(င)-ပဲ၊ ပြောင်း၊ နှမ်း၊ ဝါအစရှိသည့် ကောက်ပဲသီးနှံ အထွက်တိုးမျိုးများကို ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၃.၁၀.၂၀၁၂)

[ဦးသန်းမြင့်၊ ဝမ်းတွင်းမဲဆန္ဒနယ်ကိုယ်စား ဦးသန်းစိုး၊ သာစည်မဲဆန္ဒနယ်မှ မေးမြန်းပါသည်။]

ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ်အစရှိတဲ့ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက် အထွက်တိုးမျိုးကောင်းများကို အချို့နေရာဒေသများ၌ တောင်သူကြီးများသည် ထိုင်း၊ တရုတ်၊ ထိုင်ဝမ်နိုင်ငံတို့မှလာသည်‌့ အထွက်တိုးမျိုးများကို ဈေးကြီး ပေးဝယ်ယူ စိုက်ပျိုးနေရကြောင်း သိရှိရပါတယ်။ အဆိုပါ အထွက်တိုးလိုအပ်ချက်များကို တိုင်း ဒေသကြီးနှင့် ပြည်နယ်ဒေသများရှိ မြို့နယ်များမှာ တောင်သူဦးကြီးများ အဆင်ပြေစေရန် စိုက်ပျိုးစေ ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရောင်းချရေးစခန်းများ၊ စိုက်ပျိုးရေး နည်းပညာပေးခြင်းများနှင့် သီးနှံအထွက်တိုးမျိုးများပြုလုပ်သည်‌့ သုတေသနလုပ်ငန်းများ နှင့် ထွက်ရှိသည်‌့သီးနှံများကို ပြန်လည်ရောင်းချရေးနှင့် စီစဉ်ပေးရေးများကို ဆောင်ရွက်ပေးရန်ရှိ၊ မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရှင်းလင်းဖြေကြားမှာဖြစ်ပါ တယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်လာစေရန်အတွက်  မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ရေးတာဝန် (Seed Production)၊  တောင်သူလယ်သမားများအား သိပ္ပံနည်းကျ ခေတ်မီစိုက်ပျိုး နည်းစနစ်များ လက်တွေ့ကျင့်သုံးစိုက်ပျိုး ဆောင်ရွက်နိုင်စေရန် လေ့ကျင့်ပညာပေးရေးတာဝန် (Training and Education)၊  အဆင့်မီ မျိုးကောင်းမျိုးသန့်မျိုးစေ့များအား စဉ်ဆက်မပြတ် ရှာဖွေထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်နှင့် သိပ္ပံနည်းကျ ခေတ်မီစိုက်နည်းစနစ်များကို သီးနှံအမည်၊ အမျိုးအစားအလိုက် ရှာဖွေဖော်ထုတ်ပေးနိုင်ရေး (Research and Development) တာဝန်တို့ဖြင်‌့ နိုင်ငံတော်တစ်ဝန်း ဖြန့်ကျက်ဆောင်ရွက် ပေးလျက်ရှိပါသည်။ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းသီးနှံမျိုးများကို တောင်သူ လယ်သမားများ အလွယ်တကူရရှိစိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိရာ အရည်အသွေး ကောင်း၊ အထွက်နှုန်းကောင်းသီးနှံမျိုးများအနေဖြင့် စပါးသီးနှံတွင် အထူးအထွက်တိုးပုလဲသွယ် စပ်မျိုးစပါးများကို နေပြည်တော်တိုင်းဒေသကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင်ပါ မျိုးစေ့ထုတ် စိုက်ပျိုးခြင်းလုပ်ငန်းများဆောင်ရွက်ပြီး မျိုးဖြန့်ဖြူးပေးခြင်းကို ၂၀၁၁-၂၀၁၂ ခုနှစ် မိုးစပါးရာသီမှပင် စတင်ဆောင်ရွက်ပေးပြီး မျိုးဖြန့်ပေးခြင်းကို ၂၀၁၁-၂၀၁၂ ခုနှစ် မိုးစပါးရာသီမှပင်စတင်ဆောင်ရွက် ပေးလျက်ရှိပါသည်။ လက်တွေ့ တောင်သူများစိုက်ပျိုးရာတွင် တစ်ဧကတင်း ၁၅၀ နှင့် ၂၀၀ ထွက်ရှိပြီး စီးပွားရေးအရ တွက်ချေကိုက်သည်‌့ ပုလဲသွယ် စပ်မျိုးစပါးများကို လက်တွေ့အောင်မြင်စွာထုတ်လုပ် နိုင်ခဲ့ကြပြီး စိုက်ပျိုးလိုကြသော ပြည်နယ်/တိုင်း ဒေသကြီးအသီးသီးရှိ တောင်သူများထံသို့ ၂၀၁၁- ၂၀၁၂ ခုနှစ် နွေစပါးရာသီတွင် ဧက ၁၀၀၀၀ ကျော်နှင့် ၂၀၁၂-၂၀၁၃ ခုနှစ် မိုးစပါးရာသီတွင် ဧက ၈၀၀၀၀ ကျော်စိုက်ပျိုးနိုင်ရန် မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၂- ၂၀၁၃ ခုနှစ် မိုးစပါးရာသီမှာ ပုလဲသွယ်စပ်မျိုးစပါး မျိုးစေ့ထုတ် ၆၃၈ ဧက စိုက်ပျိုးထုတ်လုပ်ထားပြီးဖြစ်ပါသည်။ ထို့နည်းတူ လက်ရှိဧရိယာအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော အရည်အသွေးကောင်း၊ အထွက် နှုန်းကောင်း၊ ဈေးကွက်အခြေအနေ ကောင်းသည့် အထွက်နှုန်းကောင်းတဲ့ အထွက်နှုန်းကောင်း OB မျိုးစပါးများကိုလည်း စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ မိဘမျိုးစေ့များမွေးမြူပြီး၊ စိုက်ပျိုးရေးဦးစီး ဌာနမှာရှိတဲ့ မျိုးသန့်ခြံများ၊ အကျိုးဆောင်တောင်သူများ၊ မျိုးသန့်စံပြရွာများကို ဆင့်ပွားမျိုးစေ့၊ မျိုးသန့်မျိုးပွားမျိုးစေ့၊ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ အဆင့်ဆင့်တို့ကိုထုတ်လုပ်လျက် ဗီဇသန့်မျိုးများဖြင့် ၃ နှစ် ၁ ကြိမ် မျိုးသန့်လဲလှယ် စိုက်ပျိုးခြင်း ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါ သည်။ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ စပါးသီးနှံကို မိဘမျိုးစေ့ (Reta Seed)၊ ဆင့်ပွားမျိုးစေ့ (Foundation Seed)၊ မျိုးသန့်မျိုးပွားမျိုးစေ့ (Register Seed) စတဲ့ စုစုပေါင်း ၂၁၆ ဧကတို့ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။ စပါးသီးနှံအထွက်ကောင်း မျိုးကောင်း မျိုးသန့် မျိုးစေ့များကို မိဘမျိုးစေ့၊ ဆင့်ပွားမျိုးစေ့၊ မျိုးသန့်မျိုးပွားမျိုးစေ့၊ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ များအား အဆင့်လေးဆင့်ဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ခြံ ၃၃ ခြံတွင် ဆင့်ပွားမျိုးစေ့နှင့် မျိုးသန့် မျိုးပွားမျိုးစေ့စုစုပေါင်း ၁၁၈၉၄၈ တင်းတို့ကို ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့တာဖြစ်ပါတယ်။ အစေ့ထုတ် ပြောင်းမျိုးများကို အထွက်ကောင်းမျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တပ်ကုန်းသုတေသနခြံတွင် မျိုးစေ့ထုတ် ၈၀ ဧက စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါသည်။ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်းမျိုးကောင်းမျိုးသန့်များ ပွားများ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ ဆီထွက်နှုန်း၊ အထွက်နှုန်းကောင်းတဲ့ ရေဆင်းစပ်မျိုးနေကြာမျိုးများ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတွင် စပ်မျိုးနေကြာ ၂၈ ဧက မြေပဲ၊ နှမ်း၊ အထွက်ကောင်းနေကြာမျိုးများကို မိဘမျိုးစေ့ ဆင့်ပွားမျိုးစေ့စုစုပေါင်း ၃၂ ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ခြံ ၉ ခြံကနေပြီး ရေဆင်းစပ်မျိုး(၁) နေကြာမျိုးစေ့ ၁၃၀၀ တင်းနှင့် အထွက်ကောင်းမြေပဲမျိုး ၉၉၅ တင်း ထုတ်လုပ်ဖြန်ဖြူးပေးခဲ့ပြီးပါသည်။ တစ်ဧကတင်း ၁၀၀ ကျော်ထွက်ရှိသော မြေပဲမျိုးများကို ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ကျွန်းတို့မှတင်သွင်းခဲ့ပြီး နေပြည်တော် ကောင်စီ နယ်မြေတွင် မျိုးသန့်မျိုးပွားဧက ၁၀၀ ခန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခုနှစ် ဆောင်းရာသီတွင် ဧက ၁၀၀၀၀ အထိ မျိုးသန့်မျိုးပွားစိုက်ပျိုး၍ တောင်သူများလက်ဝယ်သို့ ဖြန့်ဝေနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်းတင်ပြအပ်ပါတယ်။

ပဲမျိုးစုံသီးနှံကဏ္ဍတွင်လည်း အထွက်နှုန်းကောင်း အရည်အသွေးကောင်း ပဲမျိုးများကိုရွေးချယ် ထုတ်လုပ်ပြီး ဒေသနှင့်ကိုက်ညီဖြစ်ထွန်းအောင်မြင်သည့် မျိုးများကျယ်ပြန့်စွာစိုက်ပျိုးနိုင်စေရေး အတွက် ကျေးရွာအဆင့်အထိ မျိုးစေ့ဘဏ်များတည်ထောင်၍ စိုက်ပျိုးထုတ်လုပ်ပြီး ဒေသအတွင်း တောင်သူလယ်သမားများ မျိုးစေ့အလွယ်တကူရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ပဲပုပ်သီးနှံများကို မိဘမျိုးစေ့၊ ဆင့်ပွားမျိုးစေ့၊ မျိုးသန့်မျိုးပွားမျိုးစေ့များ စုစုပေါင်း ၁၂၁.၇၅ ဧက မျိုးကောင်းမျိုးသန့် ပွားများ ထုတ်လုပ်လျက်ရှိပါသည်။ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ခြံ ၄ ခြံမှလည်း အထွက်ကောင်းမျိုးကောင်း မျိုးသန့်များဖြစ်သည့် ပဲတီစိမ်း ၇၆ တင်း၊ မတ်ပဲ ၃၀၀ တင်းကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ထို့ပြင် အထွက်နှုန်း ၁ ဧက တင်း ၅၀ ကိုလည်း နေပြည်တော်ကောင်စီနယ်မြေတွင် ယခင်နှစ်မှစ၍ စမ်းသပ်မျိုးပွားထုတ်လုပ်လျက်ရှိပါသည်။ ဟင်းသီးဟင်းရွက်မျိုးကောင်းမျိုးသန့်ဖြစ်သည့် ရုံးပတီ၊ တိုင်ထောင်ပဲ၊ တိုင်လွတ်ပဲ၊ ခဝဲ၊ သခွားမွှေး၊ သခွား၊ ဗူး၊ ချဉ်ပေါင်၊ ခရမ်း၊ ငရုတ်၊ ပြောင်းချို စုစုပေါင်း ၆၆၄ ကီလိုကိုလည်း ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်းမှာ စိုက်ပျိုးရေးဦးစီးဌာန ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ သုတေသသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) မှ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ထို့ပြင် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် တစ်ဧကတန် ၆၀ အထက်ထွက်ရှိနိုင်သော အထူးထွက်နှုန်း ကောင်းမျိုးကောင်းမျိုးသန့် ကြံ ၈ မျိုး ၁၈၀၃၆၀ တန်နှင့် တစ်ဧကပိဿာ ၁၀၀၀ ကျော်ထွက်ရှိ နိုင်သော အထွက်ကောင်းချည်မျှင်ရှည်ဝါမျိုး ၁၁၁၅၀ ပိဿာတို့ကိုလည်း ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။ တောင်သူဦးကြီးများ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေး ကောင်း၊ အထွက်နှုန်းကောင်း သီနှံမျိုးများကို မျိုးစေ့များအလွယ်တကူ ရရှိစိုက်ပျိုးနိုင်ကြစေရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းများအပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သီးနှံအလိုက်မျိုးစေ့များ လုံလောက်စွာထုတ်လုပ်ပွားများ ဖြန်ဖြူးနိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍမှ  မျိုးစေ့ထုပ်လုပ်ငန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးကို လည်း အားပေး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ကျယ်ပြန့်စွာထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်မှာ ပုဂ္ဂလိကအခန်းကဏ္ဍ၊ အသင်းအဖွဲ့အစည်းများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်သည်ဖြစ်ရာ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများအနေဖြင့်လည်း မိမိဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ ပုဂ္ဂလိကလုပ်ငန်းများ ပေါ်ထွန်းလာအောင် တွန်းအားပေးဆောင်ရွက်ပါက ပိုမိုအောင်မြင်လာနိုင်မည် ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

သီးနှံများစိုက်ပျိုးထုပ်လုပ်ရာတွင် အထွက်နှုန်းတိုးမြှင့်ရရှိစေရေးအတွက် လိုက်နာဆောင်ရွက် ရန်လိုအပ်သည့် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကိုလည်း သီးနှံအလိုက် စံပြစိုက်ခင်းများ တည်ထောင်၍ လက်တွေ့လေ့လာမှုဖြင့် ပညာပေးဆောင်ရွက်ခြင်း၊ ပြည်နယ်တိုင်းဒေသကြီးများ အားလုံးတွင်လည်း ပညာပေးသင်တန်းများဖြင့် လေ့ကျင့်ပြန့်ပွားပေးခြင်း၊ လက်တွေ့စံပြစိုက်ခင်းများ တည်ထောင်၍ ကိုယ်တိုင်မြင်သိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းစသည့် နည်းလမ်းအသွယ်သွယ်ဖြင့် နည်းပညာများဖြန့်ဖြူးပေးလျက်ရှိပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး များ၊ ပြည်နယ်များတွင် ခရိုင်မြို့နယ်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာပေး ရှေ့တန်းစခန်းများ ဖွင့်လှစ်ထားရှိပညာပေးခြင်း၊ ပညာပေးစိုက်ခင်းကြီးများ စိုက်ပျိုးပြသခြင်း၊ ၁၀ ဧက တစ်ဆက်တစ်စပ်တည်း သိပ္ပံနည်းကျစံပြစပါးစိုက်ခင်းများနှင့် မြို့ဝင်မြို့ထွက် ဧက ၁၀၀ သိပ္ပံနည်းကျ စံပြစပါးစိုက်ခင်းများကိုလည်း လက်တွေ့စိုက်ပျိုးပြသပညာပေး ဆောင်ရွက်လျက်ရှိပါသည်။ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင်‌့ လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကို အလေးထားဆောင်ရွက်နေသည်ဖြစ်ရာ စပါးသီးနှံတွင် သီးနှံမျိုးအသစ်ဖြစ်သော အထူးအထွက်တိုး ပုလဲသွယ်စပ်မျိုးစပါးစိုက်ပျိုးရေးကို တောင်သူလယ်သမားများ ဝင်ငွေတိုးမြှင့်ရရှိစေရေး အကျိုးငှာ ကျယ်ပြန့်စွာ စိုက်ပျိုးလာနိုင်စေရေးနှင့် ဈေးကွက်ခိုင်မာမှုရရှိလာစေရေးအတွက် မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်း၊ ဧရာဟင်္သာဆန်စပါးအထူးပြုကုမ္ပဏီနှင့်ညှိနှိုင်းပေါင်းစပ်၍ သတ်မှတ်ဈေးနှုန်းဖြင့် ကြိုတင်ဝယ်ယူရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် အခြားဆန်စက်လုပ်ငန်းရှင်များမှ လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ အခြေခံဥပဒေပုဒ်မ ၃၅ တွင် နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်သဖြင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် အသင်းအဖွဲ့များ၊ ကုမ္ပဏီ များက စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါသည်။

အလားတူ ၁၈ ရက်နေ့က လွှတ်တော်ဥက္ကဋ္ဌကြီးမေးထားတဲ့ မေးခွန်းကိုလည်း ဒီနေ့ ကျွန်တော် တစ်ပြိုင်နက်ဖြေဆိုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်ခင်ဗျား။ လွှတ်တော်ဥက္ကဋ္ဌကြီးမေးထားတဲ့ အပြည်ပြည်ဆိုင်ရာဆန်စပါးအသင်း (International Rice Association) ဖြစ်တည်မှုနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့မှာကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပထမနေ့အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအား မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာဆန်စပါးအသင်း (International Rice Association) အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီးပါသလား။ အဖွဲ့ဝင်ဖြစ်ပါက အဖွဲ့ဝင်အဖြစ်ဝင် ရောက်ရန် နှင့်ပတ်သက်၍မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ဆန်စပါး အသင်းတွင် အဖွဲ့ဝင်ဖြစ်ပြီးပါသလား မေးမြန်းချက်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ရှင်းလင်းတင်ပြ အပ်ပါတယ်။ ဆန်စပါးဆိုင်ရာအသင်းအဖွဲ့နှင့်ပတ်သက်၍ ဆန်အရန်ထားရှိမှု၊ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ နည်းပညာနှင့် သုတေသနဟူ၍ ကဏ္ဍအသီးသီးရှိရာတွင် နည်းပညာနှင့်သုတေသနကဏ္ဍနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာဆန်စပါးဌာန (International Rice Research Institute) တို့မှာ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိပြီး Philippine နိုင်ငံမှာရှိတဲ့  Research Institute နှင့်ပတ်သက်ပြီးတော့ မြန်မာနိုင်ငံနှင့်ဆက်စပ်ပြီး မျိုးကောင်းမျိုးသန့်များ၊ မျိုးသစ်များ ရယူဆောင်ရွက်လျက် ရှိပါကြောင်းတင်ပြအပ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ စပါးမျိုးရိုင်းများ အဖွဲ့အစည်း (International Wild Rice Association) ဖွဲ့စည်းထားရှိသော်လည်းပဲ ကမ္ဘာမှာ မြန်မာနိုင်ငံအနေနှင့် ထိုအဖွဲ့အစည်းမှာ ပါဝင်ခြင်းမရှိသေးကြောင်း တင်ပြအပ်ပါတယ်။ ဆန်အရန် ထားရှိမှုနှင့်ပတ်သက်လို့ မြန်မာနိုင်ငံဟာ အာဆီယံ+သုံးနိုင်ငံ အရေးပေါ်ဆန်အရန်ရိက္ခာ( ASEAN +3 Emergency Rice Reserve - APTERR) ၏အဖွဲ့ဝင်အဖြစ်ပါဝင် လက်မှတ်ရေးထိုးထားပြီး အဆိုပါ စာချုပ်ကိုအတည်ပြု Ratify ပြုလုပ်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအနေနဲ့ လက်မှတ်ရေးထိုး ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။  APTERR ကို အာဆီယံ+သုံးနိုင်ငံများအတွက် ရိက္ခာဖူလုံမှုအာမခံချက်ရရှိရေးနှင့် မမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ် တစ်စုံတစ်ရာကျရောက်လာပါက ဒေသအတွင်း အရေးပေါ်ဆန်အရန်ရိက္ခာ ဖြည့်တင်းထောက်ပံ့ ကူညီပေးနိုင်ရန် ရည်ရွယ် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ဆန် Metric တန်ချိန် ၁၄၀၀၀ ကို အရေးပေါ်‌ဆန်အရန်အဖြစ် သတ်မှတ်ဖြည့်ဆည်းပေးတာဖြစ်ပါတယ်။ သို့သော် ထုတ်လုပ်မှု ကုန်သွယ်မှုနှင့် ဆက်စပ်သော အပြည်ပြည်ဆိုင်ရာဆန်စပါးအသင်း (International Rice Association) ကို နိုင်ငံတကာမှာ ဖွဲ့စည်းထားခြင်းမရှိသေးပါကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ဆန်တင်ပို့ရောင်းချသူများအသင်း (International Rice Exporters Association) ဟူ၍လည်း ဖွဲ့စည်းထားခြင်းမရှိသေးကြောင်း တင်ပြအပ်ပါတယ်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း (Myanmar Rice Industries Association-MRIA) နှင့် မေးမြန်းစုံစမ်း ခြင်းအရ ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်ရောင်းချသောနိုင်ငံများအဖွဲ့ (Organization of Rice Exporting Countries - OREC) ဟူ၍ အာဆီယံနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံတို့ဖြင့် ဖွဲ့စည်းသင့်ကြောင်းကို ထိုင်းနိုင်ငံမှ မကြာခဏအဆိုပြုကြောင်း ကမ္ဘာ့ရေနံ တင်ပို့ရောင်းချသော နိုင်ငံများအသင်း (Organization of Petroleum Exporting Countries –OPEC) ကဲ့သို့ Cartel ဖွဲ့စည်းပြီး ဈေးကွက်နှင့် ဈေးနှုန်းကိုရောင်းချသူများမှ စိတ်ကြိုက်ချယ်လှယ် ဆုံးဖြတ်နိုင်မည့် Seller Market အဖြစ်တည်ထောင်နိုင်ရန် ထိုင်းနိုင်ငံမှအဆိုပြုခြင်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ဗီယက်နမ်၊ မြန်မာနိုင်ငံတို့မှ ဈေးလျှော့ရောင်းရခြင်းကို ကာကွယ်နိုင်ရန်အတွက် ၎င်းတို့ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးအတွက် အဆိုပြုခြင်းဖြစ်ပါကြောင်းသိရှိရပါသည်။ ထို့အပြင် ယင်းအဆိုပြုချက်ဟာ အမျိုးသားယှဉ်ပြိုင်နိုင်မှုစွမ်းအား (National Competitiveness) ကျဆင်း စေနိုင်သောကြောင့် ဗီယက်နမ်မှ ယနေ့တိုင်လက်ခံခြင်းမရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (International Rice Research Institute - IRRI) နှင့် အပြည်ပြည်ဆိုင်ရာစပါးမျိုးရိုင်း အဖွဲ့အစည်း (International Wild Rice Association) သာဖွဲ့စည်းထားရှိပါကြောင်း၊ ဆန်တင်ပို့မှုကို နိုင်ငံများက မိမိတို့ဘာသာ လွတ်လပ်စွာတင်ပို့ရောင်းချပါကြောင်း အတည်ပြုချက်ရရှိထားပါသည်။ သို့ဖြစ်ပါ၍ လက်ရှိအ‌ြခေအနေတွင် ဆန်စပါးကုန်သွယ်မှုနှင့် တင်ပို့မှုဆိုင်ရာ နိုင်ငံတကာ ဆန်စပါး အသင်းမျိုးမရှိသေးပါကြောင်းနှင့် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်သည်‌့ အဖွဲ့အစည်းများ သာရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။