ရန်ကုန်မြို့ရှိ အဓိက လမ်းဆုံကြီး များတွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် ဂုံးကျော်တံတားကြီးများ တည်ဆောက်နေကြောင်း ကြားသိရပါတယ်။ ပြည်သူများ မိမိတို့လိုရာခရီး လွယ်ကူလျင်မြန်စွာ သွားရောက်နိုင်မည်ဖြစ်ပါ၍ များစွာ အသုံးဝင်အထောက်အကူပြုမည် ဖြစ်ပါတယ်။ သို့ရာတွင် ၎င်းလုပ်ငန်းများ ဆောင်ရွက်နေမှု နှင့်စပ်လျဉ်း၍ ပြည်သူလူထုအနေဖြင့် သိရှိလိုသော အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်။ မေးခွန်း(၁) ငွေကြေးသုံးစွဲမှုနှင့် ဘဏ္ဍာငွေသုံးစွဲမှုများအတွက် မည်သို့လျာထားသတ်မှတ်ဆောင်ရွက် ထားပါသနည်း။ မေးခွန်း(၂) ထိုသို့ဆောင်ရွက်ခြင်းသည် ဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိတို့ကို သိလိုကြောင်း မေးမြန်းပါသည်။
[ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေမဲဆန္ဒနယ် ကိုယ်စား ဦးဟန်စိန်၊ တိုက်ကြီးမဲဆန္ဒနယ်မှ မေးမြန်းပါ သည်။]
ရန်ကုန်မြို့ရှိ ဂုံးကျော်တံတားများ တည်ဆောက်ရေး လုပ်ငန်းများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ခြင်းဖြစ်ပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် ပေါင်းစပ် ညှိနှိုင်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဖြေကြားပေးပါရန် အကြောင်းကြားလာသည့်အတွက် ဖြေကြားရခြင်းဖြစ်ပါတယ်ခင်ဗျား။ ရန်ကုန်မြို့တော်အတွင်း ယခင်ကတည်းကပင် ယာဉ်ကြောများ ကြပ်တည်းပြည့်နှက်လျက်ရှိတဲ့အပြင် နိုင်ငံတော်အစိုးရသစ် တာဝန်ယူပြီးနောက်ပိုင်း မော်တော်ယာဉ် များ လွတ်လပ်စွာ တင်သွင်းခွင့်ပြုခဲ့သဖြင့် လမ်းဆုံများမှာ ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုများပြားလာ ခဲ့ပါတယ်။ အထူးသဖြင့် လှည်းတန်းလမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံများမှာ ပိုမိုပြီး တော့ ယာဉ်ကြောပိတ်ဆို့မှု များပြားလာပါတယ်။ လက်ရှိအချိန်မှာ လမ်းပန်းဆက်သွယ်မှု လွယ်ကူ ချောမွေ့ လျင်မြန်စေရေးအတွက် ဂုံးကျော်တံတားများ ဆောက်လုပ်ရန် အထူးလိုအပ်လျက်ရှိပါတယ် ခင်ဗျား။ ပြည်ထောင်စုအစိုးရမှလည်း ရန်ကုန်မြို့တွင်း ယာဉ်သွားလာမှု လွယ်ကူစေရေးအတွက် ဂုံးကျော်တံတားများ တည်ဆောက်ပေးရန် လမ်းညွှန်မှုပြုပြီး ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့တော် အတွက် ဂုံးကျော်တံတားများ ဆောက်လုပ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ လှည်းတန်း ဂုံးကျော်တံတားအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းအပ်နှံ၍ ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်သူအဖြစ်လည်းကောင်း၊ ဘုရင့်နောင်ဂုံးကျော်တံတား အား First Myanmar Investment Co.,Ltd လုပ်ငန်းဆောင်ရွက်သူအဖြစ် လည်းကောင်း စတင် ဆောင်ရွက်လျက်ရှိပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သဘောတူခွင့်ပြုချက်အရ ဘဏ္ဍာငွေသုံးစွဲမှုနှင့်လုပ်ငန်းအပ်နှံမှု သဘောတူစာချုပ်ရေးထိုးရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့စွဲပါစာအမှတ် ၁/၂-၃/စီမံဖြင့် တင်ပြလမ်းညွှန်မှု ခံယူပြီး ဆောင်ရွက်သော လုပ်ငန်းများ ဖြစ်ပါတယ်။
အဆိုပါ ဂုံးကျော်တံတားများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး မှာလည်း ဘဏ္ဍာငွေလျာထား ထည့်သွင်းရေးဆွဲတင်ပြပြီး ဖြစ်ပါတယ်။ ၎င်းတံတားများအတွက် ဘဏ္ဍာငွေရရှိရေး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြဆောင်ရွက် ပြီး ဖြစ်ပါသဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ အဆိုပါ ဂုံးကျော်တံတားများ တည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့တော်အတွင်း ယာဉ်သွားလာ မှုအများဆုံးဖြစ်သော လမ်းဆုံကြီး ၃ ခုတွင် ယာဉ်သွားလာမှု အဆင်ပြေချောမွေ့သွားမှာ ဖြစ်ပါကြောင်း ဖြေကြားပါသည်။
