(က)-ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဦးပိုင်အမှတ် (၄)၊ (၆)၊ (၇)၊ (၃၇)၊ (၆၄)၊ (၇၂)၊ (၇၄) စသည့် မြေကွက် ပေါ်၌ နေထိုင်သော မိသားစုအိမ်ထောင်စု ၇၀ ဝန်းကျင်၏ မူလနေထိုင်အိမ်တွင် နေထိုင်ခွင့်ရရှိရေး ကူညီဖြေရှင်းပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၅.၁၁.၂၀၁၂)

မေးခွန်းကတော့ ကရင်ပြည်နယ်၊ ဘားအံမြို့အမှတ်(၂) ရပ်ကွက် ဦးပိုင်အမှတ် (၄)၊ (၆)၊ (၇)၊ (၃၇)၊ (၆၄)၊ (၇၂)၊ (၇၄) စသည့် မြေကွက် ပေါ်၌ နေထိုင်သော မိသားစု အိမ်ထောင်စုဝင် ၇၀ ဝန်းကျင်၏ မူလနေထိုင်ရာအိမ်တွင် နေထိုင်ခွင့် ရရှိရေး ကူညီဖြေရှင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းပဲ ဖြစ်ပါတယ်ရှင့်။ အကျိုးအကြောင်း ဖော်ပြချက်အနေနဲ့ ဘားအံမြို့အမှတ်(၂) ရပ်ကွက် ကွင်းအမှတ်(၄) ဈေးတန်းကွက်၊ ကွင်းအမှတ်(၅) ဈေးဟောင်းကွက် ဖော်ပြပါ ဦးပိုင်အမှတ် ၇ ခုမှ မိသားစု အိမ်ထောင်စုဝင် ၇၀ ဝန်းကျင်ဟာ မြေပိုင်ရှင် ဒေါ်နှင်းလှ အသက်ရှိစဉ်က လွန်ခဲ့သည့် ၁၉၅၈ မတိုင်မီက အိမ်ငှားအဖြစ် တစ်အိမ်ထောင်လျှင် ကျပ် ၃၀ နှုန်းဖြင့်ပေး၍ နေထိုင်ခဲ့ကြကြောင်း၊ ၁၉၅၈ ခုနှစ် ဈေးတန်းမီးလောင်သောအခါ ဒေါ်နှင်းလှမှ အိမ်ငှားများအား ကိုယ်တိုင်ကျခံ၍ ပြန်လည်အိမ်ဆောက်ကြရန် မြေငှားခအဖြစ် တစ်လ ၁၀ ကျပ်နှုန်း ဖြင့် မြေငှားခပေးကာ နေထိုင်ကြရကြောင်း၊ ၁၉၈၁ ခုနှစ် နောက်ပိုင်းတွင် ဒေါ်နှင်းလှ ကိုယ်တိုင်ထံမှ လည်းကောင်း၊ ဒေါ်နှင်းလှမှ အထွေထွေကိုယ်စားလှယ် လွှဲစာရရှိထားသူ ဒေါ်မြင့်မြင့်ကြည် ယခု အသက်ရှိထင်ရှားရှိသူထံမှလည်းကောင်း ဝယ်ယူခဲ့ကြကြောင်း သိရှိရပါတယ်ရှင့်။ ဒါ့အပြင် မြေစာရင်း ရုံးမှ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာတမ်းများဖြင့်လည်းကောင်း၊ မှတ်ပုံမတင်ရသေးသည့် အရပ်ကတိစာချုပ်များဖြင့်လည်းကောင်း မိမိတို့ အမည်ပေါက် နေထိုင်လာခဲ့ကြသည်မှာ ယနေ့ ထက်တိုင်ဖြစ်ကြောင်း သိရှိရပါတယ်ရှင့်။ သို့သော်လည်းပဲ လွန်ခဲ့သည့် စက်တင်ဘာလမှာ ယခု အိမ်ထောင်စုဝင် ၇၀ ဝန်းကျင်၏ နေထိုင်သည့် မြေကွက်များကို ဒေါ်နှင်းလှ၏ ကျန်ရစ်အမွေအဖြစ် သတ်မှတ်ကာ ရောင်းရန်ကြော်ငြာခြင်းကို ရပ်ဆိုင်းပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်းနှင့် ၎င်းမိသားစုအိမ်ထောင်စုဝင် ၇၀ ၏ မူလ နေထိုင်သည်‌့နေအိမ်တွင် နဂိုမူလအတိုင်း ရာသက်ပန် နေထိုင်ခွင့်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းပါသည်။ 



 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အိမ်ထောင်စု ၇၀ ဝန်းကျင်က နေထိုင်တဲ့ မြေကွက်များကို ဒေါ်နှင်းလှရဲ့ ကျန်ရစ်အမွေအဖြစ် သတ်မှတ်ပြီး ရောင်းရန်ကြော်ငြာခြင်းကို ရပ်ဆိုင်းပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် သိလိုပါကြောင်းမေးခွန်းနှင့်ပတ်သက်လို့ ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၂)ရပ်ကွက် အကွက် အမှတ် (၄)နှင့် (၅) မှာရှိတဲ့ ဦးပိုင်အမှတ် (၄)၊ (၆)၊ (၇)၊ (၃၇)၊ (၆၄)၊ (၇၂)၊ (၇၄) စတဲ့ မြေနေရာများကို မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအဖြစ် လေလံရောင်းချမယ့် ရောင်းရန်ကြော်ငြာစာကို ဘားအံခရိုင် တရားရုံးမှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဘားအံခရိုင် တရားရုံးရဲ့ တရားမဇာရီမှုအမှတ် (၄/၂၀၁၁) မှာ ဒီဂရီမှာ ပါရှိတဲ့မြေကွက်များအပေါ် အရောင်း ကြော်ငြာထုတ်ဆင့်ခဲ့ရာ အဲဒီမြေကွက်တွေပေါ်မှာ လက်ရှိနေထိုင်တဲ့ အိမ်ထောင်စု ၇၀ က ကန့်ကွက် လာတာဖြစ်ပါတယ်။ ဘားအံခရိုင်တရားရုံးမှ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ တရားမ အထွေထွေအမှုအမှတ် (၈/၂၀၁၂) ကို ဖွင့်လှစ်ပြီး စုံစမ်းစစ်ဆေးဖို့ ဆောင်ရွက်လျက်ရှိနေစဉ်အတွင်း မှာပဲ တရားမကျင့်ထုံးဥပဒေအမိန့် ၂၁ နည်း ၅၈ (၂) အရ ရောင်းချခြင်းကို ဆိုင်းငံ့ထားရှိပြီး ဖြစ်ပါ တယ်။ ၎င်းအိမ်ထောင်စု ၇၀ ဝန်းကျင်ကို မူလနေထိုင်တဲ့ နေအိမ်မှာ နဂိုမူလအတိုင်း ရာသက်ပန် နေထိုင်ခွင့်ရှိ၊ မရှိမေးခွန်းနှင့်ပတ်သက်လို့ အဆိုပါအမှုကို ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးပြီး နောင်အခါ မှာ တရားရုံးက ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် တရားရုံးရဲ့ သုံးသပ်ဆုံးဖြတ်မှုအပေါ်မှာ မူတည်ပါကြောင်း သိလိုကြောင်း ဖြေကြားပါသည်။