစ်ဆောင် တည်ဆောက် ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် တည်ဆောက်ပေးနိုင် မည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာဝင်းမြင့်
အဖြေ

ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ မီးပြစံပြကျေးရွာအတွင်းမှာ တိုက်နယ်ဆေးရုံရဲ့ လက်ရှိ တည်နေရာသည် ပင်လယ်ဒီရေတားတမံနှင့်နီးကပ်စွာ တည်ရှိနေတဲ့အတွက် ပင်လယ်ကမ်းစပ်နှင့် ကွာဝေးတဲ့နေရာမှာ ၅ ဧကအကျယ်အဝန်းရှိတဲ့နေရာတစ်ခုကို မီးပြကျေးရွာမှ ကျေးရွာသူ ၃ ဦးက နေပြီးတော့ ဆေးရုံအဆောက်အဦအသစ် ပြောင်းရွှေ့ဆောက်လုပ်နိုင်ရန် လှူဒါန်းပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆေးရုံအဆောက်အဦအသစ်ဆောက်လုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။