(ဃ)-တံတားဦးမြို့နယ်အတွင်း လေယာဉ်ကွင်း တည်ဆောက်စဉ် သိမ်းဆည်းခဲ့သော မြေများနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၈)ရက်မြောက်နေ့ (၃.၄.၂၀၁၅)

မိမိတို့ မြို့နယ်အတွက် လေယာဉ်ကွင်းတည်ဆောက်ချိန်က သိမ်းခဲ့သော မြေဧက ၂၈၀၀၀ ကျော်ရှိပြီး အမှန်တကယ် လေယာဉ်ကွင်းအတွက် အသုံးချခဲ့သည်မှာ ဧက ၃၀၀၀ ကျော်သာရှိ ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းရေးကော်မရှင်က လေယာဉ်ကွင်းအတွက် အသုံးချရန် ဧကပိုပြီး လိုအပ်သည်ဆိုပါက ထပ်မံ၍ သိမ်းဆည်းပြီး ကျန်သော လယ်ယာမြေကို ပြန်ပေးပါ၊ သိမ်းထားသောမြေများအတွက် လျော်ကြေး၊ နစ်နာကြေးများ ပေးပါဟူ၍ ပြည်ထောင်စုအစိုးရကို တိုက်တွန်းသော အဆိုပြုလွှာအစီရင်ခံစာထဲတွင် ထည့်ထားပါကြောင်း၊ ဧက ၉၀၅၅ ကိုပေးပြီးဖြစ်ပြီး ကျန်ရှိသည့် မြေဧက ၁၆၀၀၀ ကျော် ပြန်ပေးရန်အတွက် ကျန်နေသေးပါကြောင်း။

ကျန်ရှိသော မြေကိုပြန်ပေးရန်နှင့် လျော်ကြေးပေးရန်အတွက်ဖြစ်ပြီး နိုင်ငံပိုင်သတင်းစာများတွင် မြေပြန်လည်စွန့်လွှတ်သည့် သတင်းများပါသော်လည်း အမှန်တကယ် ထိရောက်သော ဖြေရှင်းမှု မဟုတ်သေးသည်ကို ရေးပြီးသတင်းထဲတွင် ဖြန့်နေပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများကိုယ်တိုင် ပုံစံ(၇)များ ပေးသော်လည်း အမှန်တကယ် ပုံစံ(၇) တွေမရသော တောင်သူများ ကျန်ရှိနေသေးပါကြောင်း။

မြေသိမ်းမှုနှင့်ပတ်သက်ပြီး နစ်နာဆုံးရှုံးသော တောင်သူများသည် ယခုအချိန်တွင် နလန်ထူရန် မလွယ်နိုင်သော အခြေအနေဖြစ်နေပါကြောင်း၊ မိမိတို့အနေဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ ပကတိမြေပြင်အခြေအနေ လိုအပ်ချက်အရ မေးနေရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) တံတားဦးမြို့နယ်အတွင်း လေယာဉ်ကွင်း တည်ဆောက်စဉ် သိမ်းဆည်းခဲ့သော ‌မြေများအတွက် ပြည်ထောင်စုလွှတ်တော်၏ လယ်ယာမြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာများပါအတိုင်း ဆောင်ရွက်ပြီးစီးမှုကို သိရှိလိုပါကြောင်း၊ (၂) ပြန်လည်အပ်နှံပေးပြီးသော မြေများအပြင်ကျန်ရှိသော အမှန်တကယ် အသုံးမချသည့် တောင်သူများ လုပ်ကိုင်လျက်ရှိသည့် မြေများအား မည်သည့်အချိန်တွင် ပြန်ပေးမည်ကို သိရှိလိုပါကြောင်း၊ (၃) Master Plan ဟုခေါ်သော ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်တွင် မြေပိုင်ရှင်များကို တရားဝင်အသိပေးခြင်းမရှိပါကြောင်း၊ အစိုးရပိုင်မီဒီယာမှ ယင်းအစီအစဉ်ကို ဆောင်ရွက်မည်ဟု ကြေညာနေပါကြောင်း၊ ထိုသို့ ပြုလုပ်နေခြင်းသည် ပြည်ထောင်စုလွှတ်တော်၏ အစီရင်ခံစာအတိုင်း ဆောင်ရွက်ခြင်းမရှိသည့်အပြင် ဥပဒေနှင့်လည်း ညီညွတ်မှုမရှိသည့်အတွက် လွှတ်တော်၏ အစီရင်ခံစာပါအတိုင်း ပြန်လည်စွန့်လွှတ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် တည်ဆောက်ခဲ့သော မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် သိမ်းဆည်ခဲ့ရသော မြေဧရိယာ ၂၈၅၇၆ ဧကအနက် နိုင်ငံတော်၏ လိုအပ်ချက်အရ လေတပ်ဆွယ်(တံတားဦး)သို့ ၅၆၁.၂ ဧက၊ အမြန်လမ်း ရဲစခန်းသို့ ၂.၇၂ ဧက၊ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက် ပစ္စည်းစက်သုံးဆီအရောင်း ဆိုင်အမှတ် (၀၆၇၂) သို့ ၁.၂ ဧက၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းသို့ အမြန်လမ်းအတွက် ဧရိယာ ၄၅၂.၈၉ ဧကနှင့် အောင်စည်းခုံဘုရား ဝတ္တက‌မြေအတွက် ၁.၂ ဧက စုစုပေါင်း ၁၀၁၉၀.၂၁ ဧက ကိုလွှဲပြောင်းပေးခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းအရှေ့ဘက်ခြမ်းရှိ ၉၀၅၅ ဧက စိုက်ပျိုးလျက်ရှိနေသော မူလပိုင်ရှင်များသို့ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်၍ လုပ်ကိုင်ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီမှတစ်ဆင့် မူလပိုင်ရှင်များသို့ ၂၆-၆-၂၀၁၄ ရက်နေ့တွင် ပြန်လည်လွှဲပြောင်းခဲ့ပြီး ဖြစ်ပါကြောင်း။

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အတွက် သိမ်းယူခဲ့သော မြေဧရိယာတွင် ၁၈၅၀၁.၇၉ ဧကကျန်ရှိပြီး လက်ရှိအသုံးပြုလျက်ရှိသော မြေဧရိယာက ၃၄၉၅ ဧက ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တံတားဦးမြို့နယ်အတွင်းရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သိမ်းယူခဲ့သော မြေဧရိယာ ၂၈၅၇၆ ဧကအနက် ၉၀၅၅ ဧကကို တောင်သူများနှင့် သက်ဆိုင်ရာလုပ်ငန်းဌာနများသို့ ယာယီလုပ်ပိုင်ခွင့် ပုံစံ (၃) နှင့် ပုံစံ (၇) များထုတ်ပေးပြီးဖြစ်ပါကြောင်း၊ ပြန်လည်ပေးအပ်ပြီး မြေဧရိယာ ၉၀၅၅ ဧကမှ လယ်ယာမြေဧက ၃၄၅၆ ဧကကို တောင်သူ ၁၁၁၇ ဦးအား ယာယီပုံစံဖြင့်လည်းကောင်း၊ ဧရိယာ ၃၇၆၁ ဧကအား တောင်သူ ၁၃၁၆ ဦးအား ပုံစံ(၇) ဖြင့် လည်းကောင်း ပေးအပ်ခဲ့ပြီး စုစုပေါင်း တောင်သူ ၂၄၃၃ ဦး၊ စုစုပေါင်းစိုက်ပျိုးမြေဧရိယာ ၇၂၁၇ ဧက ကို ပြန်လည်လွှဲပြောင်းပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ရွာမြေ၊ လမ်းမြေ၊ ဆည်မြောင်း၊ ကန်၊ တာတမံမြေ၊ သာသနာမြေ အစရှိသည့် အခြားမြေ ၁၈၃၈ ဧကကို သက်ဆိုင်ရာအဖွဲ့အစည်း ပုဂ္ဂိုလ်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် အနာဂတ်ကာလ၏ Aviation နှင့် Logistic Hub အဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် တင်ဒါအောင်မြင်သော MC-Jalux Airport Services Co.,Ltd နှင့် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားရန် စာချုပ်ချုပ်ဆိုထားပြီး ယခုလအတွင်း လွှဲပြောင်းပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Master Plan ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တင်ပြပါအတိုင်း Aviation နှင့် Logistic Hub အဖြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်အထိ အသုံးပြုနေသော မြေ ၃၄၉၅ ဧကသည် ခြံစည်းရိုးခတ်ထားပြီး လေဆိပ်အပိုင်မြေဖြစ်ပါကြောင်း၊ လေဆိပ်ပိုင်မြေအတွင်း  Mitsubishi Jalux Airport Services Co.,Ltd က ဒေသထွက် လယ်ယာအခြေခံသီးနှံများဖြစ်သော သစ်သီး၊ သစ်သီးဝလံများ၊ ပန်းမန်းများ၊ ဟင်းသီးဟင်းရွက်များကို ဂျပန်နိုင်ငံ တခြားဈေးကွက်များကို တင်ပို့ရန်ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းဧရိယာအတွင်း ပစ္စည်းပို့လှောင်ရုံများ၊ လမ်းများ သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်သော Facility များ တည်ဆောက်ပြီး ပစ္စည်းများ၊ ထွက်ကုန်များကို ဂျပန်နှင့် တခြားဈေးကွက်များသို့ို တင်ပို့ရန် ရည်ရွယ်ပြီး လွှဲပြောင်းရယူခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် တံတားဦး နယ်မြေအတွင်း ထွက်ရှိနေသော သစ်သီးဝလံများ၊ ရှမ်းပြည်မှထွက်သော အသီးအနှံများကို ၎င်းမှတစ်ဆင့် ပို့နိုင်မည်ဖြစ်ပါကြောင်း၊ Master Plan သည် နှစ်ဖက်မျှပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ရှိထားသောမြေများ ၃၄၉၅ ဧကမှာ လေဆိပ်က လိုအပ်သော အဆောက်အဦများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပိုနေသောမြေ၏ ခန့်မှန်းဧက ၁၅၀၀၀ ခွဲခန့်ရှိပါကြောင်း၊ ထိုဧက ၁၅၀၀၀ သည်လည်း နောက်ထပ် လေဆိပ် တိုးတက်ဖွံ့ဖြိုးလာသည့်အခါ ပြေးလမ်းတစ်ခုမဟုတ်ဘဲ နှစ်ခုအနေဖြင့် ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ကြိုတင်သိမ်းယူထားခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် Logistic Hub ဖြစ်နေသည့်အတွက် သစ်သီးဝလံများ စုစည်းထားရန်အတွက် ဥပမာအားဖြင့် ခရမ်းချဉ်သီးများ ပိုလျှံပါက ဖျော်ရည်စက်ရုံတည်ထောင်ခြင်း စသဖြင့် လုပ်ငန်းများ အခြောက်ခံစက်ရုံများလုပ်ရန်အတွက် တစ်ဆက်တည်း ပူးတွဲပါလာသော စီမံကိန်းကြီးဖြစ်ပါကြောင်း၊ Master Plan အရ ဆောင်ရွက်ရမည်ဆိုပါက ကျန်သောမြေများကို အသုံးချရန်အတွက် မန္တလေးတိုင်းဒေသကြီး မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ထိုသို့ညှိနှိုင်းဆောင်ရွက်ပြီး ပိုလျှံနိုင်သော မြေအနေအထားများ ရှိနေသေးသည့်အတွက် အသေးစိတ်တွက်ချက်ပြီးမှ ဖြည့်စွက်တင်ပြမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

ဒေါ်ခင်သန္တာ (တံတားဦး) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

တံတားဦးမြို့နယ်တွင် လေဆိပ်အတွက်သိမ်းထားသည်မှာ ၃၀၀၀၀ နီးပါး၊ ဟိုတယ်ဇုန်အတွက် ၅၀၀၀ ကျော်၊ အမြန်လမ်းအတွက် ၂၀၀၀ ကျော်၊ ဂျပန်နိုင်ငံနှင့် တခြားနိုင်ငံများကို တင်ပို့မည်ဆိုပါက မည်သည့်မြေပေါ်တွင် စိုက်ရပျိုးရတော့မည်ကို မသိလောက်သော အခြေအနေဖြစ်ပါကြောင်း၊ အမှန်တကယ်သုံးမည်ဆိုပါက ည်ှိနှိုင်းရမည်မှာ တောင်သူများနှင့်သာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီနှင့် ညှိနှိုင်းခြင်းသည် တောင်သူကို ဥပက္ခာပြုပြီး ကော်မတီနှင့်သာ ဆက်စပ်ပြီး အလုပ်လုပ်မည်ဖြစ်ပြီး ဥပဒေနှင့်မညီဟု မိမိအနေဖြင့် ထင်မိပါကြောင်း၊ ထို့ကြောင့် ပြည်သူ့အတွက်၊ တောင်သူ့အတွက် အကျိုးရှိစေချင်ပါက တောင်သူများကိုသာ မြေများကို ပြန်လည်လုပ်ကိုင် ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်

ပိုလျှံနေသောမြေမှာ အခု ၁၅၀၀၀ ခန့် ဖြစ်နေသည့်အတွက် ပိုလျှံနေသည်များကို သိမ်းဆည်း ထားခြင်းမဟုတ်ပါကြောင်း၊ ယင်းမြေများပေါ်တွင် သက်ဆိုင်ရာတောင်သူများက သမားရိုးကျ စိုက်ပျိုးသော သီးနှံများ လုပ်ကိုင်စားသောက်နေခြင်းဖြစ်ပါကြောင်း၊ သိမ်းဆည်းထားခြင်းဆိုသည်မှာ နာမည်အရသာ မြေကိုအမည်ပေါက် လွှဲပြောင်းရယူခြင်း ဖြစ်ပါကြောင်း၊ ၎င်းမြေများကို သိမ်းဆည်းပြီးမှ ဟန့်တားခြင်း၊ တားမြစ်ခြင်း၊ စိုက်ပျိုးခြင်းမပြုရဟု ဆောင်ရွက်ထားခြင်း မရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်ရာတွင် မည်သည့် မြေဧရိယာပေါ်တွင် မည်မျှပြုလုပ်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမည့်သူက မည်သူရှိသည်ဆိုသည်ကို မန္တလေးတိုင်းဒေသကြီးကို လာနေပြီဖြစ်ပါကြောင်း၊ ခြံစည်းရိုးအပြင်ရှိ မြေဧရိယာများအတွက် Infrastructure များအတွက် လေဆိပ်ဖွံ့ဖြိုးတိုးတက်ရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရန် လျာထားပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပထမဆုံး လေဆိပ်ကို ယခုလအတွင်း လွှဲပြောင်းပေးထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လေဆိပ်ဖွံ့ဖြိုး တိုးတက်ပြီး ရင်းနှီးမြှုပ်နှံသူများ လာနေသည့်အချိန်တွင် လေဆိပ်မှ လုပ်ငန်းစတင်နေပြီဖြစ်သည့်အတွက် အပြင်တွင် လုပ်ငန်းများ ဆောင်ရွက်၍ ရပါကြောင်း၊ အပြန်အလှန်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများနှင့် မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လောလောဆယ် အတိအကျ ရှင်းလင်းပြလို့မဖြစ်သေးပါကြောင်း၊ ဒါပေမယ့် မိမိတို့ အသေချာပြောနိုင်သည့် အချက်တစ်ခုက ၃၄၉၅ ဧက သော ခြံစည်းရိုးဝင်းအတွင်း ခတ်ထားသည့်ကိစ္စသည် မည်သည့်နေရာတွင် မည်သည့် အဆောက်အဦဆောက်မည်၊ မည်သည့်လမ်းဖောက်မည်၊ မည်သည့်စက်ပစ္စည်း ကိရိယာများထားမည်၊ ဘယ်လို Corestate ထားမည်ဆိုသည်ကို မိမိတို့ ရှင်းလင်းစွာဖြေကြားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။