ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မြို့ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းသည် ပင်မကျောင်းဖြစ်သော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေကူမြို့နှင့် ဧရာဝတီမြစ်၏တစ်ဖက် အရှေ့ဘက်ကမ်း ၁၂ မိုင်ခန့် ကွာဝေးနေသဖြင့် မြို့ကုန်းကျေးရွာမှ ၈ တန်း အောင်ကျောင်းသူကျောင်းသားများသည် အထက်တန်းပညာ ဆက်လက်သင်ကြားနိုင်ရန် လမ်းပန်း ဆက်သွယ်ရေးခက်ခဲခြင်း၊ ခရီးကွာဝေးခြင်း၊ မြစ်တစ်တန်၊ ချောင်းတစ်တန်၊ ကုန်းတစ်တန်၊ ရေတစ်တန် ဖြင့်သွားလာမှုခက်ခဲခြင်းတို့ကြောင့် ပင်မကျောင်းအထက (၁) ရွှေကူမြို့သို့ မသွားနိုင်ပါ။ ၎င်းအခြေခံ ပညာအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းသားအဆင့် ၃၀ ဦး၊ အလယ်တန်းကျောင်းသား အဆင့် ၂၅၇ ဦးရှိပါတယ်။ သို့ဖြစ်ပါ၍ ယင်းကျောင်းသူကျောင်းသားများ ပညာဆက်လက်သင်ကြား နိုင်ရန်အတွက် မြို့ကုန်းရွာအခြေခံပညာအလယ်တန်းကျောင်းကို အထက်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ဖွင့်လှစ်ခွင့်ရမှသာလျှင် ပညာဆက်လက်သင်ကြားနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် မြို့ကုန်း ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းကို အခြေခံပညာအထက်တန်းကျောင်းခွဲအဖြစ် သတ်မှတ် တိုးမြှင့်ပေးရန်အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် တိုးမြှင့်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာသင်ယူမှုအခွင့်အလမ်း ပိုမိုရရှိရေးအတွက် ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ကျောင်းအသစ်ဖွင့် လှစ်ခြင်းများကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အထိ ၄ နှစ် တာကာလအတွင်း စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။ ယခုတင်ပြတဲ့ ရွှေကူမြို့နယ်၊ မြို့ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှာ အလယ်တန်းအဆင့်ကျောင်းသား ၂၅၇ ဦး သာရှိကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် လောလောဆယ် အခြေခံပညာအထက်တန်းကျောင်းခွဲအဆင့် တိုးမြှင့်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။
