ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာအုပ်စုသည် ယခင်မြို့နှင့် နှစ်မိုင်ခန့်ကွာဝေးသော်လည်း ယခုအခါတွင် မြို့ကွက်တိုးချဲ့ခြင်းကြောင့် မြို့နှင့် တစ်ဆက်တစ်စပ်တည်းရှိသော ကျေးရွာအုပ်စု အဖြစ်သို့ရောက်ရှိလာပါသည်။ တောပုန်းကျေးရွာ အုပ်စု တောပုန်းရွာတွင် အိမ်ခြေ ၅၀၀ ကျော်နှင့် လူဦးရေ ၄၀၀၀ ကျော်ခန့်အပြင် ဘုန်းတော်ကြီး ကျောင်း နှစ်ကျောင်းရှိသော ကျေးရွာအုပ်စုတစ်ခုဖြစ်ပါသည်။ ရွှေကူမြို့နယ်သည် ယခုအခါ ၂၄နာရီ မီး ရရှိသော်လည်း တောပုန်းကျေးရွာမှ ပြည်သူများသည် ယနေ့အထိ လျှပ်စစ်မီးမရရှိသေးကြောင်း တောပုန်းကျေးရွာအုပ်စုမှ ဆရာတော်များနှင့် ပြည်သူတို့က တင်ပြတောင်းဆိုလာပါတယ်။ သို့ဖြစ်ပါ၍ တောပုန်းကျေးရွာအုပ်စုသို့ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့် အချိန်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် တောပုန်း ကျေးရွာအုပ်စုဟာ ရွှေကူမြို့မှ ၂ မိုင်ခန့် အကွာမှာ တည်ရှိပါတယ်။ တောပုန်း၊ မြောက်ရွာ၊ တောင်ကုန်း၊ ပင်စင်ကုန်း၊ တူးချောင်း၊ ရွှေဂဲကုန်း၊ ရေပျံကြီး၊ ရေပျံလေးစသော ကျေးရွာများဖြင့် တောပုန်းကျေးရွာအုပ်စုကိုဖွဲ့စည်းထားရှိခြင်း ဖြစ်ပါတယ်။ ရွှေဂဲကုန်း၊ ရေပျံကြီး၊ ရေပျံလေး စတဲ့ရွာများဟာ ယခင်ကတည်းက လျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်ပါတယ်။ တောပုန်းကျေးရွာ အုပ်စုအတွင်း မီးလင်းရန်ကျန်ရှိတဲ့ တောပုန်းမြောက်ရွာနှင့် တောင်ကုန်းကျေးရွာများကို ဓာတ်အား ပေးရန်အတွက် ရွှေကူမြို့မှ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၁၅၀၀ ပေ တိုးချဲ့ တည်ဆောက်ခြင်း၊ ၁၁.၄ ကေဗွီ၊ ၃၁၅ ကေဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။တူးချောင်းနှင့် ပင်စင်ကုန်း ကျေးရွာသို့ ၁၁ ကေဗွီလိုင်းဖြင့် ဓာတ်အားပေးရန်အတွက် ရွှေကူမြို့မှ တောပုန်းကျေးရွာသို့ဆွဲမယ့် ၁၁ ကေဗွီအေ ဓာတ်အားလိုင်းကနေပြီးတော့ ၁၁ ကေဗွီ ဓာတ်အားလိုင်း ပေ၁၀၀၊ ၁၁.၄ ကေဗွီ၊ ၁၆၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးနှင့် အဆိုပါ ထရန်စဖော်မာမှ ရွာနှစ်ရွာကို ၄၀၀ ဗို့ ဓာတ်အားလိုင်းမိုင်ဝက်စီ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ နိုင်ငံတစ်ဝန်းလုံး လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးနိုင်ရန်မှာ မဟာဓာတ်အားလိုင်းကြီးများ၊ ပင်မဓာတ်အားခွဲရုံကြီးများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလိုင်းများ၊ ဓာတ်အားဖြန့်ဖြူးရေးခွဲရုံများကို ဦးစားပေးအလိုက် ဆောင်ရွက်လျက်ရှိပါတယ်။ ကိုယ်စားလှယ်တော် ကြီးရဲ့မေးခွန်းပါ ကျေးရွာအတွက် ဆောလျင်စွာ လျှပ်စစ်ဓာတ်အားရရှိရန်အတွက် အခြားကိုယ့်အား ကိုယ်ကိုး မီးလင်းရေး ဆောင်ရွက်ခဲ့ကြတဲ့ ကျေးရွာများနည်းတူ ဒေသအာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အကြံပြုအပ်ပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ မူဘောင်သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးသွားမှာဖြစ်ပြီး လိုအပ်သောနည်းပညာများလည်း ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
